တူတော်မောင် - ၁၀

တူတော်မောင်က ဆုရလို့ ကြွားတယ်။ ကြီးတော်က ဖေ့ဘွတ်နဲ့ ဘလော့မှာ ထပ်ကြွားတယ်။ သူ့နာမည်က အဲလက်စ် မဟုတ်တော့ဘူး မိုက်ကယ်ဂျက်ဆင်ကို အားကျလို့ မိုက်ကယ်လို့ ပြောင်းထားတယ်တဲ့။ ဆုရလို့ ဘာလိုချင်လဲမေးတော့ ဂျော်ဒန်အဲယားဖိနပ် လိုချင်တယ်။ သူ့ဖိနပ်ဆိုဒ်က ဘယ်လောက်မှန်း မသိဘူးတဲ့။ သူလိုချင်တဲ့ဖိနပ်ပုံတွေကို အင်တာနက်ကနေ ရှာပို့တယ်။ သူပို့တာတွေက ဒေါ်လာ ၅၀၀ ကျော်။ သား ကိုယ့်ပိုက်ဆံရှာနိုင်တဲ့အခါ ကြိုက်တာဝယ်။ ကြီးကြီးတို့ကတော့ ဒေါ်လာ ၅၀ ပဲ ဝယ်ပေးနိုင်မယ်။ အင်တာနက်မှာရှာတော့ သူလိုချင်တာတွေမတွေ့။ ဖိနပ်ဆိုဒ်မတော်တာ၊ အရောင်မကြိုက်တာတွေ ဖြစ်မှာနဲ့ ပိုက်ဆံပေးလိုက် သူကြိုက်တာ ဝယ်ပါစေလို့ အဖေက အကြံပေးတယ်။ ပိုက်ဆံတသိန်း ပေးလိုက်တာ သူကြိုက်တဲ့ဖိနပ်ဝယ်တယ်။ ဖိနပ်ဆိုဒ်က ကြီးပေမဲ့ ဝယ်လာတယ်။ ခြေထောက်ကြီးလာမှာနဲ့ အတော်ပဲပေါ့။ အရောင်လေးကလဲလှတယ် အရမ်းကြိုက်တယ်။ အတုပေမဲ့ ကောင်းတဲ့အတုတဲ့။ ဖိနပ်က သုံးသောင်း၊ ခြေအိတ်က ခြောက်ထောင်။ ဆိုင်မှာ လိုချင်တာမရလို့ ငိုယိုနေသေးတယ်တဲ့ ကြီးတော်ခင်စန်းနဲ့တူတာ။ အခုတော့ ဂျော်ဒန်အဲယားဖိနပ်ကို ခရေစီဖြစ်နေတယ်။ သူပြောမှပဲ အဲ့ဖိနပ်တွေ အဲ့လောက်စျေးကြီးမှန်းသိတယ်။ ကိုယ့်မွေးနေ့ဆုတောင်းကဒ်မှာတောင် Tesla ၊ mansion ၊ iPhone ၊ Jordan air shoes ရပါစေလို့ သူလိုချင်တာတွေကို ဆုတောင်းပေးနေတယ်။

စန်းထွန်း

ဒီဇင်ဘာ ၂၃၊ ၂၀၂၃။

No comments: