ယိုးဒယားသွား တောလား - ၈

၂၀၂၂ မေ ၂ တနင်္လာနေ့ ဟိုတယ်မှာ မနက်စာစားတယ်။ စင်္ကာပူကနေလာတဲ့ မြန်မာစုံတွဲကတော့ မနက်ဖြန် ဖီဖီကျွှန်းကို သွားမလို့တဲ့။ မနက် ၉ နာရီ ရေကူးကန်ဖွင့်တာနဲ့ ရေကူးကြတော့တာပဲ။ ကလေးရေကူးကန်မှာ တူတော်မောင်ကို ရေကူးသင်ပေး။ ကိုယ်က လူကြီးကန်မှာ ဟိုယက်ဒီယက် နည်းနည်း နည်းနည်းစီ ကူးကြည့်တာ နောက်ဆုံးတော့ ကန်တဆုံး ကူးနိုင်သွားတယ်။ နွေရာသီတိုင်း ရေကူးသင်ဖို့ စီစဥ်တာ တခါမှမအောင်မြင်သေးဘူး။ ရေကူးသင်ပြီး စကူပါဒိုင်ဗင်း၊ စနောကလင်း လုပ်ချင်တာ။ တူတော်မောင် ဘန်ကောက်ရောက်ပြီး ဝမ်းမသွားတာ ရက်အတော်တော်ကြာပြီ။ ဝမ်းချုပ်တတ်လို့ သူ့အမေက ဝမ်းသွားဆေး ထည့်ပေးလိုက်တယ်။ သွားစရာတခုခုရှိနေရင် ဝမ်းချုပ်ထားတာ မကြီးနဲ့တူတယ်။ ဝမ်းသွားလည်းသွားချင် သွားလည်းမသွားချင်နဲ့ ချုပ်ထားလို့ အိမ်သာကို လိုက်ပို့တော့ဘူး မဝင်ဘူး ဝင်နဲ့ အငြင်းအခုန်လုပ်ရတယ်။ အီးပါချင်တာကို ဝမ်းချုပ်ထားလို့ အိမ်သာသွားလို့ အမေက ပြောတာကို မပါဘူး မသွားဘူးနဲ့။ မတတ်နိုင်တဲ့အဆုံး အိမ်သာပြေးတော့ လမ်းမှာအီးထွက်ကျတယ်။ အမေက ပြောတုန်းကတော့ မပါဘူး ခုတော့ ထွက်ကျပြီ ကိုယ့်ဘာသာကျုံးဆိုပြီး အိမ်သာထဲ တစ်ရှုးယူခိုင်းပြီး သုတ်ခိုင်းတယ်။ ကိုယ့်အမေကတော့ အဲ့ဒီလို သားသမီမြေးကို အလိုမလိုက်ဘူး။ ဒီနေ့တော့ ဖူးခက်တခွင် အနှံ့လည်ပြီး ညနက်လေယာဥ်နဲ့ ဘန်ကောက်ကိုပြန်မှာ။ တိုးကားက နေ့လည် ၁၂ နာရီလောက် ဟိုတယ်မှာ လာခေါ်မှာ။ မနေ့ကမနက် ၉ နာရီ တိုးဘွတ်မလို့ ဆိုင်ခန်းဆီသွားတော့ မဖွင့်သေးတော့ လျော့ပင်းထွက်တယ်။ ကိုယ်က ပန်းကန်အောက်မှာထားဖို့ နှီးဖျာ၊ တူတဲ့ဟာ၊ ဆင်ရုပ်တရုပ် ဝယ်တယ်။ ပုံ့က ဟမ်းချိန်းလေးတွေ ဝယ်တယ်။ တူတော်မောင်ကို ကြိုက်တာဝယ်လို့ပြောတော့ သူက ကြိုက်တာမတွေ့ဘူး။ ဟိုဟာယူများမလားမေးရင် နိုး၊ ဒီယာယူများမလားမေးရင် နိုးနဲ့ ကိုဂျီးထူ။ ဖူးခက်မှာ နောက်ဆုံးနေ့ဆိုတော့ တိုးဂိုက်လာမခေါ်ခင် လျော့ပင်ထွက်ကြတယ်။ မနေ့ကဝယ်ခဲ့ဆိုင်ကအန်တီက ဖော်ရွေပျူငှာစွာ နှုတ်ဆက်တယ်။ မသိရင် ဘော်ဒါတွေကို နှုတ်ဆက်သလိုပဲ။ နယ်ကလူတွေက ပိုပြီးဖော်ရွေပျူငှာတယ်။ အဖေ့အတွက် ဖူးခက်အကင်္ီျတထည်ရတယ်။

တိုးဂိုက်က အင်္ဂလိပ်လိုသိပ်မပြောတတ်ပေမဲ့ အင်တာနေရှင်နယ်ဘာသာစကား လက်ဟန်ခြေဟန်၊ broken နဲ့ စကားပြေရတာ အဆင်ပြေပါတယ်။ မကြီးပို့ထားတဲ့ ဓာတ်ပုံတွေပြပြီး အဲ့ဒီကိုသွားချင်တယ်ပြောတော့ ခပ်တည်တည်နဲ့ သူသိပါတယ်တဲ့။ ပထမဆုံးရောက်တဲ့ ကမ်းခြေက Karon ကမ်းခြေ သဲတော့မဖြူဘူး။ parasailing၊ သဲသောင်ပြင် ဘောလီဘော ဆော့ဖို့လုပ်ထားတာ တွေ့တယ်။ အချိန်က မိနစ် ၂၀ ပဲပေးတော့ ကမ်းခြေတလျှောက် ပတ်လျှောက်ကြည့်။ လှိုင်းတက်လာရင် ကမ်းခြေပေါ်ပြေးတက်။ ဒုတိယရောက်တဲ့ ဗျူးပွိုင့်လေးက အတော်လှတယ်။ ကမ်းခြေအကွေ့အဝိုက်တွေ မြင်ရတယ် အကြွေစေ့ထည့်ရင် ကြည့်လို့ရတဲ့ မှန်ပြောင်းရှိတယ်။ နေ့လည်စာစားဖို့ ဆိုင်တဆိုင်မှာ ရပ်ပေးတယ်။ ပင်လယ်ကို မျက်စိတစုံမြင်ရလို့ မြင်ကွင်းလှတယ်။ တဆိုင်လုံး မြန်မာအလုပ်သမားတွေချည်းပဲ။ ဖူးခက်မှာ ဆိုင်အာလုံးနီးပါး မြန်မာအလုပ်သမားတွေချည်းပဲ။ တူတော်မောင်က သူစားချင်တဲ့ပီဇာ မှာတယ်။ နာမည်ကြီး Wat Chai Thararam ဘုရားကျောင်းကို လိုက်ပို့တယ်။ အလှုငွေထည့်တော့ အမွှေးတိုင်၊ ကြာပန်း၊ အဝါရောင်ပန်း ပေးတယ်။ အဝမှာ ရှင်းပြတဲ့သူက မြန်မာလူမျိုး။ ဆုတောင်းပြည့်တယ် ထီပေါက်တယ်လို့ နာမည်ကြီးသတဲ့။ ဘေးနားက ဘုရားကတော့ ဆရာတော်ကြီးတပါးရဲ့ ဓာတ်တော်မွေတော်ကို ဌာပနာထားတာ။ လျောင်းတော်မှု၊ ထိုင်တော်မှု၊ အနေအထားမျိုးစုံနဲ့ ဘုရားတွေ အများကြီးပဲ။ တူတော်မောင်က ဒီဘုရားက ဝတ်မောင်းဘုရားနဲ့ တူတယ်လို့ပြတယ်။ ဘုရားမှာ သန့်ရှင်းရေးအလုပ်သမားမလေးက မြန်မာ။ အပေါ်ထပ်က လေတဝူးဝူးနဲ့ သာယာတယ်။ တူတော်မောင်က ဟိုးတောင်ထိပ်က ဘုရားကြီးကို သွားချင်တယ်ဆိုလို့ တိုးဂိုက်ကို မေးကြည့်တော့ ဝေးတယ်။ ကိုယ်တို့ရောက်တဲ့အချိန် တောင်ထိပ်ကိုတက်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ ကောင်းကင်မှာ မိုးတိမ်တွေနဲ့ အကယ်၍များ မိုးရွာခဲ့ရင် သွားရခက်တယ်တဲ့။ တူတော်မောင်ကို ပြန်ရှင်းပြ။ ဆရာတော်ကြီးနေခဲ့တဲ့ ကျောင်းဆောင်လေးက ရှင်းလင်းသန့်ရပ်နေတာပဲ။ ပန်းချီကားထဲမှာ တွေ့ရတဲ့ ယိုးဒယားအမျိုးသားဝတ်စုံက ဘိုဆန်တယ်။ သစ်သားမှာ ကနုကမာတွေကပ်ပြီး အလှဆင်ထားတဲ့ ဗီရို၊ နာရီစင်လေးကို သဘောကျလိုက်တာ။

တရုတ်တန်းမှာ နာရီဝက်ရပ်ပေးတယ်။ အကင်္ီျဆိုင်ဝင်ပြီး ထမီရွေးကျတော့ ဆိုင်ဝန်ထမ်းလေးက မြန်မာမလေး။ စျေးလျော့ပေး၊ ဘာပိုကောင်းလဲဆိုတာ အကြံပေးတယ်။ တရုတ်တန်းက ကမ်းခြေထက် ပိုစုံတယ်။ အဖေက သူ့ညီ၊ သူငယ်ချင်း၊ အလုပ်သမားတွေအတွက် အမှတ်တရအကင်္ီျ ၁၀ ထည်ဝယ်တယ်။ ဟိုလူ့အတွက်ပါပြီး ဒီလူ့အတွက်မပါရင် မကောင်းဘူးလေ။ အမှတ်တရလက်ဆောင်ရတော့ ဝမ်းသာရတာပေါ့။ ကုန်စုံဆိုင်ကြီးတဆိုင်မှာ ရပ်ပေးတယ်။ ဒူးရင်းသီးခြောက်၊ သကြားလုံး၊ ဟင်းချက်အနှစ်တွေ လက်ဆောင်ပေးဖို့ ဝယ်တယ်။ လေဆိပ်ကို ညနေ ၅ နာရီလောက် ရောက်တယ်။ အဖေက ခြေထောက်နာနေလို့ ဝှီးချဲစီးခိုင်းရတယ်။ TSA လုံခြုံရေးစစ်တာ မဖြတ်ခင် စားသောက်ဆိုင်တွေက သိပ်မရှိတော့လို့ လုံခြုံရေးစစ်တာဖြတ်ပြီးမှပဲ စားသောက်ဆိုင်ရှာရတော့တယ်။ တူတော်မောင်က တပတ်ပတ်ကြည့်ပြီး သူစားချင်တဲ့ Subway ရွေးတယ်။ ည ၁၀ နာရီလေယာဥ် delay ဖြစ် တခြားလေယာဥ်တော်တော်များများ cancel ဖြစ်လို့ ကိုယ်က စိတ်ပူနေပြီ။ အဖေ့ကိုပြောပြ။ မနက်ဖြန် မနက် ၁၀ နာရီ အဖေတို့က ရန်ကုန်လေယာဥ် စီးရမှာ။ လေယာဥ် cancel ဖြစ်ရင် မနက်ဖြန်မနက်လေယာဥ်နဲ့ ဘန်ကောက်ကို ပြန်ရမှာ။ ရန်ကုန်လေယာဥ်ကို ဘယ်လိုမှမမှီတော့ဘူး။ ကိုယ်ကတော့ ည ၁၀ နာရီမှဆိုတော့ အေးအေးဆေးဆေးမှီတယ်။ ရင်တမမနဲ့ လေယာဥ် မ cancel ပါနဲ့ ဆုတောင်းနေတယ်။ အတော်လေးနောက်ကျပြီးမှာ ဘုတ်ဒင်းလုပ်ဖို့ခေါ်မှပဲ စိတ်အေးသွားတော့တယ်။ ဝှီးချဲသမားမို့လို့ ပထမဆုံးတက်ခိုင်တယ်၊ ပထမဆုံးထိုင်ခုံပေးတယ်။ အဆင်းကျတော့ နောက်ဆုံးမှဆင်းခိုင်းတယ် ဝှီးချဲဆားဗစ်ကောင်းတယ်။ ညည့်နက်သန်းခေါင်မို့ လမ်းမကြီးမှာ ကားရှင်းတယ်။ ပင်ပန်းနေပေမဲ့ အထုပ်သိမ်းရတယ်။

မနက်ကျတော့ ဟိုတယ်ကောင်တာ မဖွင့်သေးတော့ တက္ကစီခေါ်ဖို့ အဆင်မပြေဘူး။ ပုံ့ဖုန်းကနေ Grab နဲ့ ကြည့်ပေမဲ့ တက္ကစီမတွေ့ဘူး။ လမ်းမှာတွေ့တဲ့ ဟိုတယ်ကိုဝင်ပြီး တက္ကစီခေါ်ဖို့ ပြောတာလည်း နားမလည်ဘူး။ လမ်းမပေါ်မှာ တက္ကစီတွေအများကြီးပေမဲ့ ကြီးတဲ့ကားမတွေ့။ အချိန်လည်းမရှိတော့ဘူးဆိုတော့ တက္ကစီတစီးငှား တက္ကစီဖိုး ၅၀၀ ပေး၊ အဖေနဲ့ တူတော်မောင်ကိုဝင်ခေါ်၊ ကိုယ်က လမ်းထိပ်မှာဆင်းနေခဲ့ပြီး နောက်တက္ကစီတစီငှား အမေ့ကိုဝင်ခေါ်။ ဘန်ကောက်ကားလမ်းတွေက လမ်းပိတ်တာ တော်တော်ဆိုးလို့ ဟိုင်းဝေးက မောင်းပေးမယ် ပိုက်ဆံပိုပေးတဲ့။ ၃၀၀ ထပ်တောင်းတယ်။ တရာပဲရှိတော့တယ် မြန်မြန်မောင်းပေးလို့။ လေဆိပ်အဝင်ဝမှာ အဖေ့တို့ကို တွေ့မှပဲ စိတ်အေးသွားတယ်။ တက္ကစီသမားက ဒေါ်လာထပ်တောင်းနေလို့ ၁၀၀ တန်ပဲ ရှိတော့တယ်တဲ့။ အဖေ့ကို မေးကြည့်တော့ ကိုယ်အဖေ့ကို ဒေါ်လာပေးနေတာမြင်တော့ ထပ်တောင်းတယ်တဲ့။ အဖေက တဒေါ်လာပေးတော့ လက်သုံးချောင်းထောင်ပြတယ်တဲ့။ ပိုက်ဆံတွေ ပိုကုန်ပေမဲ့ ကသောင်းကနင်းနဲ့ လေဆိပ်ကို ချောချောမောမော ရောက်သွားမှပဲ စိတ်အေးရတယ်။ မနေ့ကတည်းက ဟိုတယ်ကို ကြိုပြောထားရင် အဆင်ပြေမှာ။ ခုတော့ သတိတချက်လွှတ်သွားတာနဲ့ စိတ်မောလူမော။ ချက်ကင်ဝင်တာမှာလည်း PCR test တောင်း။ ကိုယ့်ဘေးနားမှာ PCR test အဆင်မပြေလို့ လေယာဥ်ပေါ် မတက်ရတာ ငါးဖွဲ့လောက်ရှိတော့ စိတ်တွေပူ။ လေယာဥ်လက်မှတ်ရတော့မှ စိတ်အေးသွားတယ်။ ပါတဲ့ဒေါ်လာထဲက အဖေ့ကိုဒေါ်လာတွေပေး။ ဘေးကကောင်မလေး၂ ယောက်အဖွဲ့က အမတို့ PCR test အဆင်ပြေလားတဲ့။ အမတို့ ဖူးခက်မှာ မနေ့ကညနေက ရထားတာ။ သူတို့မှာ မနေ့ကမှ စစ်ထားတာ ဒီနေ့မနက် PCR test မရသေးလို့တဲ့ အဲ့လို ၂ ဖွဲ့ တွေ့တယ်။ ကောင်မလေးတယောက်ကတော့ PCR test expire သွားလို့ ဘယ်မှာသွားစစ်ရမလဲ အင်္ဂလိပ်လိုလည်း မပြောတတ်၊ ယိုးဒယားလိုလည်း မပြောတတ်တဲ့။ အမ အဖေ၊ အမေကို ချက်ကင်ပြီးရင်တော့ ကူမေးပေးမယ်လို့ ပြောလိုက်တယ်။ ချက်ကင်ပြီးတော့ အဲ့ဒီကောင်မလေး ရှာမတွေ့တော့ဘူး အဆင်ပြေသွားရဲ့လားမသိဘူး။ အဖေကတော့ သူ့သမီးတွေတော်လို့ လေယာဥ်ပေါ်ရတာလို့ ပြောသွားတယ်။

လေဆိပ်မှာ တရေးတမောအိပ် နေ့လည်စာစားတော့ ဘန်ကောက်ငွေမရှိတော့လို့ ဒေါ်လာနဲ့ပေးလို့ရမလားမေးတော့ ရတယ်တဲ့။ exchange rate က နည်းနည်းစျေးကြီးလို့ ငါ့နှယ် ကောင်တာမှာ ငွေလဲပြီးမှာ စားတာမဟုတ်ဘူးလို့ နောင်တရ။ အဖေတို့က ရန်ကုန်ရောက်ပြီး PCR စစ် ကွာရန်တင်းတရက် ဝင်ရတယ်တဲ့။ နယူးယောက်က အသိညီမတယောက်က ဖုန်းဆက်ပြီး ကိုယ့်ယိုးဒယားခရီးအကြောင်းမေးတယ်။ သူလည်း သူ့မိဘတွေကို ယိုးဒယားခေါ်ပြီးဆေးကု၊ မိသားစုဆုံချင်လို့တဲ့။ ကိုယ်က ဘယ်မှာတည်း၊ ဘယ်ကိုသွား itinerary အကုန်ပေးတာတောင် စီစဥ်ဖို့ခက်ခဲနေတယ်။ နိုင်ငံခြားမှာနေလို့ အင်္ဂလိပ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်ပေမဲ့လည်း ခရီးသွားနေကျမဟုတ်လို့ သွားဖို့စီစဥ်ရတာ အတော်ခက်နေမှာပေါ့။ ခရီးတခုသွားဖို့ဆိုတာကလည်း အတော်မလွယ်ဘူး အတော်အချိန်ပေးပြီး စနစ်တကျထောင့်စေ့နေအောင် စီစဥ်ရတာ။ အဖေအမေ့ကို အဲ့ဒီအကြောင်းပြောပြ၊ မိသားစုခရီးတခုလုံးကို စီစဥ်နိုင်တဲ့ မကြီးကိုလည်းချီးကျူး၊ ဝိုင်းကိုလည်း we should be proud of ourselves လို့ပြောပြီး ချီးကျူး။ ပုံ့နဲ့ကိုယ်က ဘန်ကောက်ကနေ ဒိုဟာအထိ အတူတူ၊ ထရန်စစ်က တနာရီခွဲပဲဆိုတော့ အသည်းအသန်ပြေးလွှား။ မေ ၄ နယူးယောက်မှာ နှင်းဖွဲဖွဲလေး ကျနေတယ်။ အိမ်ရောက်ပြီး မနားရသေးဘူး ဗော်လန်တီယာအလုပ်လုပ် ပြီးမှနား။ ဘန်ကောက်ခရီးမှာ တူတော်မောင့်အကြောင်းပိုသိပြီး သူ့ favorite aunty ဖြစ်သွားတယ်။ မိသားစုဆုံတဲ့ခရီးမို့လို့ အမှတ်တရဖြစ်တဲ့ ခရီးလေးပါ။ အချိန်ပေးပြီး လာဖတ်ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

Happy Traveling !

စန်းထွန်း

ဒီဇင်ဘာ ၃၊ ၂၀၂၂။

Karon Beach
Kata Beach
Wat Chai Thararam
ယိုးဒယားအမျိုးသားဝတ်စုံ ဘိုဆန်
ကနုကမာကပ်ထားတဲ့ သစ်သားဗီရို၊ နာရီစင်
အောင်သပြေ


တောင်ထိပ်ပေါ်က ဘုရားကြီး
ဆရာတော်ကြီးရဲ့ ဓာတ်တော်မွေတော်
တရုတ်တန်း
Suvarnabhumi Airport

No comments: