နွေဦးတော်လှန်ရေး - ၁၂

 ၂၀၂၁ ဩဂုတ် ၂၈ စနေနေ့ ညနေ ၄ - ၆ နယူးယောက်မြို့ ၂၄ လမ်းနဲ့ ဘရော့ဝေးလမ်းကြားက Flatiron ပလာဇာရှေ့မှာ ဆန္ဒပြ စစ်ကောင်စီက မြန်မာပြည်သူတွေ နှိပ်စက်နေတဲ့အကြောင်း သရုပ်ပြပွဲလည်းရှိတယ်။ မနက် ၉ နာရီခွဲကနေ ၁၂ ခွဲအထိ စန်ထရယ်ပါ့ခ်ပန်းခြံမှာ ဝိုင်းနဲ့ လမ်းသွားလျှောက်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး နှစ်ပတ်အကြာ ဇွန် ၁၃ မှာစပြီး ဝိုင်းနဲ့ ပထမဆုံးလမ်းလျှောက်ထွက်တာ တနာရီတောင် မလျှောက်နိုင်ဘူး။ အပတ်တိုင်း နည်းနည်းစီတိုးပြီး လမ်းလျှောက်လာတာ ခုတော့ ၃ နာရီလောက် လမ်းလျှောက်နိုင်ပြီ။ အိမ်ပြန်ပြီး နေ့လည်စာစား ၂ နာရီလောက်ပြန်အိပ် ၃ နာရီမှာ အိမ်ကပြန်ထွက်တယ်။ အဲ့ဒီနေ့က မိုးရွာမှာမို့ လာတဲ့သူနည်းမှာ ခန့်မှန်းထားတဲ့အတိုင်း လူနည်းတယ်။ လူနည်းတော့ ရှေ့ဆုံးတန်းမှာ နေရာယူတယ်။ ဘေးကအန်တီက ပွဲတိုင်းပါတယ် ကြွေးကြော်သံအော်ကြရင်လည်း အသံကုန်လက်တီးလက်မာင်းတန်းပြီး အော်တာ။ လူငယ်တွေထက်တောင် သွက်လက်တက်ကြွနေတာ။ ရန်ပုံငွေရှာဖွေဈေးရောင်းပွဲမှာ လုပ်အားပေးတဲ့သူတွေ ဆန္ဒပြပွဲတိုင်းပါတယ်။ အင်္ဂလိပ်၊ မြန်မာ ကြွေးကြော်သံတွေအော်ဟစ် တော်လှန်ရေးသီချင်းတွေဆို သရုပ်ဖော်တာကို အင်္ဂလိပ်၊ မြန်မာနဲ့ ရှင်းပြတယ်။ ဘိုတွေလာကြည့် လာမေးကြတယ်။ စက်တင်ဘာ ၁၂ တနင်္ဂ်နွေနေ့ ၁ နာရီမှာ ဒီနေရာကနေ ယူအန်ရုံးရှေ့အထိ လမ်းလျှောက်ချီတက်ပြကြမယ်။ နယူးယောက်က အိမ်ရှင်အဖြစ်လက်ခံကျင်းပြီး တခြားပြည်နယ်က ညီအကိုမောင်နှမတွေလည်း လာကြမှာမို့ ဒီစီပွဲလိုပဲ လူများလိမ့်မယ်။ စက်တင်ဘာ ၁၃ ယူအန်အစည်းအဝေးရှိတော့ အဲဒီဆန္ဒပြပွဲက အရေးကြီးတယ်။


အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
စက်တင်ဘာ ၄၊ ၂၀၂၁။

Photo credit - Kyaw Soe Latt, Wayne Chin

No comments: