ပြတိုက်...
ပြတိုက် ထိုစကားလုံးနှင့် သူစိမ်းပြင်ပြင် ရှိနေရာမှ မိတ်ဆွေသူငယ်ချင်းကဲ့သို့ အကျွှမ်းတဝင် ရှိလာခဲ့သည်မှာ လွန်ခဲ့သောတစ်နှစ်ခန့်က ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ အလယ်တန်း၊ အထက်တန်း ကျောင်းသားများသည် နွေရာသီပိတ်ရက်များတွင် ကမ့်ထွက်ခြင်း၊ ပြတိုက်၊ မြို့ကြီးများသို့ လေ့လာရေးခရီးများ ထွက်ကြသည့် အစီအစဉ်များ ရှိသော်လည်း မိခင်နိုင်ငံတွင် ထိုကဲ့သို့ မရှိ။ နယ်မြို့မှာမို့လို့ မရောက်ဘူးဟု ဆိုရအောင်လည်း ကျွန်မ သူငယ်ချင်း မြို့ကြီးသူစစ်စစ်များလည်း မူလတန်း၊ အထက်တန်းကျောင်းသားအရွယ်တွင် ပြတိုက်မရောက်ဘူးခဲ့။ ဒါဆို တက္ကသိုလ်ကျောင်းသားအရွယ်မှာ ပြတိုက်ရောက်ဖူးပြီးလားဟု မေးပါက အသက် ၃၀ ကျော်မှ ပြတိုက်သို့ ရောက်ဖူးသည်ဟု ဖြေလျှင် အံ့သြသွားမည်လားမသိ ။ ပြတိုက်ဆိုသည်မှာ ဝင်ကြေးပေးရသော၊ ရှေးဟောင်းပစ္စည်းများ ပြသထားသော၊ နိုင်ငံခြားသား၊ ပညာရှင်များသာ သွားရောက်လည်ပတ်ကြသော၊ စိတ်ဝင်စားစရာမရှိ ပျင်းရိဖွယ်ကောင်းသော နေရာတစ်ခုဟုသာ တွေးမိသည်။
ကျွန်မ သူငယ်ချင်းများနှင့် ကျွန်မကိုယ်တိုင် ပြတိုက်သွားဖို့ထက် လျှော့ပင်းမောလ်၊ ရုပ်ရှင်ရုံ၊ ဘုရား၊ ပန်းခြံ၊ စာအုပ်ဆိုင် သွားဖို့လောက်သာ စိတ်ကူးသည်။ တကျွှန်းနိုင်ငံတွင် သမ္မတအိမ်တော် Istana သို့ သွားရောက်လည်ပတ်ကြသည့် သူငယ်ချင်းများ၏ ဓာတ်ပုံများကို မြင်ရသောအခါ သွားရောက်လည်ပတ်ချင်သော်လည်း ဝင်ကြေးပေးရသည်ဟု ဆိုသောအခါ တွန့်ဆုတ်သွားသည်။ ဝင်ကြေးပေးစရာမလိုသည့် သာယာအေးချမ်း စိမ်းစိုလှသည့် ပန်းခြံများ၊ တောတောင်များကိုသာ လည်ပတ်ဖို့ စိတ်အားထက်သန်ခဲ့သည်။ စတိတ်တွင် ကျောင်းတက်ရသည့် မြို့ငယ်လေးသည် တက္ကစီမရှိ၊ ဈေးဝယ်ခြမ်းရန် ဝေါမတ်စတိုးတစ်ခုသာ ရှိသည်။ နာရီဝက်အဝေးတွင်ရှိသည့် အော်တိုဝါမြို့၊ တနာရီခွဲ အဝေးတွင်ရှိသည့် အိုင်အိုဝါတက္ကသိုလ်ရှိသည့် အိုင်အိုဝါစီးတီးမြို့၊ အိုင်အိုဝါပြည်နယ်မြို့တော် ဒက်စ်မွိုင်းမြို့များတွင် ပြတိုက်။ ရုပ်ရှင်ရုံ၊ လျှော့ပင်းမောလ်များ ရှိသော်လည်း ကားမောင်းလိုင်စင်မရှိသေးသလို စုပေါင်းစပ်ပေါင်း ဝယ်ထားသည့် ကားဖွက်ချက်လေးသည် ဆူနမ်တို့ဆီသို့ ဘယ်သောအခါမှ ရောက်မလာခဲ့။
Iowa State Capitol, Des Moines,  Capital of Iowa State
ကျောင်းစရောက်ပြီး မကြာမှီ အိုင်အိုဝါပြည်နယ်၏မြို့တော် ဒက်စ်မွိုင်းသို့ ကျောင်းမှ လိုက်ပို့ပေးသည်။ ရွှေရောင်အမိုးခုံးဖြင့် အိုင်အိုဝါစတိတ်ကယ်ပီတယ် အဆောက်အဦးသည် ခန့်ညားလှပသည်။ ပါပါဂျွှန်ပန်းပုပန်းခြံတွင် ပန်းပုဆရာ ပေးချင်သော မက်ဆေ့ကို ရဖို့ထက် ပန်းပုရုပ်များဖြင့် ဓာတ်ပုံရိုက်ဖို့လောက်သာ စိတ်ဝင်စားသည်။ ရာသီဥတုက မိုးရွာမည်ဟု ခန့်မှန်းထားရာ ဆူနမ်တို့က အိုင်အိုဝါစီတီးပန်းခြံသို့ မလိုက်။ သူငယ်ချင်းကို ခင်မင်ကြောင်း ပြသချင်တာလား၊ မိုးရေ စိုစိုစွတ်စွတ်နဲ့ မလည်ပတ်ချင်တာလား။ ဘာကြောင့်မှန်းတော့မသိ ထိုခရီးစဉ်ကို ကျွန်မ မလိုက်ပါခဲ့။ သုံးနှစ်ကျော်ကြာသည့်နောက် ယခုအခါမှ ထိုခရီးစဉ်တွင် မလိုက်ပါခဲ့သည်ကို နောင်တရမိသည်။ နာမည်ကြီးသည့် ထိုပန်းခြံကို နောက်တစ်ကြိမ် ထပ်ရောက်မည့် အခွင့်အရေး အင်မတန် နည်းပါးလှသည်။
ကန်တက်ကီပြည်နယ်တွင် အလုပ်ရသည့်အခါ သူစိမ်းပြင်ပြင် မြို့အသစ်၊ အလုပ်အသစ်၊ လူအသစ်၊ နယ်မြေအသစ်နှင့် အကျွှမ်းတဝင် ဖြစ်အောင် သုံးလခန့် အချိန်ယူရသည်။ ထိုပထမသုံးလသည် စိတ်အပင်ပန်းဆုံး၊ အခက်ခဲဆုံး ရက်ရှည်များ ဖြစ်သည်။ ရုံးသူရုံးသား၊ အိမ်ရှင်မိသားစုဖြင့် အသိအကျွှမ်း ဖြစ်လာသော်လည်း သူငယ်ချင်းအသစ် ရှိမလာသည့်အခါ ကျောင်းနေဖက်သူငယ်ချင်း ညီအစ်မများဖြစ်သည့် ဆူနမ်၊ မိုင်းဖန်တို့ရှိသည့် မိုင် ၁၀၀ ကား  ၂ နာရီ မောင်းရသည့် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ဆီ လည်ပတ်ဖို့သာ စိတ်အားထက်သန်သည်။
ဆူနမ်တို့ဆီ သွားလျှင် ပန်းခြံ၊ ပြတိုက်တို့ထက် အရေးကြီးသော စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လျှော့ပင်းမောလ်တို့ကိုသာ သွားရောက်သည်။ ဆိုင်းမဆင့် ဗုံမဆင့် ကန်တက်ကီအလုပ်မှ လေးအောဖ့်ခံရပြီး ဆူနမ်၊ ရာမားတို့ရှိရာ မေရီလန်းသို့ ပြောင်းရွှေ့ရဖို့ ဖန်လာသောအခါ ကန်တက်ကီရုံးမှ ဆူပါဗိုက်ဆာက နောက်တခေါက် ပြန်လာဖို့ ခက်လိမ့်မယ်။ လူဝီဗီလ်မှာ ရှိနေတုန်း ကန်တက်ကီဒါဘီပြတိုက်၊ လူဝီဗီလ်ဆလပ်ဂါးပြတိုက်တွေကို သွားရောက်လည်ပတ်သင့်သည်ဟု အကြံပေးသည်။ ကားမောင်းလိုင်စင်ဖြေရန် ပယ်ရလယ်ပါကင်း နေ့စဉ်လေ့ကျင့်သော်လည်း လိုင်စင်ရပြီးသည့်နောက် ပယ်ရလယ် ပါကင်းမလိုသည့်နေရာတွင် တစ်နှစ်ခန့် မောင်းပြီးသောအခါ ပယ်ရလယ်ပါကင်းထိုးရမည်ကို အသေကြောက်သည်။
Papajohn Sculpture Park, Des Monies, Capital of Iowa State
မန်ဆက်ချူးဆက်ပြည်နယ် ဂလော့ချက်စတာ မြို့လယ်ခေါင်တွင် ပယ်ရလယ်ပါကင်း လေးခါထိုးသော်လည်း ချောချောမွေ့မွေ့ မဖြစ်။ ဆူနမ် ပယ်ရလယ်ပါကင်း ထိုးနေချိန် သူ့ကားကို ဘယ်တော့များ ဝင်ပွတ်လေမလဲဟု ကားပိုင်ရှင်ခမျာ ရင်တမမ ဖြစ်နေရာ ဆိုင်ထဲတွင် စားသောက်နေရာမှ မနေသာတော့ဘဲ ကူထိုးပေးရန် ဆိုင်ထဲမှ ပြေးထွက်လာလေသည်။ သန်းခေါင်ယံ ဘော့စတွန်မြို့လယ်ကောင်တွင် ပယ်ရလယ်ပါကင် လေးခါထိုးသော်လည်း အံမဝင်ဘဲဖြစ်ရာ အံ့အားသင့်ရသည်မှာ စောင့်နေသောကားများသည် ဟွန်းမတီးဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြခြင်း ဖြစ်သည်။ ကားမောင်းတတ်စ ငတိမလေးတွေ ပယ်ရလယ်ပါကင်း မကျွှမ်းဘဲ မြို့လယ်ခေါင်မှာ လာမောင်းနေတာ ဒုက္ခပါပဲဟု တွေးပုံရသည်။
လူဝီဗီလ်မြို့လယ်ခေါင်တွင် ပယ်ရလယ်ပါကင် ထိုးရမည်ကို ကြောက်လျှင် ကားကို တနေရာတွင် ထားခဲ့ကာ ဘတ်စ်ကားစီးသွား၍ ရသည်။ ပယ်ရလယ်ပါကင်ကြောင့်မဟုတ်ဘဲ ပြတိုက်ကို သွားရကောင်းမှန်းမသိ၊ သွားချင်စိတ် မရှိသောကြောင့် ဖြစ်သည်။ ဆူပါဗိုက်ဆာစကား မှန်လှသည်။ လူဝီဗီလ်မြို့ဆီသို့ နောက်ထပ်တစ်ကြိမ် သွားရောက်လည်ပတ်ဖို့ ဆိုသည်မှာ ဖြစ်နိုင်ချေ အင်မတန် နည်းလှသည်။ ပြတိုက်ဆိုသည့် စကားလုံးနှင့် ရင်းနှီးကျွှမ်းဝင်သည်မှာ လွန်ခဲ့သောနှစ်နှစ် ခရစ်စမတ် အခါသမယတွင် ဖြစ်သည်။ ၂၀၁၂ ဒီဇင်ဘာတွင် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမှ ရာမားနေထိုင်ရာ မေရီလန်းပြည်နယ်သို့ ဆူနမ် ပြောင်းရွှေ့သွားရာ အားလပ်ရက်ပိတ်ရက်များတွင် ဆူနမ့်ဆီ သွားလည်ပတ်လေ့ရှိသော ကျွန်မမှာ ငေါင်စင်းစင်း ဖြစ်ကျန်ခဲ့လေသည်။ ကန်တက်ကီမှ မေရီလန်းသို့ မိုင် ၆၀၀ ကား ၈ နာရီ မောင်းရရာ အိုမင်းနေသော စီးတော်မြင်းသည် ထိုမျှလောက် ခရီးနှင်ဖို့ အင်အားချည့်နှဲ့လွန်းသည်။
ခရစ်စမတ်၊ နှစ်သစ်ကူးချိန်တွင် သူငယ်ချင်း၊ မိသားစုမရှိ တစ်ယောက်တည်း ယောင်တောင်တောင်ဖြစ်နေမှာ သူတို့ဆီ လာလည်ပါလားဟု ဆူနမ်တို့က ဖိတ်ခေါ်သောအခါ ခွင့် ၃ ရက် ယူရုံမျှဖြင့် အားလပ်ရက် ၁၁ ရက်ရရာ သွားရောက်လည်ပတ်သည်။ ခရစ်မမတ်နေ့တွင် အိမ်ဖြူတော်၊ မိုးနူမတ်ကျောက်တိုင်း၊ ဒုတိယကမ္ဘာစစ်အမှတ်တရ၊ ကယ်ပီတယ်ဆီ သွားရောက်လည်ပတ်သည်။ နှင်းမကျသောနေ့များတွင် ဝါရှင်တန်ဒီစီမြို့တော်ဆီသို့ တကိုယ်တော် တိုးရစ်သည်။ နေရှင်နယ်ဝါရှင်တန်ကက်သီဒရယ် ဘုရားရှိခိုးကျောင်း၊ လိုင်ဘယ်ရီအော့ဖ် ကွန်ကရက်၊ ယူအက်စ်ကယ်ပီတယ်၊ ဝါရှင်တန်ဘော်တနစ်ဂါးဒင်းတို့ကို လည်ပတ်သည်။ ဝါရှင်တန်ဒီစီမှ ပြတိုက်များ၊ နေရာတော်တော်များများသည် အခမဲ့ဖြစ်သည်။
Mount Vernon, Virginia
အာကာသပြတိုက်တွင် နေစကြာဝဋ္ဌာ၊ လပေါ်သို့ လူသားတို့ စတင်ဆင်းသက်ပုံ၊ မားစ်ဂြိုလ်ပေါ် လေ့လားစူးစမ်းပုံ၊ အာကာသယဉ်၊ အာကာသယာဉ်မှုးဝတ်စုံများ ပြသထားရာ အာမမ်ဂတမ်၊ ဂရပ်ဖစ်တီကဲ့သို့အာကာသရုပ်ရှင်များကို စိတ်ဝင်စားသော ကျွန်မ ထိုပြတိုက်များမှ မခွာနိုင်။ အမျိုးသားသမိုင်းပြတိုက်သည်ကား အထပ်လေးထပ်ရှိပြီး တကမ္ဘာလုံးမှ တိရစ္ဆာန်များကို ကျင်လည်ကျက်စားနေထိုင်ရာ ပတ်ဝန်းကျင်ပုံစံတူဖြင့် ပြသထားရာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ ဒိုင်နိုဆော၊ မြေဆီလွှာ၊ ကျောက်လွှာ၊ ကျောက်မျက်ရတနာ ပြခန်းများလည်း ရှိသည်။ မြန်မာပြည်မှ ပတ္တမြား၊ မြ၊ ကျောက်စိမ်းတို့ကို တွေ့ခဲ့သည်။
ဝင်ကြေး ၅ ကျပ် ပေးရသော လိပ်ပြာပြခန်းတွင် လိပ်ပြာများက ပုခုံးပေါ်လာနားကာ လိပ်ပြာရောင်စုံများကို နီးနီးကပ်ကပ် မြင်ရသည်ကို လူတိုင်း သဘောကျ ကျေနပ်ကြသည်။ အမျိုးသားပန်းချီပန်းပုပြတိုက်တွင် ပြသထားသော ပန်းပုရုပ်များမှာ လက်ရာပြောင်မြောက်လွန်းလှသည်။ ပန်းချီများသည် အလင်းအမှောင် ပိုင်နိုင်ပြီး ပုံစံတူပန်းချီများမှာ အသက်ဝင်လှပြီး တကယ့်သက်ရှိအလား ထင်ရသည်။ ပန်းချီပါရမီမရှိသော်လည်း ပန်းချီကားအလှကို ငွေ့ငွေ့လေး ခံစားမိသည်။ ထိုအချိန်မှစ၍ ပြတိုက်ဆိုသည်မှာ သွားရောက်လည်ပတ်လေ့လာသင့်သော နေရာဖြစ်သည်ဟု သဘောပေါက်သွားသည်။
နယူးယောက်ပြတိုက်များသည် ဝါရှင်တန်ဒီစီပြတိုက်များကဲ့သို့ အခမဲ့မဟုတ်သောကြောင့် သွားရောက်လည်ပတ်ဖို့ တွန့်ဆုတ်သလို မနှစ်ကဆောင်းတွင်းသည် အင်မတန်ဆိုးရွားလှသော ဆောင်းရာသီဖြစ်ရာ တဆောင်းတွင်းလုံး ဘယ်မှမသွားဖြစ်။ အိမ်ထဲ မနေချင်အောင် သာယာလွန်းသော နွေဦးရက်များတွင် သူငယ်ချင်းမရှိသော်လည်း Meet up အဖွဲ့များတွင် ပါဝင်ကာ  လမ်းလျှောက်ဖြစ်သည်။ ပထမဦးဆုံးအကြိမ် ပါဝင်သည်က အက်စ်စတိုးရီးယားတခွင် ၆ မိုင် ၃ နာရီ လမ်းလျှောက်ကြခြင်း ဖြစ်သည်။ လူ အယောက် ၆၀ ခန့်ပါဝင်သည်။ မက်ဟန်တန်တွင် တိုးရစ်အုပ်လိုက် တွေ့ရသည်မှာ မထူးဆန်းသော်လည်း တိုးရစ်မရှိသော အက်စ်စတိုးရီးယားတွင် တိုးရစ်အုပ်လိုက် တွေ့ရသည်မှာ ထူးဆန်းနေသည်။ စားသောက်ဆိုင်များက ဘယ်နိုင်ငံက လာတာလဲဟု ဝိုင်းဝန်းမေးမြန်း စပ်စုကြသောအခါ နယူးယောက်ကပဲဟု ဖြေလျှင် အံ့အားသင့်သွားကြသည်။
National Gallery of Art, Washington, DC (District of Columbia)
လမ်းလျှောက်သောကြောင့် ကိုယ်လက်လှုပ်ရှားမှု ဖြစ်သလို မရောက်ဖူးသည့် နေရာများကို ရောက်ဖူး၊ သိကျွှမ်းရသည့်သူများ၏ အတွေ့အကြုံများကို နားထောင်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ ဒုတိယအကြိမ် သွားရောက်သည်က လူးဝစ်အမ်းစရောင်းအိမ်ပြတိုက် ဖြစ်သည်။ ကျွန်မက လကမ္ဘာတွင် ပထမဆုံး လမ်းလျှောက်သော အမေရိကန်အာသာယာဉ်မှုး အမ်းစရောင်းဟု ထင်နေသည်။ ထိုအခါ ဘိုလီဗီးယားနိုင်ငံသူ ယူအန်တွင် အလုပ်လုပ်သည့် အန်တီက အဲဒါ Neil Armstrong ၊ အခု သွားမှာက အမေရိကန် ဂျဇ် လေမှုတ်တူရိယာတီးတဲ့သူ Trumpeter ၊ အမေရိကန် စိတ်နှလုံးကောင်း သံတမန်၊နိုင်ငံပေါင်းစုံတွင် သီဆိုခဲ့သည့် အဆိုတော် လူးဝစ်အမ်းစရောင်း။ ၁၉၆၀ တုန်းက အရမ်းနာမည်ကြီးတာ Summer Time သီချင်းဆို နာမည်ကြီး ။ S..u...m...m...e...r....T...i...m...e (အသံနေ အသံထားနှင့်ပါ ဆိုပြသည်)။ ကျွန်မ မသိပါ ဂျဇ်ဆိုလျှင် နော်ရာဂျူန်း၏ Come away with me ၊ Don't know why လောက်သာ သိသည်။
အီတလျံသား မိုက်က နောက် အမ်းစရောင်းတစ်ယောက် ရှိသေးတယ်။ Tour de France ချန်ပီယံ ခုနစ်ဆု ပိုင်ရှင်လေ။ ခုတော့ တားမြစ်ဆေးသုံးစွဲလို့ ချန်ပီယံဆုတွေသိမ်း တရားဆိုင်နေရတယ်။ သြော် ...အမ်းစရောင်းတွေ များပါ့။  ပြတိုက်ဝင်ကြေးမှာ ၁၀ ဖြစ်သော်လည်း လူ ၁၀ ယောက်အထက်ဆိုလျှင် အုပ်စုဒစ်စကောင့်ရသောကြောင့် ၆ ကျပ်သာ ပေးရသည်။ လူးဝစ်အမ်းစရောင်းအိမ်ပြတိုက်သည် သာမာန်ရပ်ကွက်ထဲက မထင်မရှား အိမ်လေးမျှသာဖြစ်သည်။ အင်္ဂလန်ဘုရင်ကိုယ်တိုင် ချီးမြှင့်ထားသော ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် Trumpet ကို သူငယ်ချင်းအား ပေးပစ်လိုက်သည်အထိ အပေးအကမ်း ရက်ရောလှသူ ဖြစ်သည်။ ဧည့်ခန်း၊ အလုပ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ ဧည့်သည်ခန်း၊ ဘုရားခန်း အကြာင်းကို ဂိုက်မှ ရှင်းပြပြီး အမ်းစရောင်း၏ စကားသံ၊ သီချင်းသံများကို နားဆင်ရသည်။
မွေးစာရင်းမရှိသောကြောင့် သူ့ကိုမွေးတဲ့အချိန်တုန်းက မီးရှုးမီးပန်းဖောက်နေတယ်ဆိုသော စကားကြောင့် ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့ကို သူ့မွေးနေ့ဟုထင်ကာ မွေးနေ့ပွဲကျင်းပခဲ့ရာ သူကွယ်လွန်ပြီးမှ တွေ့ရသည့်မွေးစာရင်းအရ သူ့မွေးနေ့သည် သြဂုတ်လ၏ တခုသောရက်တွင် ဖြစ်သည်။ သို့ပါသော်လည်း သူ့မွေးနေ့အထိမ်းအမှတ် ဂျက်ဂီတပွဲတော်ကို ထို ၂ ရက်လုံးတွင် ကျင်းပရာ နာမည်ကြီးဂျဇ်ဂီတပညာရှင်များ လာရောက်ဖျော်ဖြေကြသည်။ အနီးပတ်ဝန်းကျင်အိမ်များမှာ လက်မှတ်ဝယ်စရာမလို  လမ်းမပေါ် ခုံလေးတစ်ခုချကာ အေးအေးလူလူ နားဆင်နိုင်သည်။
National Gallery of Art, Washington, DC. 
အမ်းစရောင်း၏ အလုပ်ခန်းပြတင်းပေါက်မှ လမ်းမသို့ ငေးကြည့်ရင်း သူ့သီချင်းထဲမှ စာသားဖြစ်သည့်  I hear babies crying ဆိုသည့်စာသားလေးမှာ တကယ်လည်း ထိုအိမ်မှနေ၍ ကလေးငိုသံ  ကြားခဲ့ရပြီး စပ်ဆိုခဲ့ပုံပေါ်သည်။ အိမ်ဆိုသည်မှာ မေတ္တာမြစ်တို့ မြစ်ဖျားခံရာဖြစ်သောကြောင့် ထိုအိမ်ကလေးမှ ဖြန့်ဝဖန်တီးလိုက်သည့် သီချင်းသံများကို ဝမ်းမြောက်ပီတီဖြစ်စွာ နားဆင်ရသည်။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်က ဂန္တဝင်ဂီတပညာရှင် ထိတွေ့ကိုင်တွယ်ခဲ့သည့် နေရာများနှင့် မတော်တဆ ထိတွေ့မိပြီး လက်ဆွဲများ နှုတ်ဆက်မိလေသလား။
ဗြိတိသျှထံမှ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်၊ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်၏ စံအိမ်ဖြစ်သော ဗာဂျီးနီးယားပြည်နယ် မောက်ဗာနွန်သို့ သွားရောက်လည်ပတ်စဉ် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က တည်ဆောက်ထားခဲ့သည့် ထိုစံအိမ်ကို မပျက်မစီး ထိန်းသိမ်းထားနိုင်သည်ကို အံ့သြချီးမွမ်းမိသည်။ ရှေးခတ်ကလူများ နေထိုင်စားသောက်ပုံ၊ သမိုင်းကြောင်းကို လေ့လာသိမြင်ရသည်။ တိုင်းပြည်နှင့်လူမျိုးအပေါ် ကောင်းကျိုးပြူခဲ့သည့် သူများသည် လူသေသော်လည်း နာမည်မသေ နောက်မျိုးဆက်များက ချီးကျူးဂုဏ်ပြု သမိုင်းတွင်ရစ်သည်။
လွန်ခဲ့သော တနင်္ဂနွေနေ့က Meet up အဖွဲ့နှင့် MOMA PS 1 တွင် ပြသထားသော နွေဦးပြခန်းသို့ သွားရောက်သည်။ မက်ဟန်တန်ရှိ MOMA ( Museum Of Modern Art ) ပြတိုက်သည် နာမည်ကြီးသည်။ လောင်းအိုင်လန်မှ မိုမာပီအက်စ်ဝမ်းသည်လည်း မဆိုးလှ။ ဝင်ကြေး တစ်ဆယ်ဖြစ်သော်လည်း သဒါ္ဓကြေးပေး၍ ရသည်။ ပထမဆုံးပြခန်းမှာ Maria Lassing ၏ ပန်းချီလက်ရာများ ဖြစ်သည်။ ရေဆေးနှင့် ဆီဆေးကိုတောင် ခွဲခြားမသိသော လူပိန်းကျွန်မ လက်ဆင်း၏ ပန်းချီလက်ရာများ အင်မတန် ထူးဆန်းသည်ကိုတော့ သတိမထားဘဲ မနေနိုင်။ ဂျင်းဘောင်းဘီစများ၊ အနက်ပေါ်တွင် ရွှေရောင်စလစ်မွှန်းခွျှန်းများကို မြင်ရသည့်အခါ မြန်မာဘုန်းကြီးကျောင်း၊ မုခ်ဦးများကို မျက်စိထဲ မြင်မိသည်။
National Gallery of Art, Washington, DC.
ပန်းချီဆရာ ဘယ်သူလဲဟု သိချင်သောကြောင့် သွားဖတ်သည့်အခါ Korakrit Arunanondchai ထိုင်းပန်းချီဆရာ ဖြစ်နေသည်။ ချင်းမိုင်မှ White Temple တွင် သူ့လက်ရာများ ရှိသည်ဟု ဆိုသည်။ ပန်းချီဆရာ၏ ယုံကြည်သက်ဝင်မှု၊ ခံစားချက်၊ စကားလုံးများသည် ပန်းချီကားတွင် ဖော်ပြနေသည်။ ရေတဝက်ဖြည့်ထားသော ရေပုံးများ၊ သဲစာအုပ်စင်၊ သစ်သားကြမ်းပြင်များ တွေ့ရသော်လည်း ပေးချင်သည့်မက်ဆေ့ကို မရ။ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ဗဏီတွင် ချိတ်ဆွဲထားသော ဓာတ်ပုံများကို မြင်ရသောအခါ အံ့သြဘနန်း ဖြစ်ရသည်။ ဂရပ်ဖစ်အက်ဖက်သုံးထားမှန်း သိသော်လည်း သာမန်ရိုးကျမှ ခွဲထွက်သည့် ရိုက်ချက်ပြင်းပြင်းများက သပ်ရပ်လှပလွန်းသည်။ အနီးအနားတဝိုက်မှ ပန်းချီဆရာများ၏ အိမ်များတွင် ချိတ်ဆွဲထားသော ပန်းချီကားကို သွားရောက်ကြည့်ရှုကြသည်။ အကြိုက်တွေ့တာလည်း ရှိသည်၊ နားမလည်တာလည်း ရှိသည်၊ အရောင်စပ်ထားတာ ကြိုက်တာလည်း ရှိသည်။ ဘာကိုဆိုလိုချင်မှန်း မသိတာလည်း ရှိသည်။ ဒီလိုလည်း ဆွဲလို့ရတာပဲဟု သိရတာလည်း ရှိသည်။
ပြတိုက်ဆိုသည်မှာ  ပျင်းစရာမကောင်းတော့သလို သွားရောက်လေ့လာသင့်သော၊ အသိညဏ်ဗဟုသုတ တိုးစေသော၊  မမြင်ဘူးတာတွေ မြင်ရသော နေရာတစ်ခုဖြစ်သည်။ ပြတိုက်သည်ဆိုသည်မှာ မသိ၊ မမြင်၊ မတွေးဆနိုင်သော ကကြိုးများဖြင့် ဖမ်းစားတတ်သည့် ကဝေတစ်ပါး ဖြစ်သည်။
စန်းထွန်း
မေ ၂၁၊ ၂၀၁၄။
"ကျွန်မသည် ပန်းချီကားကို နေ့စဉ် စိုက်စိုက်ကြည့်နေသည်။ တစ်နေ့ မကြည့်ရလျှင် မနေနိုင်ဘဲ ဖြစ်နေသည်။ သို့ဖြစ်ရခြင်းမှာ အကြောင်းရှိသည်။ ပန်းချီကားကို စိုက်ကြည့်ရင်း လူရုပ်တွေကပင် လှုပ်လာသလို သစ်ပင်သစ်ကိုင်းတွေကပဲ လှုပ်သလိုလို ထင်မိသည်။"
ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက် စာအုပ်မှ ကောက်နှုတ်ချက်
Louis Armstrong House Museum
Corona, New York
credit to Google
Maria Lassing 's painting at MOMA PS 1
Long Island City, New York
credit to Google
Korakrit Arunanondchai 's painting at MOMA PS 1
Long Island City, New York
credit to Google 
Open studios, museums and galleries
Long Island City, New York
5 comments:
Anonymous said...
စန်းထွန်း..
မမအိုင်အိုရာ
မီးမီးငယျ said...
စန်းထွန်းနဲ့ပြတိုက်
ထားတာမှတ်မိနေပါတယ်
တနေ့သွားကြမယ်နော်..
San San Htun said...
San San Htun said...
Anonymous said...
စန်းထွန်း..
အားကျသကွယ်။ သွားနိုင်တုန်းသွားဖြစ်အောင်သွားစန်းထွန်းရေ။
မမအိုင်အိုရာကပြတိုက်သွားရတာသိပ်သဘောကျတာ။
အခြေအနေပေးတာနဲ့သွားတာဘဲ။
တချို့ပြတိုက်မှာ ကက်တလောက်လိုမျိုးတွေအဝင်မှာယူလို့ရတယ်။ တချို့ပြတိုက်မှာပန်းချီကားအောက်နားမှာပန်းချီကားနဲ့ဆိုင်တဲ့ပန်းဖလက်လေးတွေချပေးထားတတ်တယ်လေနော်။ ဖတ်ကြည့်ရင်သိပ်စိတ်ဝင်စားဘို့ကောင်းတာဘဲ။
ဓါတ်ပုံတွေတင်အုန်းမယ်ဆိုတော့မျှော်အုန်းမယ်နော်။
မမအိုင်အိုရာ
May 21, 2014 at 11:52 PM
မီးမီးငယ် said...
စန်းထွန်းနဲ့ပြတိုက်
တခုသွားမယ်လို့ဂတိပေး
ထားတာမှတ်မိနေပါတယ်
တနေ့သွားကြမယ်နော်..
May 23, 2014 at 9:03 PM
သူကြီးမင်း (တုံးဖလား) said...
စန်းထွန်းတို့ကတော့ ခရီးသွားလဲကောင်း စာရေးအားလဲကောင်း တင်ပြပုံလဲကောင်းဘဲ။ ပြတိုက်တွေက စိတ်ဝင်စားတတ်တဲ့သူတွေ အတွက်တော့ တကယ့်ကို ရတနာသိုက်ပါဘဲ။ တစ်နေရာထဲမှာ အစုံအလင်တွေ့မြင်ခံစားခွင့် ရတာကိုး။ အဆင်ပြေပါစေ စန်ထွန်းရေ။
May 27, 2014 at 9:03 AM
San San Htun said...
မမအိုင်အိုရာ း ဒီနေ့တောင် ဘရွတ်ကလင်းဖက်မှာ open studios art festival ရှိတယ် တနာရီ ရထားစီးရမှာရယ် ပင်ပန်းနေလို့ မသွားဖြစ်တာ...
မမီးငယ် း တနေ့ သွားမယ်လေ...
တဂျီးမင်း း ပျောက်ချက်သား ကောင်းလှကြီးလား ကျန်းခမ်းသာလို့ မာပါစ သူကြီးမင်...
June 1, 2014 at 7:54 PM