နွေဦးတော်လှန်ရေး - ၁၉

၂၀၂၂ မေ ၇ စနေနေ့ တိုင်းစကွဲ ဆန္ဒပြပွဲသွားတယ်။ ယိုးဒယားခရီးက ပြန်ရောက်ခါစဆိုတော့ ပင်ပန်းနေပေမဲ့ မိုးရွာမယ်ဆိုတော့ ဆန္ဒပြပွဲလူနည်းမှာဆိုတော့ သွားအားဖြည့်ဝန်းရံရတာပေါ့။ ဆန္ဒပြပွဲစီစဥ်တဲ့သူတွေကတောင် မိုးရွာလို့လူနည်းမယ် ထင်နေတာ လူများလို့ ကျေးဇူးတင်ပါတယ်။ ဆန္ဒပြပွဲတိုင်း အမြဲလာတဲ့သူတွေကိုလည်း မှတ်မိနေပါတယ်တဲ့။ အပြန် ဆံပင်ညှပ်ဆိုင်ဝင်ပြီး ဆံပင်ဖြတ်ပြီးလှုတာ ၁၀ လက်မဆို တအားတိုသွားလိမ့်မယ် ၈ လက်မပဲဖြတ်လို့ အကြံပေးတယ်။ ကိုယ့်ဆံပင်က အမြဲဂုပ်ဝဲတိုတိုလေး စတိတ်ရောက်တော့မှ ဆံပင်ညှပ်ခ မတတ်နိုင်လို့ အရှည်ထားတာ။ ခုအိမ်နားက အင်ဒိုနီးရှားတရုတ်မကြီးက ဆံပင်ညှပ်က ၁၀ ပဲယူတယ်၊ ညှပ်တာလဲ ကောင်းတယ်။ ကိုယ့်ဆံပင်ကလည်း အရှည်နှေးလို့ ၂ နှစ်လောက်မှ တခါညှပ်ရတယ်။ ဆံပင်ကို ပိုနီတေးစည်းပြီး ညှပ်ချလိုက်တယ်။ ပလတ်စတစ်အိတ်နဲ့ သေချာထုပ်ပြီး စာတိုက်ကနေပို့။ ဆံပင်အလှုခံတဲ့အဖွဲ့အစည်းတွေက ကင်ဆာလူနာတွေအတွက် ဆံပင်တုလုပ်ပေးတာ။ တချို့က ၈ လက်မ၊ ၁၀ လက်မ၊ ဆေးဆိုးတာမဖြစ်ရ၊ တချို့က ဆံပင်ဖြူတာ လက်မခံ။ ကိုယ်ရွေးလိုက်တဲ့အဖွဲ့အစည်းကတော့ ဆံပင်ဖြူတာလက်ခံပြီး ၈ လက်မအနည်းဆုံး ရှည်ရမယ်။ တချို့အဖွဲ့အစည်းတွေက သူတို့နဲ့ချိတ်ဆက်ထားတဲ့ ဆံပင်ညှပ်ဆိုင်တွေမှာ အခမဲ့ဆံပင်ညှပ်ပြီး လှုလို့ရတယ်။ နောက်တော့ စာတင်ဖီကိတ်ကို အီးမေးလ် သို့မဟုတ် စာတိုက်ကနေ ရရှိပါတယ်။ ကိုယ့်ဆံပင်တွေက တခြားသူတယောက်အတွက် အသုံးဝင်မှန်းသိရလို့ နောက်လည်းလှုပါဦးမယ်။ မိတ်ဆွေတို့လည်း အဆင်ပြေရင် ဆံပင်လှုကြည့်ဦးနော်။

ကိုယ်ဆံပင်လှုတဲ့အဖွဲ့အစည်း

https://www.cancer.net/blog/2018-04/how-donate-your-hair-help-people-with-cancer 

စန်းထွန်း

ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

No comments: