အလာစကာသွား ‌တောလား - ၁၂

ဂျူလှိုင် ၁၃ သောကြာနေ့ အမ့်ကာရေ့မြိ ု့ကနေ ဘတ်စ်ကားဟာ မနက် ၇ နာရီထွက်ပြီး ဆီဝတ်မြို့ Seward မနက် ၉  နာရီ ၄၅ မိနစ်လောက်မှာ ရောက်ပါတယ်။ ဟိုစတယ်မှာ မနက်စာအဖြစ် ဟန်ယူလာတဲ့ ပဲပိစပ်မှုန့်ကို ရေနွေးနဲ့ဖျော်သောက်၊ ကိုယ်ယူလာတဲ့ အစေ့အနှံတွေကို စားကြတယ်။ မနက် ၆ နာရီခွဲ ဟိုတယ်ကနေ ချက်အောက်လုပ်ကြပြီး ဘတ်စ်ကားဂိတ်ကို ၁၀ မိနစ်လောက် လမ်းလျှောက်ရတယ်။ မနက် ၆ နာရီ ၄၅ မိနစ် ဘတ်စ်ကားဂိတ်မှာ ချက်ကင်ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဆီဝတ်မြို့ဆီ သွားမဲ့သူတွေ တော်တော်များတယ်။ ကိုယ့်ရှေ့မှာ အိန္ဒိယလင်မယား၊ ကိုယ့်ဘေးမှာ သူတို့သား အိန္ဒိယဆယ်ကျော်သက်၊ ဝိုင်းနဲ့ဟန်က ကိုယ့်ဘေးကခုံမှာ။ လမ်းတလျှောက် မြင်ရတဲ့ရှုခင်းတွေက အင်မတန်လှတယ်။ ဘေးတဖက်တချက်မှာ တောတောင်၊ တဖက်ခြမ်းမှာမြစ်။ ရေတက်ရေကျချိန်ဆို ဝေလငါးတွေလာတာ တခါတလေ တွေ့ရတယ်တဲ့။ ဘတ်စ်ကားမောင်းတဲ့ အန်ကယ်ကြီးက အလာစကာကို လာလည်ရင်း သဘောကျလို့ အလာစကာမှာပဲ နေတော့တာတဲ့။ လမ်းပြင်နေလို့ တလမ်းတည်း ဖြည်းဖြည်းမောင်းရတယ်။ လုံခြုံရေးအစောင့်က မောင်းဆိုတဲ့ဆိုင်းဘုတ်ပြမှ မောင်းရတာ။ အလာစကာရဲ့ နွေရာသီဟာ တိုတောင်းပြီး ၂၄ နာရီ နေမဝင်တော့ လမ်းပြင်ဆင်တာတွေကို နွေရာသီမှာ အားခြင်းလုပ်ကိုင်ရတယ်တဲ့။ ဓာတ်ဆီဆိုင်မှာ ခရီးသည်လေးယောက် တက်လာတယ်။ ဒရိုင်ဘာက အံ့သြနေတယ် သူ့ကိုဘာမှလည်း မပြောထားလို့။ ဘတ်စ်ကားဂိတ်ကို ဖုန်းဆက်ကြည့်တော့ ဟုတ်တယ် ဂတ်စ်ဆိုင်မှာ စောင့်နေလို့ ပြောထားတယ်တဲ့။ ဒရိုင်ဘာက ကံသီပေလို့ ဒီနေ့လမ်းပိတ်လို့ ဖြည်းဖြည်းမောင်းရလို့ ပုံမှန်ဆို ဓာတ်ဆီဆိုင်မှာ ရပ်ထာမဟုတ်ဘူးတဲ့။ ဆီဝတ်မြို့လေးဟာ ဆိပ်ကမ်းမြို့လေး မော်တော်ဘုတ်တွေ အများကြီးတွေ့ရတယ်။ အပျော်စီးခရူသင်္ဘောအကြီးကြီးတွေ့တယ်။ မိုတယ်က မြစ်ဘေးနားက မိန်းလမ်းမကြီးပေါ်မှာ ဘတ်စ်ကားဂိတ်ကနေ ဆယ်မိနစ်လောက် လျှောက်ရတယ်။ စောနေသေးတော့ ချက်ကင်ဝင်လို့မရဘူး လက်ကေ့အိတ်တွေထားပြီး  ခရူသင်္ဘောစီးရမဲ့နေရာရှာတော့ ဘတ်စ်ကားဂိတ်ဖက် ဖြစ်နေတယ်။

ဗိုက်ဆာနေလို့ လမ်းတလျှောက် စားသောက်ဆိုင်တွေ ဝင်ကြည့်တာ fast food တွေချည်းပဲ။ ခရူသင်္ဘောမှာ ချက်ကင်ဝင်တော့ စောနေသေးတယ်။ သူတို့ကဖေးဆိုင်မှာ ဘာအစားအစာရမလဲ ကြည့်ကြည့်တော့ ကော်ဖီ၊ ဟော့ဒေါ့။ သင်္ဘောပေါ်မှာ ဘူဖေးဝယ်စားလို့ရတယ်ဆိုတော့ ဘူဖေးဝယ်စားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဝိုင်းနဲ့ဟန်က ကောင်တာမှာရောင်းတဲ့ လှိုင်းမှုးပြေဆေး ဝယ်သောက်ကြတယ်။ ပင်လယ်မှာကြီးပြင်းခဲ့တဲ့ကိုယ်က လှိုင်းမမှုးတတ်တဲ့သူဆိုတော့ လှိုင်းမူးပြေဆေး မလိုဘူး။ ရာသီဥတုက မှောင်မှိုင်းနေပြီး စိမ့်နေအောင်အေးတယ်။ ထွက်ခွာမဲ့သင်္ဘောနှစ်စီးဆိုတော့ ကိုယ်တို့စီးရမဲ့သင်္ဘောဟုတ်မဟုတ် စစ်ဆေးရသေးတယ်။ သင်္ဘောပေါ်ရောက်လို့ ထိုင်ခုံရွေးကြတော့ ကိုယ်တို့က ဘူဖေးစားမဲ့သူတွေဆိုတော့ အပေါ်ထပ်ကထိုင်ခုံ နံပါတ်စဉ်နဲ့ ထိုင်ရတယ်။ ထိုင်ခုံပေါ်မှာ တိုးခရီးစဉ်အကြောင်း စာရွက်လေးတွေ တင်ထားတယ်။ မှန်ပြောင်းကြည့်ချင်ရင် ရှေ့ဆုံးခုံမှာ တင်ထားတဲ့မှန်ပြောင်းတွေ သွားယူလို့ရတယ်။ Safety အတွက် လိုက်နာရမဲ့စည်းကမ်းတွေ ရှင်းပြပါတယ်။ လက်တန်းကိုကိုင်ဖို့ သတိထားသွားဖို့ စသည်ဖြင့်ပေါ့။ သင်္ဘောပေါ်မှာ အမျိုးသားဥယျာဉ်ဝန်ထမ်းက Kenai Fjord ကီနိုင်းဖီဂျော့ အမျိုးသားဥယျာဉ်အကြောင်း ရှင်းပြပါတယ်။ ကလေးအတွက် ဂျူနီယာရိမ်းဂျား ပရိုဂရမ်ရှိပြီး ညဏ်စမ်းပုစ္ဆာလေးတွေဖြေ အမျိုးသားဥယျာဉ်အကြောင်းရှင်းပြ  လက်ဖဝါးမြှောက်ပြီး ကီနိုင်းဖီဂျော့ အမျိုးသားဥယျာဉ်ကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ဆို။ အမျိုးသားဥယျာဉ်ဝန်ထမ်းက ရင်ထိုးလေးတွေ တပ်ဆင်ပေးပြီးတဲ့အခါမှာ အနီးအနားကလူတွေက လက်ခုပ်တီးကြတယ်။ ဂျူနီယာရိမ်းဂျားသင်တန်းဆင်းပွဲ ပြီးပါပြီ။ အင်မတန်ကောင်းတဲ့အစီအစဉ်လေး ကလေးတွေကို အသိပညာဗဟုသုတပေးတာ။ ဒီခရူသင်္ဘောက မိသားစုပိုင်လုပ်ငန်းပါ သမ္မတအိုဘားမား လာလည်တုန်းက ဒီခရူသင်္ဘောနဲ့ ကီနိုင်းဖီဂျော့အမျိုးသားဥယျာဉ်ကို လိုက်ပြတာပါ။ အလာစကာရောက်တော့မှ ကမ္ဘာကြီးပူနွေးလာတာတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့တာပဲ။



သင်္ဘောက တနာရီမိုင်၆၀နဲ့မောင်းတယ်။ သင်္ဘောနောက်ဖက်ကို သွားထိုင်ကြည့်တယ် လေတဟူးဟူးတိုက်ပြီး လွင့်ထွက်သွားမလား ထင်ရတယ်။ အေးခဲလာလို့ အတွင်းဖက်ကို ပြန်ပြေးရတယ်။ ဘေးတဖက်တချက်မှာ ရေခဲမြစ်တွေ၊ ကျောက်တောင်တွေ၊ ဇင်ယော်တွေ မြင်ရတယ်။ အင်မတန်လှပတဲ့ နေရာတစ်ခု။ ဗိုက်ဆာနေပြီ ဘူဖေးကအဆင်သင့် မဖြစ်သေးဘူး။ အဆင်သင့်ဖြစ်တော့လည်း ဘုတ်ပေါ်မှာပေါ်လာတဲ့ နံပါတ်စဉ်အလိုက် သွားယူရတာ။ စားလို့မဆိုးပါဘူး ဒါပေမယ့် အကောင်းကြီးတော့ မဟုတ်ဘူး။ ခရီးသွားရင် ကိုယ်စားချင်တာတွေ စားရမှာမှမဟုတ်တာ တခါတလေ မနက်စာနဲ့ညစာ ပေါင်းစားရတာတွေတောင် ရှိတယ်။ ဂျီပီအက်စ်ပေါ်မှာ ဘယ်ရောက်နေပြီဆိုတာ မြင်ရတယ်။ သင်္ဘောက အရှိန်နှေးလိုက်တော့ အပေါ်ထပ် ကပ္ဗတိန်ခန်းနား သွားကြည့်တယ်။ ဝေလငါးသုံးကောင် ရေတွေမှုတ်ထုတ်ပြီး ပေါ်လိုက်ပျောက်လိုက်။ မျက်စိရှင်ရှင်ထားပြီး ကြည့်ရတယ်။ ဇင်ယော်ငှက်တွေက ဝေလငါးပေါ်လာမဲ့ နေရာကိုသိတယ်။ whales, orcas, fin whales, humpbacks, minke whales, grey whales တွေရှိတယ်လို့ ပြောပေမဲ့ ကိုယ်က ဝေလငါးလောက်ပဲသိတယ်။ ၁ မိုင်ရှည်တဲ့ Aialik ရေခဲမြစ်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ ကြည့်လို့မဝဘူး မျက်စိမလွဲနိုင်ဘူး။ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး မျက်စိမလွဲဘဲကို ကြည့်နေတော့တာ။ ရေခဲတောင်တွေ ပြိုကျလို့ မြည်ဟီးသံတွေ ကြားရတယ်။ ရေခဲတောင်တွေ ဘာလို့အပြာရောင်ဖြစ်နေတာလဲဆိုတော့ ရေခဲတောင်ထဲက မော်လီကျူးတွေနဲ့ အလင်းရောင်ထိတွေ့အခါ အပြာရောင်ဖြစ်နေတာပါတဲ့။ sea lion ပင်လယ်ဖျံတွေကို တွေ့ရတယ် ပင်လယ်ဖျံတကောင်မှာ နံပါတ်ကြီးထင်းထင်းကြီး မြင်ရတယ်။ ဟိုးတောင်ပေါ်မှာ အစားစာနေတဲ့ black bear ကိုတွေ့ရတယ်။ ၆ နာရီကြာမြင်တဲ့ ခရူသင်္ဘောခရီးစဉ်ဟာ ကိုယ်စီးဖူးသမျှ ခရူသင်္ဘောထဲမှာ အကောင်းဆုံးပဲ။ အလာစကာကို လာလည်ရင် ဒန်နာလီအမျိုးသားဥယျာဉ်နဲ့ ဒီခရူသင်္ဘောကို မဖြစ်မနေသွားလည် စီးသင့်တယ်။ ကမ်းပေါ်ပြန်ရောက်တော့ စောနေသေးတာနဲ့ ဟိုတယ်ဆီသွားတဲ့ဖက်က ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။

တမိုင်လောက်လည်း ရှည်တယ်။ နောက်ထရေးလမ်းတခုကို သွားတဲ့လမ်းမှာဆုံတဲ့ စုံတွဲတတွဲကို မေးကြည့်တော့ ထရေးလမ်းက သိပ်မလှဘူးဆိုတာနဲ့ မိုတယ်ဆီပြန်လာတော့တယ်။ မိုးက တဖျောက်ဖျောက် ရွာနေတယ်။ မိုတယ်ဆီမှာ ချက်ကင်ဝင်တော့ ကူပွန်တွေပေးတယ်။ မြို့ထဲက ဘတ်စ်ကားဂိတ်နဲ့ တောင်မြောက်ပဲ။ မြို့ထဲကို မိနစ်၂၀လောက် လမ်းလျှောက်ရတယ်။ Sea Salt ဆိုင်မှာ ညစာစားတယ် အင်မတန်စားကောင်းတယ်။ လမ်းတလျှောက် အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်တွေကို ဝင်ကြည့်ကြတယ်။ ကနေဒါမှာလုပ်တဲ့ ဟမ်းချိန်းနှစ်ခု ဝယ်တယ်။ ကိုယ်ဟမ်းချိန်းမဝတ်တာ ဆယ်စုနှစ်တောင် ရှိတော့မယ်။ ခုတော့ ရှုပ်လို့ဆိုပြီး ဘာမှမပတ်ဘူး နာရီပဲပတ်တယ်။ ခုပတ်နေတဲ့နာရီက longines ပတ်လာတာ သုံးနှစ်ရှိပြီ ခုထိကြိုက်တုန်းပဲ။ မြို့လေးက သေးသေးလေး အိုင်အိုဝါပြည်နယ်က ကိုယ့်ကျောင်းမြို့လေးနဲ့တူတယ်။ မြို့ကသေးသေးလေးမဲ့ ဘုရားကျောင်းက သုံးကျောင်းတောင်။ ရာသီဥတုအေးလို့နဲ့ တူပါရဲ့ လက်နည်းနည်း ကိုက်ချင်တယ်။ သုံးနေကျမဟုတ်တဲ့ လိုးရှင်းလိမ်းမိလို့လားမသိဘူး ယားချင်ချင်။ လိုးရှင်းကြောင့် မဟုတ်ဘဲ ပိုလန်အလာဂျီများလား မသိဘူး။ ဝိုင်းတို့ညီအစ်မက မနက်ဖြန် ဘယ်ကိုသွားလည်ကြမလဲလို့ ရှာဖွေကြတော့ Exit Glacier ကို သွားတွေ့တယ်။ ဆီဝတ်မှာ ဟိုက်ကင်းထွက်မလား၊ ငါးမျှားမလား၊ ကနူးလှော်မလား adventure လုပ်စရာတွေ အများကြီး။ ကိုယ်တို့က ဟိုက်ကင်းပဲ လုပ်နိုင်တယ်။ မနက်စောစော ရေသတ္တဝါပြတိုက်သွားလည်၊ နေ့လည် ရှယ်တယ်ဘတ်စ်စီးပြီး Exit Glacier မှာ ဟိုက်ကင်းထွက်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၂၈၊ ၂၀၁၈။

https://www.viator.com/tours/Seward/Kenai-Fjords-National-Park-and-Chiswell-Islands-Cruise/d4368-7166P2

ရေခဲမြစ်
နံပါတ်ကို ထင်ထင်ရှားရှားကြီး မြင်ရတဲ့ ပင်လယ်ဖျံ 
ဇင်ယောင်ငှက်တွေက ဝေလငါးပေါ်လာမဲ့ နေရာကိုသိတယ်
၁မိုင်ရှည်တဲ့ Aialik ရေခဲမြစ် 
ရေခဲမြစ်က ဘာလို့အပြာရောင် သန်းနေတာလဲ
အင်မတန် လှလွန်းလို့ မျက်စိမလွဲနိုင်တဲ့ ရေခဲမြစ် နောက်အနှစ်၂၀လောက်ဆို ဒီရေခဲမြစ်တွေ ရှိတော့မှာ မဟုတ်ဘူး 
၁မိုင်ရှည်တဲ့ Aialik ရေခဲမြစ် 
အစာစားနေတဲ့ black bear
သင်္ဘောပေါ်မှာစားတဲ့ ဘူဖေး 
သင်္ဘောပေါ်က ဘူဖေး အချိုတည်းတာ 
Sea Salt စားသောက်ဆိုင်မှာစားတဲ့ ညနေစာ 
ကနေဒါမှာ လက်နဲ့လုပ်တဲ့ ဟမ်းချိန်း 

3 comments:

Anonymous said...

မမအိုင်အိုရာ

Anonymous said...


San San Htun said...

Anonymous said...
အဲဒီရေခဲမြစ်ကိုတွေ့ဘူးချင်နေတာ စန်းထွန်းလေးရေ။
ကျောင်းတက်တုန်းက Ecology ဆရာက climate change အကြောင်းသင်တော့
အဲဒီရေခဲမြစ် ဧရိယာက ရေခဲပြင်တွေ လျော့လျော့လာတာ ဗီဒီယို နဲ့ပြပြီးသင်တာ ကိုယ်အရမ်းစိတ်ဝင်စားခဲ့တာပေါ့။
ခုတော့စန်းထွန်းကိုကပ်ပြီး မြင်ရတော့တာပေါ့။
ကိုယ်တိုင်မြင်ဖို့တော့ မလွယ်သေးဘူးကွယ်။
လန်ဒန်ပို့စ်လည်းမျှော်နေတယ်နော်။
မမအိုင်အိုရာ
October 28, 2018 at 5:18 PM
Anonymous said...
အရမ်းကိုလှတဲ့ မြင်ကွင်းလေးတွေ မြင်ရတဲ့ အတွက်ကျေးဇူးပါ
October 28, 2018 at 10:02 PM