အိမ်မက်တွေ သိပ်မက်လေ့မက်ထ မရှိသလို မက်တဲ့အိမ်မက်တွေဟာလည်း မှန်လေ့မှန်ထမရှိ။ ဘာအဓိပ္ပာယ်မှလည်းမရှိ တခါတလေ ဘာတွေမက်လို့မှန်းကို မက်မှန်းမသိ။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ထူးထူးဆန်းဆန်း အိမ်မက်တခုမက်တယ်။ အိမ်မက်ထဲမှာ ဖြိုးအိမ်ကို ရောက်နေတယ်တဲ့။ တကယ်ရောက်နေသလို ခံစားမိတာ။ ၁၉၉၉ လှည်းတန်းက ဆရာကြီးဥ◌ီးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျောင်းမှာ ခင်တဲ့သူငယ်ချင်းတွေက ဖြိုး၊ ခိုင်မေ၊ ဝတ်ရည်၊ သင်းခိုင်၊ ရွှေဇင်၊ မေရီ၊ နွေးနွေး။ ဖြိုးနဲ့ ခိုင်မေကတော့ အိမ်လည်းနီးတော့ ပိုခင်တယ်။ ဖြိုးအိမ်က ဆင်မလိုက်အဝေးပြေး မှတ်တိုင်နားမှာ သွားရအဆင်ပြေတော့ တဂျိမ်းဂျိမ်း ရောက်ဖြစ်နေတာပေါ့။ သက်တူရွယ်တူမဟုတ် တက်တဲ့တက္ကသိုလ် မတူတော့ တစ်နှစ် တစ်ခါနှစ်ခါလောက်ပဲ ဆုံဖြစ်ပေမဲ့ ငယ်သူငယ်ချင်းတွေလိုပဲ။ ကိုယ်နိုင်ငံခြား ရောက်သွားတော့ ပိုဝေးသွားတယ်။ အဲ့ဒီတုန်းက မိုဘိုင်းဖုန်း မကိုင်နိုင်ကြ အင်တာနက်ခက်တော့ အဆက်အသွယ်မရှိ။ ခုမှ ဖေ့ဘွတ်ကြောင့် အဆက်အသွယ် ပြန်ရတာ။ အိမ်၊ အလုပ်၊ လူမှုရေးကိစ္စတွေနဲ့ အလုပ်များကြလို့ အကြောင်းရှိမှပဲ ပြောဖြစ်တော့တယ်။ စကားမပြောဖြစ်ပေမဲ့ ရင်ဘတ်ချင်းနီးတဲ့သူတွေ။ နောက်နေ့ကျတော့ ဖြိုးက မေးလာတယ် နေကောင်းလားတဲ့။ မနေ့က နင့်ကို အိမ်မက်မက်တယ် အိမ်မက်ထဲမှာ အသားရောင်ဝတ်စုံလေးနဲ့ အရမ်းလှနေတော့ နေမှကောင်းရဲ့လား စိတ်ပူလို့တဲ့။ ဝတ်ရည်ကလည်း ကိုယ့်ကိုအိမ်မက် မက်တယ်တဲ့။ တယ်လီပယ်သီဆိုတာမျိုး ထင်ပါရဲ့။
စန်းထွန်း
စက်တင်ဘာ ၁၀၊ ၂၀၂၂။
05/21/2022 Central Park |
No comments:
Post a Comment