နွေဦးတော်လှန်ရေး - ၂၁

၂၀၂၂ သြဂုတ် ၇ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၇ နာရီခွဲ။ ၃၄ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် ချီတက်ပွဲ နာမည်ကျော် ဘရွှတ်ကလင်းတံတားကို ဖြတ်ကျော်လမ်းလျှောက် ချီတက်ပွဲ။ လမ်းလျှောက်သူတွေနဲ့ အမြဲကြိတ်ကြိတ်တိုးနေတဲ့ ဘရွှတ်ကလင်းတံတား လူသွားလမ်းတခြမ်းကိုပိတ်ပြီး ချီတက်ကြတယ်။ လမ်းဖြတ်ကူးတဲ့အချိန် NYPD ရဲတွေက မီးပွိုင့်ကို တားပေး လုံခြုံရေးတာဝန် ယူပေးတယ်။ မနှစ်တုန်းက လူတထောင်ကျော်၊ ဒီနှစ်တော့ ၅၀၀ လောက်ရှိတယ်။ ဆန္ဒပြပွဲ၊ စျေးရောင်းပွဲတိုင်းပါတဲ့ လူတွေကို မှတ်မိနေပြီ။ ဟိုကမ်းပိန်းလည်း ဒီလူတွေပဲ ဒီကမ်းပိန်းလည်း ဒီလူတွေပဲ ထောက်ပို့ကြတယ်။ လူတိုင်း တယောက်တဆယ် လတိုင်းထောက်ပို့ရင် တော်လှန်ရေး နိုင်ပါတယ်။ လူတိုင်းပါဝင် ထောက်ပို့ဖို့၊ ကလစ်ကြဖို့ လိုပါတယ်။ တော်လှန်ရေးအတွက် ဘာမှမပါဝင် အားမထုတ်ဘဲ တော်လှန်ရေး ဘယ်တော့နိုင်မလဲလို့ လာမေးရင် သိပ်အသည်းယားတာပဲ။ စနေနေ့က ၈၈၈၈ စျေးရောင်းပွဲမှာ PRF အတွက် ထောက်ပို့ငွေကောက်၊ တနင်္ဂနွေနေ့ကျတော့ ၈၈၈၈ ချီတက်ပွဲ။ ပွဲတွေများလို့ ပင်ပန်းသွားတယ်နဲ့တူတယ် နောက်အပတ် သောကြာနေ့ကျတော့ ရင်ဘတ်မှာ မိတ်ဖုတွေတွေ့လို့ ဆရာဝန်ဆီ သွားရတော့တာပဲ။ ကိုယ်က မိတ်ဖုထွက်တတ်တဲ့သူမှ မဟုတ်ဘဲ။ လုပက်ကြောင့် ဖြစ်တာ ပင်ပန်းလို့ ကိုယ်ခံအားကျရင် အဲ့လိုမီးလောင်ဖုလို ထွက်လာတော့တာပဲ။ ဒီတခါတော့ မိတ်ဖု၊ အင်ပြင်ထသလိုဖြစ်တာ။ Shingles ဖြစ်တယ်ထင်နေတာ Hives တဲ့။ ထင်တဲ့အတိုင်း လုပက်စ်ကြောင့် ဆေးတပတ်လောက်သောက်ရင် ပျောက်သွားတယ်။ သူဌေးရောဂါ စိတ်ပင်ပန်း၊ လူပင်ပန်းလို့ မရဘူး။ လုပ်နိုင်ရဲ့သားနဲ့ လုပ်သင့်လုပ်ထိုက်တာမှန်း သိရဲ့သားနဲ့ လုပ်တာ မလုပ်တာကတော့ ကိုယ့်သဘောပါ။ ခေတ်ဝန်ကိုထမ်းရတဲ့သူတွေမို့ ကျရာတာဝန်ကို လုပ်နိုင်သလောက်လုပ်ပြီး လိပ်ပြာလုံချင်ပါတယ်။ မှားနေတာကိုလည်း မပြောရဲ မှန်တဲ့ဖက်လည်း မရပ်တည် ကျရာတာဝန် မထမ်းတဲ့သူမျိုးတော့ မဖြစ်ပါရစေနဲ့။

အရေးတော်ပုံ အောင်ရမည်

စန်းထွန်း

ဇန်နဝါရီ ၁၆၊ ၂၀၂၃။

No comments: