အလာစကာသွား တောလား - ၁၁

ဂျူလှိုင် ၁၂ ကြသပတေးနေ့ မနက် ၉  နာရီခွဲ ဟိုတယ်က တက္ကစီလာမခေါ်ခင် ဟန်ယူလာတဲ့ ပဲပိစပ်အမှုန့်ကို ရေနွေးနဲ့ဖျော်၊ ကိုယ်ယူလာတဲ့ အစေ့အနှံ nuts တွေနဲ့ မနက်စာစားကြတယ်။ ပြီးတော့ သစ်သားအိမ်လေးတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ တက္ကစီသမားက ကိုယ်တို့ကို ဘူတာမှာလာကြိုတဲ့ ရုရှကောင်လေး။ သူ့ကားကို ဘွတ်ကင်လုပ်ချင်ရင် ည ၁၀ နာရီမတိုင်ခင် ဖုန်းဆက်ရမယ် ည ၁၀ နာရီဆို အိပ်ပြီတဲ့။ ဒီမှာ အင်တန်းရှစ်ဆင်းနေတာ ဒီနှစ်နွေကုန်ရင် ရုရှကိုပြန်ပြီတဲ့။ စတိတ်မှာ ဘယ်နေရာတွေ လည်ပြီးပြီလဲမေးတော့ လော့အိန်ဂျလစ်၊ နယူးယောက်ကို လည်ပြီးပြီ။ နယူးယောက်မှာ လူအရမ်းများတယ် ရှုပ်ရှက်ခက်နေတာပဲ မကြိုက်ဘူးတဲ့။ ဝါရှင်တန်ဒီစီကို သွားလည်ဖို့ အကြံပေးလိုက်တယ်။ ဒန်နာလီ Wilderness Center မှာ လက်ကေ့အိတ်တွေအပ်တော့ တနာရီလေးကျပ် လက်ကေ့အိတ်တွေ လာထုတ်တော့မှ ပိုက်ဆံရှင်းပါတဲ့။ sled dogs စွပ်ဖားခွေးတိုးတွေ ရှိပေမဲ့ ကိုယ်ကခွေးတွေကို သနားလို့မစီးဘူး။ ဝိုင်းတို့ညီအစ်မက ခွေးကြောက်လို့ မစီးဘူး။ စွပ်ဖားခွေးသရုပ်ပြမဲ့ဆီသွားမဲ့ ရှယ်တယ်ဘတ်စ်မှာ တန်းစီစောင့်ကြတယ်။ လူတန်းကြီးက အရှည်ကြီး ရှယ်တယ်ဘတ်စ်ကား လေးစီးပြေးဆွဲပေးတယ်။ အလာစကာကို လာလည်ကြတဲ့ တိုးခရီးသည်တွေထဲမှာ အာရှသားအင်မတန်နည်းတယ်။ တရုတ်၊ အိန္ဒိယ တမိသားစုလောက်ပဲ တွေ့ဖူးတယ်။ စွပ်ဖားခွေး သရုပ်ပြတဲ့နေရာက wilderness center ကနေ မဝေးဘူး ကားနဲ့ဆယ်မိနစ်လောက်ပဲ။ စွပ်ဖားခွေးတွေ နေတဲ့အိမ်ကို လေ့လာကြတယ်။ ခွေးအိမ်လေးတွေမှာ နာမည်နဲ့ တချို့ကအိပ် တချို့ကငိုက်မြည်း တချို့က လူတွေကို ဂရုတောင်မစိုက်ဘူး အေးအေးလူလူပဲ။ တချို့ခွေးတွေက အင်မတန်ယဉ်တယ် ပွတ်သပ်ပေးလို့ရတယ်။ သရုပ်ပြပွဲစတော့မယ်လို့ ကြေငြာတော့ ခုံတွေမှာနေရာယူကြတယ်။ လမ်းမပေါ် တက်မထိုင်ဖို့ သတိပေးပါတယ် တိုးခရီးသည်တွေ ထိခိုက်မှုမရှိစေချင်လို့ပါ။ စီနီယာတွေ၊ မသန်မစွမ်းသူတွေကို ဦးစားပေးထိုင်ခုံမှာ နေရာပေးဖို့ တိုက်တွန်းပါတယ်။ သရုပ်ပြဖို့ စွပ်ဖားကိုထုတ်တာနဲ့ ခွေးတွေကသိနေပြီ။ တဂိန်ဂိန် အော်ကြတော့တာပဲ စွပ်ဖားကိုဆွဲချင်နေကြပြီ။ မောင်းနှင်သူက အချက်ပေးလိုက်တာနဲ့ အသားကုန်ပြေးကြတော့တာပဲ အင်မတန်မြန်တယ်။ အလာစကာလို နှင်းအင်မတန်ကျတဲ့ဒေသမှာ သယ်ယူပို့ဆောင်ရေးအတွက် စွပ်ဖားခွေးတွေဟာ အင်မတန်အရေးပါတယ်။

‌နောက်ဆုံးကခွေးတွေဟာ စွပ်ဖားရဲ့ အလေးချိန်ကို အများဆုံးထမ်းပိုးကြသူတွေမို့ ဗလတောင့်ဖို့ လိုပါတယ်။ swing အလယ်ကခွေးတွေကတော့ စွပ်ဖားအကွေ့အဝိုက်ကို ကောင်းကောင်းထိန်းပေးနိုင်တဲ့သူတွေပါ။ ရှေ့ဆုံးကခွေးတွေကတော့ လမ်းကြောင်းရှာတဲ့သူ ခေါင်းဆောင်တွေပါ။ ဘယ်ခွေးက ဘယ်လိုအားသာချက်ရှိတယ် ဘယ်လိုအားနည်းချက်ရှိတယ်ဆိုတာကို သိပြီး အုပ်စုလိုက်ဆောင်ရွက်ရတဲ့ အလုပ်တခုပါ။ နှစ်စဉ်နှစ်တိုင်း မတ်လအစောပိုင်းမှာ အမ့်ကာရေ့က Nome အထိ မိုင်ထောင်ချီခရီးကို စွပ်ဖားခွေး ၁၆ ကောင်နဲ့၈ ရက်ကနေ ၁၅ ရက်အတွင်းရောက်အောင် ကြိုးစားအားထုတ်ရတဲ့ Iditarod Trail Sled Dog Race ပြိုင်ပွဲဟာ နာမည်ကျော်ပါတယ်။ ဒန်နာလီအမျိုးသားဥယျာဉ်က ခွေးတွေက တအားကြီးမကြီးဘူး။ ခွေးတကောင်မှာတော့ လှပတဲ့အပြာရောင်မျက်လုံးလေးရှိတယ်လို့ ဒန်နာလီအမျိုးသားဥယျာဉ်ဝန်ထမ်း အမျိုးသမီးလေးက ရှင်းပြတယ်။ ဒီခွေးတွေဟာ ဒန်နာလီအမျိုးသားဥယျာဉ် ဝန်ထမ်းတွေအတွက်ကတော့ မိသားစုဝင်တွေပါတဲ့။ ဒန်နာလီအမျိုးသားဥယျာဉ်ကြီး မပျက်စီးစေဖို့ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆော်သြပါတယ်။ ဒန်နာလီအမျိုးသားဥယျာဉ်ဝန်ထမ်း ဝတ်စုံလေးကို သဘောကျမိတယ်။  ဝိုင်းက ဒီလိုတောကြီးမြက်မဲထဲမှာ မနေနိုင်ပါတဲ့ သူက မြို့လယ်ခေါင်က တိုက်ခန်းကျဉ်းကျဉ်းလေးမှာပဲ နေချင်တဲ့သူ။ တချို့သူတွေက ရှယ်တယ်ဘတ်စ်မစီးတော့ဘဲ wilderness center ကို လမ်းလျှောက်ပြန်ကြတယ်။ နာရီဝက် ၄၅မိနစ်လောက် ကြာမှာမို့ လမ်းမလျှောက်တော့ဘူး ရှယ်တယ်ဘတ်စ်စီးတယ်။ ပြီးတော့ horseshoe trail ကို ဟိုက်ကင်းထွက်ကြတယ်။ အင်မတန်သာယာတယ် တောင်ကုန်းပေါ်ကနေကြည့်တော့ အောက်ခြေက ထင်းရှူးပင်တွေ ရေကန်စိမ်းလဲ့လဲ့ကို မြင်ရတယ်။ အန်ကယ်ကြီးတယောက်က ရေကန်ထဲမှာ  moose လို့ အသိပေးတယ် တော်ပါပြီ ဒီ moose တွေနဲ့ ဆုံပဲဆုံနိုင်လွန်းတယ်။ ရေစီးသံကြားရလို့ ထရေးလမ်းကနေ ထွက်ကြည့်လိုက်တော့ တသွင်သွင်စီးနေတဲ့ ကြည်လင်နေတဲ့ မြစ်ရေကိုတွေ့လိုက်ရတယ်။ ဟိုဖက်ကမ်းမှာ သစ်လုံးအိမ်လေးတွေ၊ ဥသြဆွဲပြီး မောင်းနှင်သွားတဲ့ အလာစကာရထားကို ဟိုးအဝေးမှာ တွေ့လိုက်ရတယ်။ ရေကန်ပတ်လည် တပတ်လျှောက်ကြတယ်။ စိမ်းမြနေတဲ့ ရေကန်ပေါ်မှာ စိမ်းလန်းတဲ့ ထင်းရှူးပင်ရိပ်တွေ ထင်ဟပ်နေတာ အင်မတန်လှတယ်။

ကိုယ်တို့တည်းတဲ့ Grizzly Bear Resort
RV ကား‌တွေ
အေးအေးလူလူ
စွပ်ဖားခွေးတွေအကြောင်း ရှင်းပြနေတဲ့ အမျိုးသားဥယျာဉ်ဝန်ထမ်း အမျိုးသမီး

ဗိုက်ဆာလာလို့ nuts တွေ ထုတ်စားကြတယ်။ တောင်ပေါ်ကိုပြန်တက်တော့ အငြိမ်းစားအဘိုးကြီးတယောက်၊ အဘွားကြီးနှစ်ယောက်က တက်နှင့်ဆိုပြီး ကိုယ်တို့ကို လမ်းဖယ်ပေးတယ်။ သိပ်မကြာပါဘူး ကိုယ်တို့တွေ မောဟိုက်လာလို့ ခဏရပ်တော့ နောက်ကနေတက်လာတဲ့ အဲ့ဒီအငြိမ်းစားသုံးယောက်က come on ဆိုပြီး မချင့်မရဲ နောက်သွားလို့ ရယ်ရသေးတယ်။ ဟန်က ကိုယ်တို့ထက် ခြောက်နှစ်ကြီးတယ် ဟနွိုင်းမှာ လမ်းမလျှောက် တက္ကစီပေါ်က မဆင်းတဲ့သူမို့လို့ ထားပါတော့။ ကိုယ်နဲ့ဝိုင်းက ဒီလောက်ဟိုက်ကင်းထွက် လမ်းအမြဲလျှောက်နေတဲ့သူတွေ။ အင်း ... အသက်မငယ်တော့ဘူးဆိုတာ ဒီနေရာမှာပြတာပဲ။ ဟန်က wilderness center ကို တခြားထရေးလမ်းက သွားချင်ပေမဲ့ ကိုယ်နဲ့ဝိုင်းက မသိတဲ့နေရာကနေ မသွားချင်ဘူး။ မတော်မဆလမ်းမှားနေရင် ဂျီပီအက်စ်ကလည်းမမိ နေ့လည် ၂ နာရီခွဲ ဘတ်စ်ကားကို မှီဖို့လိုသေးတော့ မစွန့်စားချင်ဘူး။ ကိုယ်တို့နှစ်ယောက် ငြင်းပယ်တာနဲ့ လာလမ်းအတိုင်းပြန်လျှောက်ကြတယ်။ moose အမေနဲ့ အမြွှာကလေးနှစ်ကောင် ရထားလမ်း၊ ကားလမ်းကို အေးအေးလူလူ ဖြတ်သန်းနေလို့ ကားတွေရပ်ပြီး ဓာတ်ပုံတွေရိုက် သူတို့လမ်းဖြတ်ကူးတာကိုစောင့်။ ဒန်နာလီအမျိုးသားဥယျာဉ်ဝန်ထမ်းက moose နဲ့ နီးနီးမနေဖို့ ခပ်လှမ်းလှမ်းမှာနေဖို့ ညွှန်ကြားတယ်။ ကိုယ်တို့ဖက်ကိုလာနေလို့ ဥယျာဉ်ဝန်ထမ်းက ကိုယ်တို့ကို နေရာရွေ့ခိုင်းတယ်။ သူတို့တွေ ကားလမ်းနဲ့ လွှတ်လွှတ်ကျွှတ်ကျွှတ် ဝေးသွားပြီဆိုတော့မှပဲ ကားတွေ၊ လူတွေ ရှေ့ဆက်ကြတယ်။ ဗိုက်ဆာလာတော့ wilderness center မှာ ကြက်ကြော်၊ အာလူးကြော် ဝယ်စားကြတယ်။ visitor center ကိုဝင်လည် လက်ကေ့အိတ်ကိုသွားယူ။ ဒန်နာလီရထားဘူတာရုံမှာစောင့်ကြတယ်။ အချိန်ကနီးနေပြီး ကားကပေါ်မလာသေးတော့ ဝိုင်းက စိတ်ပူတယ် ကိုယ်တို့စောင့်တဲ့နေရာ မှားနေလို့လား။ ဟိုးမှာ တိုးကားတွေတွေ့တယ် ကိုယ်သွားကြည့်မယ်။ တလက်စတည်း ဘူတာရုံမှာ သွားမေးတော့ ဘတ်စ်ကားဂိတ်က ဟိုးနားလေးမှာ။ မသေချာမရေရာဖြစ်နေတဲ့ကိုယ့်ကို ဘူတာရုံကနေထွက်ပြီး လက်ညှိုးသေချာညွှန်ပြပေးတယ်။ မကြာပါဘူး motorcoach ရောက်လာတယ် ချက်ကင်ဝင် ကြိုက်တဲ့နေရာထိုင်။

ဒန်နာလီထဲက သတ်မှတ်ထားတဲ့နေရာတွေမှာ ဝင်ခေါ်တယ်။ ကားမောင်းတဲ့အန်တီကြီးက လူမည်း စကားပြောတာ အင်မတန်ချိုသာတယ်။ ဖြတ်သန်းသွားတဲ့မြို့တွေအကြောင်း၊ သူ့အကြောင်းတွေ ပြောတာများ တချက်မှမနားဘူး။ အလာစကာက ကားမောင်းသမားတွေ၊ ရထားပေါ်ကသူတွေ အင်မတန်အပြောကောင်းတဲ့ တိုးဂိုက်တွေ။ လမ်းတလျှောက် ရေခဲတွေဖုံးနေတဲ့တောင်တွေ မြင်ရတယ် ရှုခင်းအင်မတန်လှတယ်။ တာကီတီနာ lodge  မှာ ဆယ်ငါးမိနစ်လောက်နားတယ်။ အဲ့ဒီ lodge နောက်ဖက်ကနေ ရေခဲတောင်တွေမြင်ရတဲ့ ရှုခင်းက ရင်သပ်ရှုမောဖွယ်ရာပဲ။ ပန်းတွေ အင်မတန်လှတယ်။ အမှတ်တရပစ္စည်းဆိုင်၊ စားသောက်ဆိုင်ရှိတယ်။ တာကီတီနာ lodge ဟာ နာမည်ကြီးတယ်။ တာကီတီနာရောက်တော့ ကိုယ်တို့ကိုကူညီခဲ့ဖူးတဲ့ လင်ဒါနဲ့ပေါ်လာကို သတိရမိတယ်။ အမ့်ကာရေ့မြို့ထဲရောက်တော့ ည ၈ နာရီခွဲ။ အလာစကာမှာ ည ၉  နာရီဆို ဆိုင်တွေအကုန်ပိတ်ပြီ ဘားတွေလောက်ပဲ ညဉ့်နက်တဲ့အထိဖွင့်တယ်။ ဂူဂယ်မတ်မှာ အနီးဆုံးယိုးဒယားဆိုင်ကိုရှာ ဝိုင်းနဲ့ကိုယ်က နယူးယော့ကာပီပီ သုတ်ခြေတင်တော့ ဟန်က ပြေးလိုက်ရတယ်။ နယူးယောက်မှာ နှေးစိနှေးစိလုပ်လို့မရဘူး ပြေးနေသလို လမ်းလျှောက်ရတယ်။ အဲ့ဒီလိုမှမလျှောက်ရင် သူများတွေကိုယ့်ကို ဝင်တိုက်လိမ့်မယ်။ ထုံးစံအတိုင်း ထမင်းကြော်၊ ခေါက်ဆွဲကြော်ဝယ်ပြီး ဟိုစတယ်မှာ ချက်ကင်ဝင်။ အမ့်ကာရေ့ကို စရောက်တော့ တည်းခဲ့တဲ့ ဟိုစတယ်။ ဝိုင်းက အပေါ်ထပ်မှာ ချက်ကင်ဝင် ကိုယ်တို့က ဟိုတယ်အောက်မှာ စောင့်ကြတယ်။ ကိုယ်ထင်တဲ့အတိုင်း ကိုယ်တို့အခန်းက အောက်ထပ်မှာ။ ဟင် ... ကိုယ်တို့နေခဲ့ဖူးတဲ့အခန်းကြီး ဒီဟိုစတယ်မှာ သုံးယောက်ခန်း ဒီတခန်းပဲရှိပုံရတယ်ထင်တယ်။ မီးဖိုချောင်မှာ ညစာစားကြတော့ ထမင်းကြော်က ငန်တယ်တဲ့ ကိုယ်ကတော့ အရသာမသိတဲ့သူ ဘာမဆိုအကုန်စားကောင်းတဲ့သူ။ ကြည့်ရတာ ... ဆားတွေမေ့ပြီး ထပ်ထည့်မိပုံရတယ် ဒါတောင် rating လေးကျော်ကျော်ရတဲ့ဆိုင်နော်။ နောက်နေ့ မနက်စောစော ၇ နာရီဘတ်စ်ကားနဲ့ ဆီးဝတ်မြို့ကိုသွားပြီး ဘယ်တွေလည်ပတ်လဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၂၀၊ ၂၀၁၈။

Wilderness center ကနေ horseshoe trail ကို ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတယ်
moose အမေနဲ့ အမြွှာနှစ်ကောင် ဟိုဖက်လမ်းကူးလိုက် ဒီဖက်လမ်းကူးလိုက်
လူတွေကသာ ဟိုဖက်ပြေးရ ဒီဖက်ပြေးရ 
Denali Depot
ဘတ်စ်ကားပေါ်မှာ ဟန်ရိုက်ပေးတာ ဟန့်အိုင်ဒီယာလေးတွေ ကောင်းတယ်
သူ့နီကွန် D7500 က ကိုယ့် ကင်နွှန် 7D ထက် ပိုကောင်းတယ်
တာကီတီနာ lodge 
တာကီတီနာ lodge နောက်ဖက်ကနေ မြင်ရတဲ့ ဒန်နာလီ breathtaking view
တာကီတီနာ lodge ထဲက ဝက်ဝံ

1 comment:

Anonymous said...

Very nice.
Ma Ma Iora