ယိုးဒယားသွား တောလား - ၄

၂၀၂၂ ဧပြီ ၂၇ ဗုဒ္ဓဟူးနေ့ မနက်ဖက် ဘာမင်ဂရပ်ဆေးရုံမှာ ပိုက်ဆံရှင်း။ အမေ့ရဲ့သွေးစစ်တဲ့ အဖြေရလာဒ်ကို ဆရာဝန်က ကောင်းတယ်တဲ့။ အဖေ့အလှည့်ကျတော့ အတော်စောင့်ရတယ်။ ဆရာဝန်က ညနေ ၄ နာရီလောက်မှ လာမယ်ပြောတော့ ငါတို့လေယာဥ်ကညနေ ဆရာဝန်ကို ညနေအထိ မစောင့်နိုင်ဘူး။ သွေးစစ်တဲ့အဖြေရလာဒ်ကို တခြားဆရာဝန်နဲ့ ကြည့်ပေးပါလို့ တောင်းဆိုတော့ ဝန်ထမ်းတယောက်က သိပ်မလုပ်ပေးချင်ဘူး။ ကံကောင်းချင်တော့ တယောက်က အသေအချာစီစဥ်ပေးတယ်။ နေ့လည် ၁ နာရီဆိုတော့ တူတော်မောင်ကို နေ့လည်စာလိုက်ကျွှေး။ ဘာစားချင်လဲမေးတော့ မက်စီဒေါနယ် စားချင်တယ်တဲ့ မက်ဒေါနယ်ကိုပြောတာ။ ကိုယ်ကလည်း fast food တွေမစားတော့ သိပ်မသိ တူတော်မောင်ကလည်း ဂျီးကခပ်များများဆိုတော့ ဝယ်ရတာ တော်တော်ကြာတယ်။ သူက သူ့အိမ်မှာ ဘာမှမလုပ် သူ့အမေ သူ့ကြီးဒေါ်ကို အကုန်ခိုင်းတဲ့သူ။ ကိုယ်က အသေအချာပြောပြ စောင့်ကြည့်ပြီး သူ့ကို အကုန်ခိုင်းတယ်။ အဖေက နှလုံးသွေးကြောထဲက အဆီတွေကို ထိန်းထားနိုင်တယ်။ သောက်နေတဲ့ ဆေးလေးမျိုးထဲက တမျိုးကဘာလို့သောက်တာလဲ။ ဘာလို့သောက်ရတာလဲ မသိဘူး ဆရာဝန်က သောက်ခိုင်းလို့သောက်တာ။ အဲ့ဒီဆေးကို မသောက်နဲ့တဲ့ ဆေး၂မျိုး အမြဲသောက်ပြီး လိုတော့မှ တတိယဆေးကိုသောက်တဲ့။ မြန်မာပြည်က ဆရာဝန်တွေ အဲ့လိုပဲ ဆေးတွေအများကြီးသောက်ခိုင်း ထစ်ခနဲဆို ခွဲမယ်ဆိုတာကြီးပဲ။ အသိတယောက်ရဲ့အမေဟာ လမ်းမလျှောက်နိုင်လို့ ဝှီးချဲနဲ့။ စင်္ကာပူမှာပြတော့ ဆရာဝန်က သောက်နေတဲ့ဆေးတွေ အကုန်ဖြတ်လိုက်တာနဲ့ လမ်းထလျှောက်တော့တာပဲ။ စကားပြန်မြန်မာကောင်လေးကို မေးကြည့်တော့ ပလာဇာမှာ ကိုဗစ်ကာကွယ်ဆေး အလကားထိုးပေးတယ်ဆိုလို့ ပလာဇာဆီ တက္ကစီနဲ့သွား။ ကိုဗစ်စင်တာမှာ လူသိပ်မရှိဘူး သိပ်မကြာခင် ပိတ်တော့မယ်။ ပလာဇာကနေ ပြီးတော့ နာမည်ကျော်ပလက်တီနမ်မောလ်ကို တုတ်တုတ်စီးပြီးသွားတာ နေ့လည်ချိန်မို့ ပူလိုက်တာ။ အသားကင်ရင် မီးဖိုမှာ ကင်စရာမလိုဘူး။ အပြင်မှာထားရုံနဲ့တင် ကျက်သွားလောက်တယ်။ အရီဇိုးနားပြည်နယ် Antelope Canyon တုန်းကလည်း အသေပူတာ မီးဖိုနားနေရသလိုပဲ။ ကိုဗစ်ကာလမို့လို့ စျေးဆိုင်တွေ သိပ်မရှိဘူး။ အဖေက သူ့အတွက် ချည်သားရှပ်အင်္ကီျလေးတွေဝယ်။ သူ့ညီတွေ၊ သူငယ်ချင်းတွေ၊ အလုပ်သမားတွေအတွက် ဘန်ကောက်ပြန်လက်ဆောင် ရှပ်အင်္ကီျဆယ်ထည် ဝယ်တယ်။ မြန်မာဆိုင်တွေက အားပေးပါဦးလို့ လှမ်းခေါ်ကြတယ်။ တူတော်မောင်အတွက် တီရှပ်တွေဝယ်တယ်။ အမေက ဒေါက်မြှင့်ဖိနပ်တရံပဲဝယ်ဖို့ အတင်း၂ရံဝယ်ခိုင်း။ ကိုယ်တို့ငယ်ငယ်တုန်းက ကျောင်းသား၃ယောက်ဆိုတော့ အဖေနဲ့အမေမှာ အင်္ကီျသိပ်မရှိဘူး။ ခုတော့ ကိုယ်တို့တွေလည်း အရွယ်ရောက် ထောက်ပံ့စရာမလိုတော့ဘူးဆိုတော့ ခုမှအတိုးချပြီး အမေက လိုချင်တာဝယ်တယ်။ ဒစ်စကောင့်မချ သားသမီးမျက်နှာမကြည့်ဘဲ လိုချင်တဲ့စလင်းဘတ်အိတ်နှစ်လုံး ဆွဲချဝယ်တဲ့ အမေတွေအကြောင်းကြားရရင် ကိုယ့်မိဘတွေကို သိပ်ကျေးဇူးတင်တာပဲ။

ပလက်တီနမ်မောလ်မှာ ကြက်ကြော် ယိုးဒယားသဘေင်္ာသီးထောင်းစား။ ဘန်ကောက်က အစားအသောက် သိပ်ကောင်းတာပဲ။ ပြီးတော့ မောလ်တခုစီလမ်းလျှောက်ပြီး အဖေ့အတွက် Uniqlo က ဘောင်းဘီ၊ တူတော်မောင်အတွက် ဘောင်းဘီ၊ အမေ့အတွက် ဘောင်းဘီဝယ်တယ်။ လျှောပင်းမောလ်က ကြီးလွန်းလို့ Zara ဆိုင်ကို ဝန်ထမ်းတယောက်က ကားလေးမောင်းပြီး လိုက်ပို့ပေးတယ်။ ညီမဝမ်းကွဲလိုချင်တဲ့ အိတ်က စျေးမချ သူလိုချင်တဲ့ အရောင်လည်းမရှိ။ မြန်မာပြည်ကလူတွေကို လက်ဆောင်ပေးရတာ သိပ်ခက်တာပဲ။ စျေးချတဲ့ဟာ ကိုယ်ပေးချင်တဲ့ဟာဆို သူတို့ကမကြိုက် သူတို့ကြိုက်တဲ့ဟာတွေကျတော့ ကိုယ်ကမပေးနိုင်။ အမေရိကားကဝေးတော့ ပို့ခစျေးကြီးတော့ ကိုယ့်ဆီက သိပ်မတောင်းကြဘူး။ မကြီးကတော့ အဲ့ဒီဒဏ်တွေ အများကြီးခံရတာပေါ့။ ကိုယ်ကလက်ဆောင်ပေးချင်ရင် ဘာလိုချင်လဲမေးလိုက်တယ်။ မကြီးက သင့်တော်တာဝယ်ပေး ကိုယ်ကကျသင့်ငွေ ပေးရုံပဲဆိုတော့ အဲ့ဒါတွေသိပ်မသိဘူး။ လက်ဆောင်ပေးရတာ အတော်ဦးနှောက်စားတာပဲ။ စျေးဝယ်ပြီးတော့ ပင်ပန်းလို့ ရေခဲမုန့်သွားစားတယ်။ ဆိုင်က နာမည်တော်တော်ကြီးတယ် တော်တော်စားကောင်းတယ်။ တူတော်မောင်က အီးပါချင်တာ ချုပ်ထားလို့ အိမ်သာထဲလိုက်ပို့။ အိမ်သာထဲကျတော့လည်း မဝင်လို့ ဝင်ပါ မပါပါဘူးဆို မဝင်ဘူးနဲ့ ငြင်းနေကြတာ မြန်မာသန့်ရှင်းရေးအမက သူအတူတူလိုက်ဝင်ပေးမယ်ဆိုတာတောင် မဝင်ဘူးတဲ့။ သားအမိလား မေးနေလို့ တူဝရီးလို့။ ဝမ်းချုပ်တာတော့ သူ့ကြီးတော်ကြီး မကြီးနဲ့တူတယ် တနေရာသွားတော့မယ် လူရှိတယ်ဆို ဝမ်းမသွားတော့ဘူး။ မကြီးက တယောက်တည်း ညစာသွားဝယ်တာကို တူတော်မောင်က စိတ်မချလို့ လိုက်ချင်တယ်။ သူ့အဘိုးအဘွားတွေကို ထားခဲ့ရမှာလည်း စိတ်မချဘူးနဲ့ ဗျာများနေတာ အတော်ရယ်ရတယ်။ တမျှော်မျှော်နဲ့ စိတ်ပူတတ်တာကတော့ သူ့အဘိုးအတိုင်းပဲ။ နောက်နေ့ အယုဒ္ဓယသွားလည်တဲ့အကြောင်းကတော့ နောက်အပတ်မှပဲ တင်ပါတော့မယ်။


Happy Travelling!

စန်းထွန်း

အောက်တိုဘာ ၂၉၊ ၂၀၂၂။

ဆြာကြီး သူ့ဘာသာ ဆယ်ဖီဆွဲထားတာ
သိချင် စပ်စုချင် ရှေ့ဆုံးကနေ ချီတက်နေတာ
မနည်းပြုံးခိုင်းရတယ်
အတော်ကောင်းတဲ့ ရေခဲမုန့်ဆိုင်

No comments: