ဒီဖက် တချက်ကြည့်ပြီး မောင်းကြတယ်။ မိန်းလမ်းမကြီးအတိုင်း ဆယ်မိနစ်လောက် လမ်းလျှောက်ပြီး Exit Glacier ကြိုပို့ပေးမဲ့အိမ်ဆီ သွားကြတယ်။ စုံတွဲတတွဲကို ရေခဲတောင်တက်ဖို့ သင်ပေးနေတယ်။ သိပ်မကြာပါဘူး ဗင်ကားလေး လာကြိုတယ် တနေရာမှာ စုံတွဲတတွဲကို ဝင်ခေါ်တယ်။ Exit Glacier ကို နာရီဝက်လောက် မောင်းရတယ်။ ကားပါကင်မှာ ရပ်ပေးပြီး နောက်ထပ်နှစ်နာရီကြာရင် လာခေါ်မယ်တဲ့။ Exit Glacier က တမိုင်ကျော်လောက်ပဲ လျှောက်ရမှာဆိုတော့ နှစ်နာရီနဲ့ လုံလောက်ပါတယ်တဲ့။ ရိမ်းဂျားစတေရှင်းမှာ မြေပုံယူပြီး ချီတက်ကြတယ်။ ဟန်က ဂလက်စီယာလို့ပြောနေလို့ ဂလေရှာ Glacier ကို ဗီယက်နမ်လို ဂလက်စီယာလို့ ခေါ်တာလားလို့မေးတော့ ဟုတ်တယ်တဲ့။ ကိုယ်ငယ်ငယ်တုန်းက ပထဝီဘာသာရပ်သင်တုန်းကလည်း ဂလက်စီယာလို့သင်တယ်။ ပြင်သစ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် တတ်မြောက်တဲ့ဝိုင်းက ပြင်သစ်လို ဂလက်စီယာလို့ အသံထွက်ပါသတဲ့။ ထရေးလမ်းလေးက ပြေပြေလေး ရေစီးသံတွေ ကြားရတယ်။ နောက်တော့ တောင်ကုန်းတွေက မတ်လာတယ် လမ်းတွေက မပြေပြစ်တော့ဘူး။ ၂၀၁၅ တုန်းက ရေခဲမြစ်က ဒီနားအထိရှိသေးတယ် ခုတော့ ဟိုးတမိုင်အဝေးမှာ။ ကမ္ဘာကြီးပူနွေးလာတာကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတော့တာပဲ။ နောက်အနှစ်နှစ်ဆယ်ကို ရေခဲမြစ်တွေ ရှိတော့မှာမဟုတ်ဘူး။ ဒီဟိုက်ကင်းက kids friendly တင်မဟုတ်ဘူး dog friendly။ golden retriever ခွေးနှစ်ကောင်ဆို အမြီးလေးနှံ့တန့်နှံ့တန့်နဲ့ အေးအေးသက်သာပဲ တောင်တက်နေကြတယ်။ ခွေးလေးတွေမြင်တိုင်း ခွေးတကောင်လောက် မွေးချင်တယ်။ ခုတော့ ခွေးမွေးဖို့မပြောနဲ့ ကိုယ့်ကိုကိုယ်တောင် မနည်းပြုစုစောင့်ရှောက်နေရတယ်။ တချို့တွေက ရေခဲမြစ်ပေါ်မှာ လမ်းလျှောက်ကြတယ်။ မျက်နှာပြင်ကမညီလို့ တချို့တွေ ချော်လဲကြတယ်တဲ့။
Alaska Sealife Center နောက်ဖက်ကနေ မြင်ရတဲ့ ရှုခင်း |
ရေခဲမြစ်ပေါ် လမ်းမလျှောက်တော့ပါဘူး ချော်လဲဒဏ်ရာရရင် မလွယ်ဘူး။ ရိမ်းဂျားစတေရှင် ပြန်ရောက်တော့ နည်းနည်းမောလာပြီ။ ဗင်ကားမတွေ့လို့ ကားပါကင်မှာ သွားရှာသေးတယ် မတွေ့ဘူး။ ခဏနေတော့ ဗင်ကားဝင်လာတယ် နှစ်နာရီကွက်တိပဲ။ ရထားဘူတာရုံ ဘယ်မှာလဲလို့ ဗင်ကားသမားကို မေးကြည့်တော့ ကိုယ်တို့နောက်မှာထိုင်တဲ့ စုံတွဲကို ရထားဘူတာရုံနားမှာ ချပေးမှာတဲ့။ ဟင် ... ရထားဘူတာရုံက ခရူသင်္ဘောဂိတ်နားမှာပဲ။ ဂူဂယ်မတ်မှာပြတော့ ရေသတ္တဝါပြတိုက်နားမှာ ကိုယ်တို့တောင် မနက်ကတွေ့ခဲ့သေးတယ်။ အဲဒါ ရထားဘူတာဟောင်း အဲ့ဒါကြောင့် သံလမ်းမတွေ့တာကိုး။ Exit Glacier ကြိုပို့ကနေ မိုတယ်ဆီကို ဆယ်ငါ့းမိနစ်လောက် လမ်းလျှောက်ရတယ်။ လက်ကေ့အိတ်တွေယူ ရထားဘူတာရုံဆီ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတယ်။ ရထားဟာ ဆီဝတ်မြို့ကနေ ညနေ ၆ နာရီမှာ ထွက်ခွာပြီး အမ့်ကာရေ့မြို့ကို ည ၁၀ နာရီ ၁၅ မိနစ်မှာ ရောက်မှာပါ။ တနာရီစောစော ချက်ကင်ဝင်ရပြီး အိုင်ဒီပြလိုက်ရင် ရထားလတ်မှတ်တွေ ထုတ်ပေးတယ်။ လက်ကေ့အိတ်တွေကို လက်ကေ့အိတ်ချက်ကင်နေရာမှာ ထားခဲ့ရတယ်။ စောနေသေးတော့ ဘူတာရုံနား ဓာတ်ပုံပတ်ရိုက်မလားလို့ဟာ မိုးရွာလာတာနဲ့ ဘူတာရုံထဲ ပြန်ပြေးရတယ်။ ရထားဘူတာက အိမ်သာတွေက အင်မတန်သန့်တယ်။ ဟန်ကဆို မွှေးကြိုင်နေတာပဲလို့ ချီးမွမ်းတယ်။ အေ၊ ဘီကားက မြင်ကွင်းကျယ် Golden Domes ဈေးကြီးတယ်။ ကိုယ်တို့စီးတဲ့ စီဒီကားက Adventure Class ဈေးပေါတယ်။ နောက်ဆုံးတွဲက Wilderness ကား ဈေးကြီးတယ်။ ရထားဘေးနား အေဘီစီဒီ အဝါရောင်အလံတွေ လိုက်စိုက်ပြီး ဆူဗာဗိုက်ဆာ အချက်ပြတော့မှ ဝန်ထမ်းတွေက လတ်မှတ်စစ်ပြီး ရထားပေါ်တက်ခွင့်ပြုတယ်။ ကိုယ့်ထိုင်ခုံဘယ်နေရာမှာဆိုတာ ရှာဖွေပြီး ဒီကားပေါ်က မြင်ကွင်းကျယ် မြင်ရတဲ့ ထပ်ခိုးလေးဆီ ပြေးကြတယ်။ မိုးရွာနေတော့ ဓာတ်ပုံရိုက်လို့မကောင်းဘူး။ မှန်ဘောင်ပေါ် မိုးရေတွေတွဲလွဲခိုနေတာ ကဗျာဆန်လှချည်ရဲ့ဆိုပြီး ဓာတ်ပုံရိုက်လိုက်သေးတယ်။ ရထားထွက်တာနဲ့ ရထားဘေးတလျှောက် မြင်ရတာတွေ ရှင်းပြသွားတာ တချက်လေးမှ မငြီးငွေ့ရဘူး။ ဝိုင်းတို့ညီအစ်မက အိပ်ချင်တယ်ဆိုပြီး ထိုင်ခုံပြန်သွားကြတယ်။
ဘေးမှာမြင်ရတဲ့ တံတား၊ မြို့ရွာတွေအကြောင်း၊ ရေအိုင်ရေစပ်တွေ့ရင် moose ကို ရှာဖွေခိုင်းသေးတယ်။ ဝက်ဝံအမေကြီးနဲ့ ကလေးနှစ်ယောက်ကို တွေ့ရလို့ အသည်းအသန် လိုက်ကြည့်ရတယ်။ သိမ်းငှက်တွေ့ရင် ဘယ်နေရာမှာဆိုတာ သေသေချာချာ ပြောပြပေးတယ်။ ရေခဲမြစ်ကို ထင်ထင်ရှားရှား မြင်ရတဲ့နေရာရောက်ရင် ရထားကိုအရှိန်နှေးပေးပြီး ဓာတ်ပုံရိုက်ဖို့ ကင်မရာကို အသင့်ပြင်ခိုင်းတယ်။ အလာစကာမှာ ဘတ်စ်ကားစီးရင် ဈေးချိုတယ်၊ မြန်တယ် ရထားက ဈေးကြီးတယ်၊ နှေးတယ်။ ကိုယ်တို့က ဆီဝတ်ကိုအလာတုန်းက ဘတ်စ်ကားစီးပြီး အပြန်မှာ ရထားစီးတယ် ဒီတော့အလှနှစ်မျိုး မြင်ရတယ်။ ကိုယ်ကတော့ အလာစကာမှာ ရထားစီးရတာ ပိုကြိုက်တယ်။ မြို့တမြို့ရောက်တဲ့အခါ ခေါင်မိုးထပ်မှာ ရောက်နေတဲ့ စီကားကခရီးသည်တွေ ကိုယ့်ထိုင်ခုံကို ပြန်လာပါလို့ ကြေငြာတော့ ပြန်လာရတယ်။ နောက်တော့ အိပ်ငိုက်လိုက် နိုးလာရင် ဘေးပတ်ဝန်းကျင်ကိုငေးလိုက်နဲ့ ည ၁၀ နာရီခွဲခါနီးမှ အမ့်ကာရေ့မြို့ရောက်တယ်။ အလာစကာနွေရာသီဆိုတော့ ည ၁၀ နာရီခွဲပေမဲ့လည်း လင်းထိန်နေတုန်း။ တက္ကစီဒရိုင်ဘာကို ဟိုတယ်လိပ်စာပေးတော့ နီးနီးလေးကိုတဲ့ နီးနီးလေးမှန်းသိတယ် နောက်ထပ်မိနစ် ၂၀ လမ်းမလျှောက်ချင်တော့လို့ တက္ကစီငှားတာ။ ဝိုင်းက ဟိုတယ်နာမည်ပြောတော့ အူကြောင်ကြောင် ဖြစ်နေတယ်။ ကိုယ်က ဟိုတယ်နာမည် အပြည့်အစုံပြောတော့ အေး သိတယ် နာမည်အပြည့်အစုံပြောတာ မဟုတ်ဘူးလို့ အပြစ်တင်လိုက်သေးတယ်။ စိတ်ထဲမကျေနပ်ပေမဲ့ ဘာမှမပြောတော့ဘူး ပြီးတော့ တဖ်စ်လည်းမပေးလိုက်ဘူး အမြင်ကပ်လို့။ နေးတစ်အမေရိကန်ဟိုတယ်ဝန်ထမ်းတွေက သဘောကောင်းတယ်။ အန်ကယ်ကြီးတယောက်ကဆို ဓာတ်လှေကားမရှိလို့ လက်ကေ့အိတ်တွေကို သုံးထပ်အထိ သယ်ပေးတယ်။ နက်ဖြန် ဂျူလှိုင် ၁၅ တနင်္ဂနွေ အလာစကာခရီးစဉ် နောက်ဆုံးနေ့။ လေယာဉ်က ည ၉ နာရီ ၂၀ ဆိုတော့ အမ့်ကာရေ့မှာ တနေကုန်လည်လို့ရတယ်။ အမ့်ကာရေ့ မြို့ထဲတခွင် အနှံ့လည်ပြီးပြီ။ မလည်ရသေးတာဆိုလို့ အလာစကာပြတိုက်ပဲ ကျန်တယ် ပြတိုက်ကို သွားမလည်ချင်ဘူး။ ဘယ်ကိုသွားလည်ရင် ကောင်းမလဲလို့ ဝိုင်းတို့ညီအစ်မတွေ ရှာဖွေကြတော့ Portage မှာ ဟိုက်ကင်းလုပ်ဖို့ ရွေးချယ်လိုက်ကြပြီး viator ဆိုဒ်မှာဘွတ်။ အလာစကာ နောက်ဆုံးနေ့ Portage မှာ ဟိုက်ကင်းတဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၃၊ ၂၀၁၈။
ဘေဘီ Sealion ကို အစာကျွှေးနေတာ အရမ်းချစ်ဖို့ကောင်းတယ် |
တချိန်လုံး ထိုးပျံဝဲနေတယ် |
Sea Salt ဆိုင်မှာစားတဲ့ နေ့လည်စာ |
အမ့်ကာရေဆီ သွားမဲ့ရထား |
ဘူတာရုံနားကပန်း |
No comments:
Post a Comment