ယိုးဒယားသွား တောလား - ၃

၂၀၂၂ ဧပြီ ၂၆ အင်္ဂါနေ့ မနက်ဖက် ဘာမင်ဂရပ်ဆေးရုံကိုသွားတော့ ကားသမားက လမ်းမှားပြီး တခြားနေရာရောက်သွားတယ်။ ရောက်တော့မယ် ဆေးရုံနဲ့နီးနေပြီလို့ သိပေမဲ့ ဘယ်လိုမောင်းချလိုက်လဲမသိ ရောက်ပြီဆိုတော့မှ နေရာမှားမှန်းသိတယ်။ ဘန်ကောက်မှာ တက္ကစီငှားရတာ အဆင်မပြေဘူး။ အင်္ဂလိပ်လို၊ ထိုင်းလိုရေးပြီး ပြတာတောင် မှားဖြစ်အောင် မှားသေးတယ်။ သုဝဏ္ဏဘူမိလေဆိပ်ပဲ မမှားတာ ကျန်တာအကုန်မှားတယ်။ သူငယ်ချင်းက ယူအက်စ်ဗီဇာကို ဘန်ကောက်မှာ လာလျှောက်တာ တလလောက် ဘန်ကောက်မှာ သောင်တင်နေတယ်။ ဘန်ကောက်မှာ တက္ကစီငှားတာ ခက်တယ် Grab နဲ့ငှားလည်း အဆင်မပြေဘူး ပြောတုန်းက ဟုတ်ပါ့မလားပေါ့။ ခုတော့ ဟုတ်ပါ့ သွေးထွက်အောင် မှန်လိုက်တာ။ ရထားစီးရတာ ကြိုက်တယ်။ သွေးဖောက်၊ X-ray ရိုက်။ ဒီကြားထဲ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ သွားမေးတာ ဘတ်တထောင်ကျော် ကျမယ်တဲ့။ အလကားထိုးပေးတဲ့နေရာရှိတယ်ဆိုလို့ အင်တာနက်ကနေ လိုက်ရှာ။ စကားပြန်မြန်မာကောင်လေးကို မေးကြည့်တော့ ဘယ်ပလာဇာမှာလဲမသိ အလကားထိုးပေးတယ်တဲ့။ ဘာမင်ဂရပ်ဆေးရုံမှာ ဆေးလာကုတဲ့မြန်မာများလို့ မြန်မာဌာနတောင် ရှိတယ်တဲ့။ ဆေးရုံမှာ နေ့လည်စာစား ထိုင်းမှာ ဘယ်နေရာမဆို အစားအသောက် တော်တော်ကောင်းတာပဲ။ အပြန်ကျတော့ အဖေတို့ပင်ပန်းနေတာနဲ့ တက္ကစီငှားတာ အဝေးကြီးရောက်ပြီးမှ မှားမှန်းသိတယ်။ ဒီလောက် ဂူဂယ်မတ်၊ မတ်တော့မီ apps တွေနဲ့ ကြည့်နေတာတောင်။ ကားပိတ်လို့ ဟိုင်းဝေးဖက်ကနေ ပတ်မောင်းတယ် ထင်နေတာ။ တက္ကစီသမားကလည်း ယိုးဒယားလိုပြော အင်္ဂလိပ်လို ရေးပြတဲ့ apps နဲ့ ပြန်ပြောတယ်။ ဆေးရုံက ကားကြီးကြပ်တဲ့ကောင်လေး ညွှန်တဲ့အတိုင်း မောင်းတာတဲ့။ အဲ့ဒီကောင်လေးညွှန်လို့ မှားတာ နှစ်ခါရှိပြီ။ မသိရင်လည်း မသိဘူး ပြောတာမဟုတ်ဘူး။

ညနေစောင်းကျတော့ အိုရှန်းမော မရောက်ဖူးသေးလို့ မကြီးက လိုက်ပို့ပေးတယ်။ တူတော်မောင်ကိုလည်း လိုက်မလားမေး သူလိုချင်တဲ့ ဂျုံမှုန့်၊ ကော်မှုန့်တွေ၊ ဆေးတွေ ဝယ်ပေးမယ်ဆိုတော့ ချက်ချင်းကို ထလိုက်တာ။ ကိုဗစ်ကာလမို့လို့ လမ်းဘေးဆိုင်တွေ ပိတ်ထားလို့ လမ်းကတော်တော်ရှင်းနေတယ်။ ဘုရားမှာ ဝတ်ပြုသူတွေ စည်ကားတယ်။ ယိုးဒယားတွေ ဘာသာတရား ကိုင်းရှိုင်းတယ်။ ယိုးဒယားအက သာယာငြိမ့်ငြောင်းတယ်၊ အဲ့ဒီနေရာမှာ ဗုံးပေါက်မှု ဖြစ်တာတဲ့။ ဂုံးကျော်တံတားအတိုင်းလျှောက်၊ ဟိုဖက်ဒီဖက်ကူး။ စူပါမားကတ်ဆိုင်ထဲမှာ စားစရာတွေ၊ တူတော်မောင် လိုချင်တာတွေဝယ်။ ည ၉ နာရီကျော်တော့မှ ရထားနဲ့ အိမ်ပြန်ကြတယ်။ တူတော်မောင် စပ်စုချိန်က ခြေထောက်က ခွေခေါက်နေပြီ လမ်းမလျှောက်ချင်ဘူး အိမ်ပြန်ချင်တယ်လို့ မညည်းဘူး လူကြီးတယောက်လိုပဲ။ သူ့ကို ဒီလောက် ခရီးသွားဖို့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ရထားပေါ်မှာလည်း ဘယ်ဘူတာမှာ ဆင်းရမယ်၊ ဘယ်နှစ်ဘူတာ လိုသေးလဲ ကြည့်ထားဆို ကြည့်နေတယ်။ ဘူတာကနေ ဟိုတယ်ပြန်တဲ့လမ်းလည်း မှတ်မိတယ်။ သူ့အမေကို ဖုန်းဆက်ပါဆိုတာ မဆက်ဘူး။ အိမ်နဲ့ အမေနဲ့ တခါမှမခွဲဘူးတဲ့ ကလေးပေမဲ့ ခရီးသွားလို့ အတော်အဆင်ပြေတာပဲ။ နောက်နေ့ ဘယ်တွေသွားကြလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ ဒီပို့စ်တင်တဲ့အချိန် နယူးယောက်မှာ ကိုပေါက်ရဲ့ မိုးခါးရေ ရုံတင်ပြသလို့ လက်မှတ်စစ်တဲ့နေရာမှာ ဗော်လန်တီယာ တာဝန်ယူထားပါတယ်။ တွေ့ခဲ့ရင် လာနှုတ်ဆက်လို့ ရပါတယ်နော်။

Happy Travelling!
စန်းထွန်း

No comments: