တိုးဂိုက် - ၁

၂၀၂၂ မေ ၁၅ မမီးအမျိုးသား မွေးနေ့အလှု နယူးဂျာစီဘုန်းကြီးကျောင်းမှာလုပ်တော့ ဝေယျာဝစ္စ သွားလုပ်ပေးဖြစ်တယ်။ ဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်ရင်း ဝေယျာဝစ္စ လုပ်ပေးနေကြဆိုတော့ အဆင်ပြေပါတယ်။ ဘုန်းကြီးကျောင်းသွားရင် မြန်မာဝတ်စုံဝတ်ဖို့ ပြောတဲ့မမီးကြောင့် မြန်မာဝတ်စုံဝတ်ဖြစ်သွားတယ်။ ထမီကတော့ မမီးပေးတဲ့ ဂုံရှမ်းထမီ။ ပတ်ထမီဆိုတော့ အဆင်ပြေတယ် ကျွှတ်ကျမှာ စိတ်မပူရတော့ဘူး။

နယူးဂျာစီဘုန်းကြီးကျောင်း မမီးပေးတဲ့ ဂုံရှမ်းထမီနဲ့

၂၀၂၂ မေ ၂၇ ကနေ မေ ၃၀ အထိ ဆူနမ်က လန်ဒန်သူ သူ့အမကြီးကို နယူးယောက်တခွင် လိုက်ပို့တယ်။ ပထမနေ့က Staten Island Ferry စီးပြီး လစ်ဘာတီရုပ်တုနားကနေ ဖြတ်သွားတယ်။ နေဝင်နေထွက်ချိန်၊ လပြည့်ညတို့ စတေတန်အိုင်လန် ဖယ်ရီစီးမလို့ ကြံစည်နေတာ စောစောမထနိုင်၊ ညည့်နက်အိပ်ရေးပျက်လည်း မခံနိုင်တော့ နေဝင်ချိန် စီးလို့ပဲရမယ်။ ဘရွှတ်ကလင်းတံတား၊ တရုတ်တန်း၊ တိုင်းစကွဲ။ လန်ဒန်သူက တိုင်းစကွဲတော့ တော်တော်ကြိုက်တယ်။ နိုင်အာဂရာရေတံခွန် လိုက်ပို့တာ လူလည်းမရှိ ရေကျသံကပြင်းလွန်းလို့ ကြောက်တောင်ကြောက်တယ်တယ်တဲ့။ နိုင်အာဂရာရေတံခွန်ကို မကြိုက်ဘူးပြောတဲ့သူတယောက် ဒီတခါပဲတွေ့ဖူးတယ်။ နောက်နေ့ နယူးဂျာဆီကနေ အောက်မက်ဟက်တန် စကိုင်းလိုင်းကို မြင်ရတဲ့နေရာသွားတယ်။ ကိုယ့်ရုံးနား နေ့လည်ထမင်းစားချိန် ကိုယ်လမ်းလျှောက်တဲ့နေရာ။ ကိုယ့်ပိုစ့်တွေမှာ မြင်ဖူးပါလိမ့်မယ် တော်တော်လှတဲ့နေရာ။ ပြီးတော့ 911 Memorial တောင်၊ မြောက်ရေကန်ဆီသွားတယ်။ အဲ့ဒီကနေ Coney Island ကို ရထားတနာရီလောက် စီးရတယ်။ ကမ်းခြေဆိုတော့ ရေကူးသူ၊ ရေဆော့သူ၊ ငါးမျှားသူ၊ amusement park မှာ ကလေးတွေနဲ့ အတော်စည်ကားတယ်။ ဆူနမ်က တိုင်းစကွဲကို မကြိုက်ပေမဲ့ ကိုနီကျွှန်းတော့ တော်တော်ကြိုက်တယ်။ ညတိုင်း ဂျက်ဆင်ဟိုက်မှာ နီပေါစာ သွားစားတယ်။ ပထမနေ့ကတော့ ဂျက်ဆင်ဟိုက်ကနေ ကိုယ့်အိမ်အထိ ရထားနှစ်ဘူတာမစီးဘဲ လမ်းလျှောက်တယ်။ ဒုတိယနေ့ကျတော့ Tequila သောက်ပြီး မြေမထိဖြစ်နေလို့ Uber နဲ့ ပြန်ရတယ်။ ကိုယ်သောက်နေရတဲ့ ဆေးတွေက အရက်နဲ့မတည့် အရက်ကိုမခံနိုင်တဲ့ မိသားစုကနေ လာတာဆိုတော့ Tequila မသောက်နိုင်ပါဘူး ပင်ညာကိုလာဒါလောက်ပဲရတယ်။ နောက်ဆုံးနေ့မနက် ဟက်ဆန်ယတ်နားက The Vessel မှာ ဓာတ်ပုံရိုက်တယ်။ The Vessel ဒီဇိုင်းက အတော်မိုက်တယ် အပေါ်တက်လို့ရတယ် လက်မှတ်က ၃၅ ဒေါ်လာလို့ကြားတယ်။ ဆူနမ်တို့ညီအစ်မကို ဘတ်စ်ကားပေါ်တင်ပြီး ၁၄ လမ်းနားက Little Island ကို လမ်းလျှောက်သွားတယ်။ ဟက်ဆန်မြစ်ပေါ်မှာ ပန်းခြံလုပ်ထားတာ သူဌေးတယောက်က လှုထားတာတဲ့။ နွေရာသီဆိုတော့ အပြင်ထွက်လည်လို့ကောင်းတယ်။

စန်းထွန်း

ဒီဇင်ဘာ ၁၇၊ ၂၀၂၂။

ဘယ်ဖက်က နယူးဂျာစီပြည်နယ် Jersey City ကိုယ့်အရင်ရုံးရှိတဲ့နေရာ
ညာဖက်က နယူးယောက်ပြည်နယ် အောက်မက်ဟက်တန် ကိုယ့်ရုံးက ဝေါထရိတ်စင်တာနားမှာ
Staten Island Ferry စီးပြီး လစ်ဘာတီရုပ်တုနားက ဖြတ်သွား
Time Square
Lower Manhattan Skyline from Jersey City
Coney Island
The Vessel, near Hudson Yards, 34th St, Middown Manhattan
Little Island, Hudson River

No comments: