တူတော်မောင် - ၇

တူတော်မောင်နဲ့ တပတ်ကို နှစ်ခါလောက် ဖုန်းပြောဖြစ်တယ်။ ကြီးတော်တွေကို လွမ်းလို့မဟုတ်ဘူး။ ကြီးတော်တွေကို ဖုန်းခေါ်မှ ဖုန်းကိုင်ခွင့်ရ ဂိမ်းဆော့ခွင့်ရလို့။ သူဂိမ်းဆော့တာကို ကိုယ်တွေကိုပြောပြ ဒီနေ့ အိမ်ဆောက်မယ်၊ လေယာဥ်ပျံဆောက်မယ်နဲ့။ တသက်လုံး ဂိမ်းမဆော့တဲ့ကြီးတော်တွေ သူနဲ့ကျမှ ဂိမ်းမဆော့ရုံတမယ်ပါပဲ။ သူဆော့တဲ့ဂိမ်းက မိုင်းခရက် ဆော့ပြတဲ့သူက မလေးရှားက။ သူက မလေးရှားအထိသွားပြီး နှုတ်ဆက်ချင်တာတဲ့။ ယူကျူမှာတွေ့တော့ ကွန့်မန့်တောင် ပေးလိုက်သေးတယ်။ မကြီးရဲ့ယူကျူဗွီဒီယို လိုက်ခ် ဆပ်ခရိုက်နည်းလို့ သူလိုက်ခ် ဆပ်ခရိုက် လုပ်လိုက်တယ်တဲ့။ ကွန့်မန့် အင်္ဂလိပ်လို ရေးထားတာများ ကိုယ်တွေ ၁၀ တုန်းကတောင် သူ့လောက်မရေးတတ်ဘူး။ သူ့မြို့က ယူနိုက်တက်စတိတ်အော့ထီလာမြို့တဲ့။ ရွာသားတွေ၊ ပစ်လစ်ဂျာတွေ၊ ငရဲသားတွေရှိတယ်။ စိန်၊ ကျောက်စိမ်းတွေ တူးလို့ရတယ်။ ကစားကွင်း၊ ရေကူးကန်၊ ဆေးရုံရှိတယ်။ ကြီးတော်တွေက ပန်းခြံမရှိဘူးလား၊ ဟိုဟာမရှိဘူးလား၊ ဒီဟာမလုပ်ဘူးလား လျှောက်မေး။ သူကလည်း ရရင်ရတယ် မရရင်မရဘူး ပြန်ဖြေ။ မောင်ရစ်နဲ့ မယ်ရစ် တွေ့ကြလေသတည်း။ သူ့ကိုမေးခွန်းမမေးရင် အသံတိတ်နေရင် ကြီးကြီးဘာလုပ်နေတာလဲလို့ ချက်ကင်လိုက်သေးတာ။ ကိုယ်တို့အတွက် ဘယ်လိုအိမ် အခန်းဘယ်နှစ်ခန်း ဘယ်နှစ်ထပ်ပါတဲ့အိမ် ဆောက်ပေးပါလို့ ပူဆာကြပြန်တယ်။ ယူကရိန်းက အလံက ဆောက်ရတာလွယ်တယ် အမေရိကန်အလံက ခက်တယ်။

ဟိုတနေ့ကတော့ လစ်ဘာတီရုပ် ဆောက်နေတယ်တဲ့။ လစ်ဘာတီရုပ်ကို ဘယ်နိုင်ငံက လက်ဆောင်ပေးတာလဲ ပြင်သစ်က။ ကြီးကြီးတို့ လစ်ဘာတီ ရောက်ဖူးလား။ ရောက်ဖူးတာပေါ့ ကြီးကြီးက လေးခေါက်တောင်။ သူ့လစ်ဘာတီက အိုင်ပတ်ကိုင်ထားတာတဲ့။ ကမ္ဘာပေါ်မှာ အကြီးဆုံးလေယာဥ်ပျံက အန်တရိုနော့ ယူကရိန်းနိုင်ငံ ကာရစ်မြို့မှာတဲ့။ ရုပ်အဆိုးဆုံး လေယာဥ်ပျံလည်း ရှိသေးတယ်တဲ့။ ဂူဂယ်မတ်ကနေ ရှာခိုင်းတယ် တခုခုသိချင်ရင် ဂူဂယ်မှာရှာတယ်။ စာရွက်နဲ့လုပ်ထားတဲ့ လေယာဥ်ပျံလေး ကြီးကြီးကိုပေးမယ်တဲ့။ အတော်ကို သေသေချာချာ လုပ်ထားတာ တော်တော်တူတယ်။ သူ့အမေ့က ပြောလို့မရရင် ကြီးတော်တွေကို စစ်ကူတောင်း။ ကြီးတော်တွေပြောမှရ ကြီးတော်တွေဆီ တောင်းတတ်တယ်။ အမေဇွန်ကဆိုရင် ကြီးကြီးစန်းထွန်း တခြားဟာဆို ကြီးကြီးခင်စန်း။ ကိုယ်ဘာလိုချင် ဘာလုပ်ချင်တယ်ဆိုတာသိပြီး ခေါင်းမာအကြောမာတဲ့ကလေး။ သူအိမ်ကပြောတာတွေ အကုန်မှတ်ထားပြီး ပြန်ပြောတာ။ သူများပြောတိုင်း လက်မခံ။ ကိုယ်ငယ်ငယ်တုန်းက ပိုက်ဆံလာချည်းတဲ့အန်တီကို ပိုက်ဆံလာချည်းတာလား အရင်အကြွေးမဆပ်သေးဘဲနဲ့ ထပ်လာမချည်းနဲ့လို့ ပြောလိုက်တာ အဗျင်းခံရတော့တာပဲ။ တူတော်မောင် ခေါင်းမာတာ၊ ဂျီးထူတာ၊ ဆရာကြီးလုပ်တာ၊ ကြွားတာ ကိုယ်တွေနဲ့ သိပ်တူတာပဲ။ gene များ အတော်ကြောက်စရာကောင်းတာ။ ကိုယ်ကမွေးရင်တောင် ကိုယ်နဲ့အဲ့လောက်တူမှာ မဟုတ်ဘူး။ သူ့ဆီမှာ ကိုယ်တို့အားလုံးရဲ့ အမူအကျင့်ဗီဇတွေ တွေ့ရတယ်။ ခေါင်းမာလွန်း၊ ဆရာကြီးလုပ်လွန်းလို့ အမြင်ကပ်စရာကောင်းပေမဲ့ ကိုယ်နဲ့တူတဲ့ တစ်ဦးတည်းသော တူတော်မောင်ဆိုတော့လည်း ချစ်နေရတာပေါ့လေ။

စန်းထွန်း

စက်တင်ဘာ ၂၃၊ ၂၀၂၂။



သူဆောက်နေတဲ့ လေယာဥ်ပျံ အန်တရိုနော့ ဂိမ်းထဲမှာ ယူကရိန်းအလံ
မကြီးမွေးနေ့ တောင်းဆိုလို့ မွေးနေ့ကဒ်ဆွဲပေးတာ


ဂျူံနဲ့လုပ်တဲ့ လေယာဥ်ပျံ
သူကြိုက်တဲ့ ဘက်ဖိုးနဲ့ လေယာဥ်ပျံ

No comments: