ယိုးဒယားသွား တောလား - ၅

၂၀၂၂ ဧပြီ ၂၈ ကြသပတေးနေ့ အယုဒ္ဓယကို သွားလည်တယ်။ အယုဒ္ဓယက ဘန်ကောက်နဲ့ တနာရီခွဲလောက်ပဲ ဝေးပြီး ဟိုတယ်ကနေ စီစဥ်ပေးတာပါ။ ရှေးဟောင်းဘုရား အပြိုအပျက်တွေက ပုဂံနဲ့တူတယ်။ ဒါပေမဲ့ ပုဂံက ပိုလှပိုခမ်းနားတယ်။ အပူချိန်တော်တော်ပြင်းတယ်။ လှေကားအမြင့်ကြီးကိုတက်ပြီး အလယ်ပစ္စယာကနေ တက်ကြည့်တယ်။ တူတော်မောင်က လှေကားထစ်တွေအတိုင်း ရှေ့ကနေဆင်းနေတာ ပြုတ်ကျမလားနဲ့ ကိုယ်ကရင်တဒိတ်ဒိတ် စိတ်ပူနေတယ်။ မကြီးကို လက်တွဲပြီးဆင်းခိုင်းတော့လည်း ဒင်းကလည်း အတွဲမခံဘူး။ ကိုယ့်ဘာသာ ဆင်းမယ်ဆိုတာချည်းပဲ။ မကြီးက စိတ်မပူနဲ့ သူတို့က ကိုယ့်ထက်ပိုသိတယ်ပြောမှ စိတ်အေးသွားတယ်။ ပထမဆုံးတွေ့တဲ့ဆိုင်ကနေ မမီးနဲ့မခိုင်အတွက် ယိုးဒယားထမီ လက်ဆောင်ဝယ်တယ်။ ဘုရင်ကိုးကွယ်လို့ နာမည်ကြီးတဲ့ ဘုန်းကြီးကျောင်းလည်း ရောက်တယ်။ နေ့လည်စာစားပြီး မိုးကသည်းသည်းမဲမဲရွာလို့ နာရီဝက်လောက် စားသောက်ဆိုင်မှာ ထိုင်စောင့်လိုက်ရတယ်။ မိုးနည်းနည်းစဲတာနဲ့ ဝတ်မဟာသတ်ဘုရားကျောင်းကို သွားတယ်။ ဘုရားရုပ်တုက အပင်ထဲကနေ ထိုးထွက်ပေါ်နေတယ်။ ယိုးဒယားလို ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းက ဝတ် wat ဆိုတော့ ဝတ်အာရွန်၊ ဝတ်မောင်း။ တူတော်မောင်ကတော့ Wat Muang သွားချင်တယ်ဆိုတာချည်းပဲ။ ကိုယ်တွေကလည် Wat Muang ဘယ်မှာမှန်းမသိ။ ကားဆရာ လိုက်ပို့ပေးချင်တဲ့ ဘုန်းကြီးကျောင်းက ပိတ်ထားတယ်။ မချောက အယုဒ္ဓယက ဝယ်လာတဲ့ wind chimes က အသံသာတယ်ဆိုလို့ ကားဆရာက Google Translate အကူအညီနဲ့ မေးကြည့်တာ စူပါမားကဒ်မှာတော့ ရှိလိမ့်မယ် လိုက်ပို့ပေးမယ်တဲ့။ တကူးတကတော့ လိုက်မပို့ပါနဲ့ လမ်းကြုံမှပဲပို့ပါ။ ကိုယ်တို့ရောက်တဲ့အချိန် ဘုရားကျောင်းက ပိတ်တော့မှာမို့ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ်။ ကားဆရာက လမ်းဘေးကဆိုင်မှာ wind chimes ရှိလား မေးကြည့်ပေးတယ် မရှိဘူး။ အတော်ကြီးတဲ့ လျောင်းတော်မူဘုရားကြီးကို နောက်ဆုံးဝင်လည်ပြီး ဘန်ကောက်ပြန်တယ်။ အပြန်လမ်းမှာ ကားလမ်းတော်တော်ကြပ်တာပဲ။ ဘန်ကောက်ကားလမ်းပိတ်တာ ကြားဖူးပေမဲ့ ကိုယ်တိုင်ကြုံမှပဲ အတော်ဆိုးမှန်း သိတော့တယ်။ ကားက ရွှေ့ကိုမရွှေ့တော့တာ ကိုယ်၊ တူတော်မောင်၊ အမေကတော့ ကားပေါ်မှာ အိပ်ပျော်သွားတယ်။ တူတော်မောင်ကတော့ တရေးနိုးလာတိုင်း ဘန်ကောက်ရောက်ပြီလား မေးတယ်။ ဘေးကအိမ်တွေကြည့် အိမ်ခြေစိပ်လာပြီဆိုရင် ဘန်ကောက်နဲ့နီးလာပြီ။ တိုက်အမြင့်ကြီးတွေ၊ မြေပေါ်ရထားလမ်း၊ ကားအများကြီးတွေ့ရင် ဘန်ကောက်ရောက်ပြီလို့ ပြောထားတယ်။ နောက်တခါ ဘန်ကောက်ရောက်ပြီလားလို့မေးရင် ကိုယ်ကသူ့ကို ဘန်ကောက်ရောက်ပြီလားလို့ ပြန်မေးလိုက်တယ်။ မြဘုရားသွားလည်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Travelling!

စန်းထွန်း

နိုဝင်ဘာ ၅၊ ၂၀၂၂။

No comments: