နွေဦးတော်လှန်ရေး - ၃၆

၂၀၂၃ စက်တင်ဘာ ၉ စနေနေ့ နေ့လည် ၂ နာရီကနေ ၅ နာရီအထိ စိန့်ဂျိမ်းဘုရားရှိခိုးကျောင်းမှာ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးအောင်ကြည်ညွန်နဲ့ နယူးယောက်မြန်မာမိသားစု တွေ့ဆုံပွဲကျင်းပတယ်။ ဘုန်းကြီးကျောင်းက အဖေ့ဘော်ဒါတွေလည်း လာမယ်ဆိုလို့ သွားကြတယ်။ OUR AMBASSADOR, OUR VOICE. UN Credentials Campaign ၂၀၂၃ စက်တင်ဘာ ၁၆ စနေနေ့ နေ့လည် ၁ နာရီကနေ ၅ နာရီအထိ ကျင်းပတယ်။ ယူအန်ရုံးနားက ပန်းခြံကနေ စတင်လမ်းလျှောက်တာ တိုင်းစကွဲမှာ အဆုံးသတ်တယ်။ ယူအန်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ခန့်ထားဖို့ အရေးကြီးလို့ တခြားနယ်ဖက်ကနေလာပြီး ပူးပေါင်းပါဝင်ချီတက်ကြတယ်။ မေရီလန်းဖက်က ကားကြီးတွေနဲ့ လာကြတာ။ နေ့လည် ၁ နာရီကနေ ၃ နာရီခွဲလောက်က မိန့်ခွန်းတွေပြောကြတာ။ ညနေ ၃ နာရီခွဲလောက်မှာ လမ်းလျှောက်မှာမို့ ညနေ ၂ နာရီခွဲလောက်မှာလာတယ်။ ကိုယ်က တောင်သွားတက်ရင် အိမ်သာမသွားဘဲ ၆ နာရီလောက် နေနိုင်ပေမယ့် အဖေက ခဏခဏရှူးပေါက်ချင်တော့ လူကြီးတွေနဲ့ အပြင်ထွက်ရတာ မလွယ်ဘူး။ သိပ်မကြာဘူး ထမင်းထုပ်တွေဝေတော့ ဗိုက်မဆာပေမဲ့လည်း မြန်မာမုန့်အချိုတွေစား။ မိတ်ဆွေတွေနဲ့ စကားပြော၊ ကြွေးကြော်သံတွေတိုင်လိုက်။ ချီတက်လမ်းလျှောက်ကြတော့ အမေက လမ်းမြန်မြန်မလျှောက်နိုင်လို့ ပြေးလိုက်ကြတယ်။ ဗွီအိုအေက ကိုအောင်အောင် သတင်းလာယူတယ်။ အဖေတို့က သံအမတ်ကြီးနဲ့ ဓာတ်ပုံရိုက်တယ်။ လူအားလုံး နိုင်ရာတာဝန်ယူရင် တော်လှန်ရေးမြန်မြန်ပြီးမယ်။

အရေးတော်ပုံ အောင်ရမည်

စန်းထွန်း

ဒီဇင်ဘာ ၂၇၊ ၂၀၂၃။

No comments: