ဆိုင်နောက်ဖက်မှာ humming birds အတွက် အစာနဲ့ရေ ချိတ်ထားပေးတယ်။ humming birds လေးတွေ လာစားကြတယ်။ ဓာတ်ပုံရိုက်ဖို့ ကြိုးစားပေမဲ့ မြန်လွန်းလို့ ဘယ်လိုမှရိုက်လို့မရဘူး။ ဟိုက်ကင်းထွက်ရမဲ့ဖက်ကို မေးကြည့်တော့ ဆိုင်ဝန်ထမ်းက လမ်းညွှန်ပေမဲ့ မသေချာမရေရာဖြစ်နေတဲ့ ကိုယ်တို့ကို စိတ်မချလို့ ဆိုင်ဝန်ထမ်းလေးက ဆိုင်အပြင်ဖက်ထွက်ပြီး သေသေချာချာ လမ်းညွှန်ပေးတယ်။ ဖုန်းမှာစစ်ကနယ်မရှိ ဘယ်နေရာဘယ်လမ်းလို့ မှတ်သားရအောင်လည်း တခုတည်းသော လမ်းမကြီးရဲ့ဘေးမှာ ဘယ်တောင်လို့ မှတ်သားရအောင်လည်း တောင်တွေက အတူတူ။ ဓာတ်ပုံရိုက်လို့ ကောင်းမဲ့နေရာတွေဆိုရင် ဓာတ်ပုံရိုက် ဖြတ်သန်းသွားတဲ့ ကားကြောပြတ်တယ်။ ဒရိုင်ဘာအန်တီကြီးပြခဲ့တဲ့ RV ကားတွေရပ်ထားတဲ့ နေရာတွေ့တော့မှ ကိုယ်တို့သွားနေတဲ့လမ်းကြောင်း မှန်တယ်ဆိုပြီး စိတ်နည်းနည်းအေးသွားတယ်။ နောက်မိုင်ဝက် လျှောက်ပြီးတဲ့အခါ ကားပါကင်ကိုတွေ့ပြီး ထရေလမ်းကိုတွေ့တော့မှ ရောက်ပြီဟေ့လို့ စိတ်အေးသွားတယ်။ ဟိုက်ကင်းထွက်ပြီးလို့ ပြန်လာတဲ့သူတွေကို မေးကြည့်တော့ သိပ်မဝေးဘူး တမိုင်ခွဲသာသာလောက်ပဲတဲ့။ ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းလေးတွေ့တော့ ဓာတ်ပုံရိုက်ကြတယ်။ အယ်မလေး ... ခြင်တွေဆိုတာ အုံခဲနေတာပဲ တဘန်းဘန်းနဲ့ရိုက်။ တချို့တွေဆို ခေါင်းမှာ ခြင်ကာပိုက်ကွန်လေးတွေနဲ့။ ထရေးလမ်းက ပြေပြစ်တယ် သန့်ရှင်းတယ် အမျိုးသမီးသုံးယောက်နဲ့ ပါလာတဲ့ corgi ခွေးလေးက ကိုယ်တို့သုံးယောက်ကို စပ်စုတယ်။ ကိုယ်က အို့အို့ခေါ်တော့ ကိုယ့်ဆီပြေးလာတယ် ဝိုင်းတို့ညီအစ်မနှစ်ယောက် ပြေးကြတော့တာပဲ။ သူ့ကို ကြောက်လန့်တကြား ပြေးသွားတဲ့ အမျိုးသမီးနှစ်ယောက်ကိုတွေ့တဲ့အခါ ခွေးကအပြေးရပ်ပြီး နားလည်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီး သူ့သခင်မတွေဆီ ပြန်ပြေးသွားတယ်။ ကမ္ဘာကြီး ပူနွေးလာတယ် ရေခဲမြစ်တွေ အရည်ပျော်လာတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ရတယ်။ နောက်အနှစ်နှစ်ဆယ် ရေခဲမြစ်တွေ မရှိတော့တဲ့အခါ ဝက်ဝံတွေ ဘယ်လိုအသက်ရှင်သန်ကြမလဲ။ ကမ္ဘာကြီးပူနွေးလာမှုအတွက် ကိုယ်လုပ်နိုင်တာတွေက recycle ပစ္စည်း စွန့်ပစ်ပေးမယ်၊ တခါသုံးပလတ်စတစ်တွေ သုံးတာလျှော့မယ်၊ ပရင့်တာကနေ မလိုအပ်ဘဲ print လုပ်တာတွေ လျှော့မယ်၊ စပရေးတွေ သိပ်မသုံးဘူး၊ တတ်နိုင်သလောက် သစ်ပင်စိုက်ပျိုးပေးမယ်။
ကိုယ်တို့ကို ချပေးခဲ့တဲ့ ကာဖီဆိုင် |
ခြင်တွေက အုံခဲနေတော့ ကြာကြာမနေနိုင်ဘူး လာလမ်းအတိုင်းပြန်လျှောက်။ စစ်ကနယ်မိတဲ့နေရာရောက်ရင် ကမ္ဘာ့ဖလားပွဲမှာ ပြင်သစ်နဲ့ ခရိုရေးရှား ဘယ်သူဗိုလ်စွဲသလဲဆိုတာ စစ်ကြည့်လိုက်တော့ ပြင်သစ်နိုင်တယ်။ ကာဖီဆိုင်နားမကွေ့ခင် ရေကန်တခုတွေ့တော့ သွားကြည့်ကြတယ်။ ဟက်စကီးခွေးနှစ်ကောင်နဲ့ စုံတွဲက သိမ်းငှက်တွေ့တယ်လို့ သတင်းပေးတယ်။ မကြာခင် ကမ်းပင်းထွက်ဖို့ စုံတွဲတတွဲရောက်လာတော့ ကောင်မလေးက ကိုယ်တို့တည်းခဲ့ဖူးတဲ့ဟိုစတယ်က ဧည့်ကြိုကောင်မလေး။ ဝိုင်းကိုပြောပြတော့ ဟုတ်သလိုပဲ မမှတ်မိဘူးတဲ့။ သေချာပါတယ် ကိုယ်လား အဲ့ဒီလို လူတွေ၊ လမ်းတွေ၊ ပစ္စည်းတွေကို သိပ်မှတ်မိတာ စာကျတော့ မမှတ်မိဘူး။ အဲ့ဒါအဖေ့ဆီက ရတာနေမှာ အဖေက အိမ်မှာ ဘယ်ပစ္စည်းက ဘယ်နေရာမှာဆိုတာ မှတ်မိတယ်။ ပစ္စည်းရှာမတွေ့လို့ကတော့ အဖေ့ကိုသာမေးကြည့်။ ပိုက်ဆံအုပ်ထဲမှာ ဘယ်လောက်လျှော့နေတယ် ဘယ်လောက်ဆိုတာ မှတ်မိတယ် ကိုယ်က အဲ့ဒီလောက် မမှတ်မိဘူး။ သူ့အမှတ်အသားနဲ့သူ လမ်းတွေကို မှတ်မိတယ်။ အဖေ လမ်းမှားမျက်စိလည်မှာကို စိုးရိမ်စရာမလိုဘူး။ မကြီးလည်း အသက် ၁၈ တုန်းက တခါပဲတွေ့ဖူးတဲ့ အစ်မတယောက်ကို နောက် ၂၀ နှစ်အကြာ တီဗွီဖန်သားပြင်မှာတွေ့တော့ မှတ်မိတယ်။ ကာဖီဆိုင်ပြန်ရောက်တော့ ရှယ်တယ်ဘတ်စ်ကို ဖုန်းခေါ် ခုဏလေးကပဲ ရှယ်တယ်ဘတ်စ်ကလူကို တွေ့လိုက်တယ် ဆယ့်ငါးမိနစ်ကြာရင် လာကြိုမယ်တဲ့။ ကာဖီဆိုင်ထဲက လက်ဆောင်ပစ္စည်းရောက်တဲ့ဆိုင်ကို window shopping လုပ်။ ရေခဲမုန့်ဝယ်စားကြတော့ mountain huckle berry တဲ့ ကိုယ်စားဖူးသမျှ ရေခဲမုန့်ထဲမှာ အကောင်းဆုံးပဲ။ huckle berry ဆိုတာ ဝါရှင်တန်၊ ကနေဒါ၊ အလာစကာပြည်နယ်မှာပဲ တွေ့ရတဲ့ ဘယ်ရီတမျိုးတဲ့။ ပရိုင်းမတ်နဲ့ လုပ်ထားတယ်ဆိုတဲ့ လည်ဆွဲ၊ နားကပ်၊ လက်ကောက် ဈေးအရမ်းကြီးတယ် ၄၀၀ ကျော်တယ်။ ဝိုင်းမြောက်ပေးတာနဲ့ နားဆွဲလေး ဝယ်လိုက်တယ်။ လူတယောက်က ရယ်ဒီဖြစ်ပြီလားလို့ လာမေးတော့ ကိုယ်တို့က ခရူစီးမှာမဟုတ်ဘူးလို့ ပြောတော့ သူက ရှယ်တယ်ဘတ်စ်ကတဲ့။ Wildlife စင်တာမှာ ဝင်ခေါ်ရဦးမယ် ကိုယ်တို့ကို အပြင်မှာချပေးခဲ့တယ် အထဲကိုလျှောက်မသွားနဲ့ Wildlife စင်တာထဲကို တစ်ကဒ်မရှိဘဲဝင်ရင် ဒဏ်တပ်ခံနေရမှာစိုးလို့တဲ့။ စိတ်ချပါ ဒီကျောက်ဆောင်ကနေ ဘယ်မှမသွားဘူး အဲ့ဒီကျောက်ဆောင်နားမှာပဲ ဓာတ်ပုံပတ်ရိုက်နေကြတယ်။
အပြန်လမ်းက အင်မတန်သာယာတယ် ဘေးမှာမြစ်။ ရေတံခွန်နားရောက်တော့ ဓာတ်ပုံရိုက်ဖို့ ကားရပ်ပေးတယ်။ ဖိုတိုဂရပ်ဖီသင်နေတဲ့ ဟန်က အော်တိုမုဒ်နဲ့မရိုက်ဘဲ ချိန်ဆပြီးရိုက်တာ လင်းထိန်နေလို့ ဝိုင်းကမဲ့ရွဲ့ပြီးဆူ။ ကယ်လီဖိုးနီးယားကို သွားတုန်းက ဟန့်ကင်မရာနဲ့ရိုက်တာ တပုံမှအကောင်းမရဘူး အိုင်ဖုန်းနဲ့ရိုက်တာတွေပဲကောင်းတယ်။ စမ်းသပ်နေတာ လေ့ကျင့်နေတာတဲ့ ခုလိုခရီးသွားတဲ့အချိန်မှာ မလေ့ကျင့်သေးဘူး နောက်တခေါက်ရောက်ဖို့မလွယ်ဘူး အော်တိုမုဒ်နဲ့ပဲ ရိုက်သင့်တယ်။ သစ်သားကို လက်ရောက်မြောက်စွာ ထွင်းထုတားတဲ့ ဆိုင်တဆိုင်မှာ ခဏရပ်ပေးတယ်။ တိုးကုမ္ဗဏီတွေဟာ ဒေသခံဆိုင်တွေမှာ ရပ်ပေးလေ့ရှိတယ်။ တိုးခရီးသည်တွေဟာ တခုမဟုတ် တခုတော့ ဝယ်ကြတာပဲ။ ဒီလိုနည်းနဲ့ တိုးကုမ္ဗဏီတွေဟာ ဒေသခံဆိုင်တွေကို တဖက်တလမ်းကနေ ကူညီပေးကြတယ်။ နေ့လည်စာ ဂျပန်ဆိုင်မှာ စားတယ် စားကောင်းတယ်။ ဆိုင်မှာလုပ်တဲ့သူတွေက ကိုရီယားမတွေ ဘယ်ကလဲမေးတော့ ဗီယက်နမ်နဲ့ မြန်မာလို့မေးတော့ သူတို့လုပ်ဖော်ကိုင်ဖက်တယောက်က မြန်မာ ဒီနေ့ခွင့်ယူထားတယ်တဲ့။ နွေရာသီဆိုရင် တပတ်မှာ တနင်္ဂနွေတရက်တည်းသာဖွင့်တဲ့ ဈေးကိုသွားလည်ကြတယ်။ ညနေငါးနာရီထိုးပြီဆိုတော့ ဆိုင်ခန်းတွေ သိမ်းနေပြီ။ လက်မှုပစ္စည်းလေးတွေ အင်မတန်လက်ရာမြောက်တယ်။ အိမ်ပိုင်ဆိုရင် ဧည့်ခန်းမှာထားဖို့ လက်မှုပစ္စည်းလေးတွေ ဝယ်ချင်ပေမဲ့ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ နေတဲ့သူဆိုတော့ မဖြစ်မနေအသုံးလိုတဲ့ ပစ္စည်းလောက်ပဲ ဝယ်တော့တယ်။ အိမ်ပြောင်းရင် သိမ်းရဆည်းရ ထုပ်ပိုးရတာ မလွယ်ဘူး။ ကိုယ်ဝယ်လာတဲ့ နားဆွဲလေးက ၈ ကျပ်လောက် သက်သာနေလို့ ရင်ထုမနာဖြစ်လိုက်သေးတယ်။ သြော် ... နားဆွဲဈေးက ပေါက်ဈေး ဈေးမှာမို့လို့ သက်သာတာ ဈေးရောက်မယ်လို့ ဘယ်သူကသိမှာလဲလို့ ဖြေသိမ့်ရသေးတယ်။ Vistior Center ဝင်လည်ပြီး အမ့်ကာ့ရေ့မှာ ဘယ်တွေလည်ပတ်လို့ရလဲမေးတော့ ကိုယ်တို့ရောက်ခဲ့တဲ့ အန်တိုနီထရေးလမ်း၊ သရဲအိမ်၊ ရေခဲတောင်ဟိုက်ကင်း၊ ကနူးလှေ။ ရေခဲတောင်ဟိုက်ကင်း ထွက်ချင်ရင် ဒီဖုန်းနံပါတ်ကိုခေါ် တနေ့ဘယ်နှစ်ယောက်ပဲ လက်ခံတယ်။ တောင်ပေါ်မှာ အရမ်းအေးတယ် ကိုယ့်ကိုလက်ညှိုးညွှန်ပြပြီး သူ့လို vest ဝတ်မှရမယ်။ Vistor Center က အဘွားကြီးတွေ အင်မတန်သဘောကောင်းတယ်။ တော်ပါပြီ ဟိုက်ကင်း ပြတိုက်လည်း မလည်ချင်ဘူး မနက်ဖြန် အန်တိုနီထရေးလမ်း ဟိုက်ကင်းထွက်ပြီး လျှော့ပင်းထွက်မယ် ပေါ့ပေါ့ပါးပါးပဲပေါ့။ အလာစကာခရီးစဉ်ရဲ့ နောက်ဆုံးနေ့ အမ့်ကာ့ရေ့မှာ ဘယ်တွေသွားပြီး ဘယ်လိုလျှော့ပင်းထွက်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၁၁၊ ၂၀၁၈။
ဆန်းဒွတ်တခုပဲ ကုန်တယ် |
humming birds အစာကျွှေးတဲ့ဟာ |
စစ်ကနယ်မိလို့ ကမ္ဘာ့ဖလားပွဲ ဘယ်သူဗိုလ်စွဲလဲ စစ်တဲ့နေရာ |
ကိုယ့်ဆီပြေးလာပေမဲ့ ခွေးကြောက်လို့ ထွက်ပြေးတဲ့ ဝိုင်းတို့ညီအစ်မကို ကြည့်နေတဲ့ corgi ခွေး |
dog friendly, kids friendly trail |
ချစ်ဖို့ကောင်းတဲ့ golden retriever |
yayyy ... we made it ! |
|
စားဖူးသမျှထဲမှာ အကောင်းဆုံး ရေခဲမုန့် Mountain Huckle berry ဆိုတာ ဝါရှင်တန်၊ ကနေဒါ၊ အလာစကာမှာပဲ ပေါက်တဲ့ဘယ်ရီတဲ့ |
ဟန် လက်စွမ်းပြထားတဲ့ ရေတံခွန်ဓာတ်ပုံ slow shutter speed, lowest ISO, highest aperture လို့ ပြောတာပဲ တခါမှ မစမ်းရသေး |
ခဏရပ်ပေးတဲ့ ဒေသခံ လက်မှုပစ္စည်းဆိုင် |
ကိုရီးယားမတွေရောင်းတဲ့ ဂျပန်စာ |
အမ့်ကာ့ရေ့ မြို့လည်ကောင် |
နွေရာသီ တပတ် တနင်္ဂနွေနေ့သာဖွင့်တဲ့ ဈေးပွဲတော် |
အရမ်းကြိုက်လို့ နေ့တိုင်းဆွဲ တဖက်ပျောက်သွားတဲ့ မြောက်အလင်းတန်း ဖန်နားဆွဲ |
No comments:
Post a Comment