ရက်ဘက်ကာ - ၂

ရက်ဘက်ကာက ဒီရုံးမှာ လုပ်သက် ၁၀ နှစ်ကျော် အသက် ၆၇ နှစ်။ သူ့နေရာမှာ ကိုယ့်ကိုအစားထိုးဖို့ ခေါ်လိုက်တာထင်ပြီး ကိုယ့်ကိုမကြည်ဘူး။ ပေါင်းသင်းဆက်ဆံရခက်တဲ့ ရက်ဘက်ကာနဲ့ ထိပ်တိုက်တိုးပြန်တယ်။ အိမ်သာမှာဆုံရင် ရက်ဘက်ကာက ကိုယ့်မိသားစုအကြောင်း မေးပေမဲ့ ကိုယ့်ကတော့ သူ့အကြောင်း မမေးဘူး။ ကိုယ်မှမခင်ချင်တဲ့သူကို အလာဘသလာဘ စကားပြောနှုတ်ဆက်ရုံကလွဲရင် စကားမပြောချင်ဘူး။ အောက်ထပ်က အင်ဂျင်နီယာဌာနမှာ ထမင်းသွားစားရင် ထမင်းစားခန်းထဲ ဝင်လာသမျှ သိတဲ့သူတွေကို နှုတ်ဆက်ပြုံးပြ စကားတွေဒိုင်ခံပြောလို့ ဂျမားက ကိုယ့်ကိုပေါင်းသင်းဆက်ဆံရေး ကောင်းတယ်နော်လို့ ပြောတယ်။ ဂျမားရေ အဲ့ဒါ အလုပ်ထဲမှာမို့လို့ အိမ်မှာဆို ဧည့်သည်လာရင် စကားပြောချင်မှ ပြောတာ။ တနေ့ အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်နေရင်း ရက်ဘက်ကာက ကွန်ထရပ်တာဖာနီ ဘာလို့အလုပ် မဆင်းတာလဲလို့မေးတယ်။ ကိုယ်နဲ့ဖာနီက ပရောဂျက်အတူလုပ်နေတော့ ကိုယ်သိမယ်ထင်နေတာ။ အမှန်က ကိုယ်လည်း သေသေချာချာ မသိဘူး။ မန်နေဂျာ၊ တခြားကွန်ထရပ်တာ ပြောနေတာအရဆိုရင် ဗီဇာကိစ္စကြောင့် ဖြစ်မယ်ထင်တယ်။ ကိုယ်လည်း ကျောင်းသား F1 ဗီဇာကနေ အိတ်ချ်ဝမ်းဘီ H1B အလုပ်ဗီဇာ လျှောက်တုန်းက အလုပ်ပြောင်း၊ ပြည်နယ်ပြောင်း ဒုက္ခမျိုးစုံ ကြုံခဲ့ရတော့ နားလည်တယ် ကိုယ်ချင်းစာတယ်။ အခု သမ္မတထရန့်က အိတ်ချ်ဝမ်းဘီဗီဇာကို သေသေချာချာ ကိုင်တွယ်နေပြီး ပိုကျပ်တယ်။ ရက်ဘက်ကာက အီတလီနိုင်ငံနားက သူ့နိုင်ငံမှာ စစ်ဖြစ်တော့ ဒုက္ခသည်အဖြစ် စတိတ်ကို ရောက်လာကြတယ်။ ကလေးတဖက်နဲ့ ဆိုင်မှာ အရောင်းစာရေး၊ ဆောက်လုပ်ရေးမှာ ဝန်ထမ်း၊ နောက်ဆုံး တက္ကသိုလ်မှာ သင်တန်းတက်ပြီး Associate ဘွဲ့ယူတာ ခုမှအကြွေးဆပ်လို့ ပြီးတယ်တဲ့။ နင်တို့က အသက်ငယ်ငယ် ဘွဲ့ကလည်း ကွန်ပျူတာဘွဲ့ ဗီဇာအခက်အခဲတခုတည်း သူ့မှာက ကလေးနှစ်ယောက်ကို ကျွှေးမွှေးပြုစုရတာ ပင်ပန်းခက်ခဲတယ်။ သူ့ဒုက္ခက ကိုယ့်ဒုက္ခထက် များတယ်လို့လာ‌ပြောနေလို့  အေး နင်လည်း ဂရင်းကဒ်ရှိပေမဲ့ နင့်အခက်အခဲနဲ့နင်။ ငါတို့လည်း ကျောင်းပြီးပေမဲ့ ဗီဇာအခက်အခဲ ကိုယ့်အခက်အခဲနဲ့ကိုယ် တယောက်တမျိုး အခက်အခဲအမျိုးမျိုး။ သူသာ ဂရင်းကဒ်မရရင် မလာဘူးတဲ့ ကိုယ်တို့ကတော့  ဂရင်းကဒ်မရှိပေမဲ့ စတိတ်ကိုလာရတယ်။ ကိုယ်တို့တိုင်းပြည်က ဆင်းရဲလို့ စတိတ်ကိုမှ မလာရင်မဖြစ်ဘူးလို့ ပြောလိုက်တယ်။ နောက် စကားမပြောချင်တော့လို့ ဖုန်းပွတ်နေလိုက်တယ်။ နောက်ဆို မေးထူးခေါ်ပြောလောက်ပဲ ကိုယ့်ဆီစကား လာလာပြောတယ် ကိုယ်က လိုအပ်တာပဲပြောတယ်။ ပြီးရင် အရေးတကြီး ဖုန်းခေါ်စရာရှိလို့ဆိုပြီး စကားဖြတ်တယ်။ သူ့မှာ အခက်အခဲရှိလို့ ကိုယ့်ကိုလာမေးတယ် ကိုယ်ကမသိဘူး ဖာနီသိတယ် သူ့ကိုမေး သူက ကူညီတတ်တယ်လို့ပြောတော့ နင့်မို့လို့ ကူညီတာတဲ့။ သူကလည်း ကူညီချင်စရာမှ  မကောင်းတာ သူမသိဘူး။ တခုခုဆို အပြစ်တင်တာကအရင် ကိုယ်က ဘာပြသနာတွေရှိတယ်၊ ဘယ်သူ့အကူအညီလိုတယ်၊ ဘာတွေဆက်လုပ်ရမယ်ဆိုတာ အကြောင်းပြန်တယ်။ အဲ့ဒါကြောင့် သူ့အီးမေးလ်ဆို ဘယ်သူမှမပြန်ဘူး ကိုယ့်အီးမေးလ်ပဲ ပြန်ကြတယ်။ ဒါရိုက်တာ၊ မန်နေဂျာတွေကို အပြစ်သွားတင်လို့ဖြစ်မလား သူတို့က အောက်ကလူတွေရဲ့ အခက်အခဲ၊ အခြေအနေတွေကို မသိဘူး။ ကိုယ်တွေပြောပြမှ သိတဲ့အခါ သူတို့တတ်နိုင်တာ လုပ်နိုင်တာ လုပ်ပေးမှာပေါ့။

ကိုယ်တို့ရုံးက probation အစမ်းခန့်ကာလက တစ်နှစ် အရင်ရုံးတွေက သုံးလ၊ ခြောက်လပဲ။ ပထမတစ်နှစ်အတွင်းမှာ အလုပ်မယ်မယ်ရရ မရှိတော့ ကိုဗစ်ကာလအတွင်းမှာ အလုပ်ပြုတ်မှာ စိတ်ပူတာပေါ့။ တခြားအဖွဲ့က ကွန်ထရပ်တာသုံးယောက် ကွန်ထရပ်ထပ်မတိုးလို့ ဂွတ်ဘိုင်လုပ်သွားကြတယ်။ ကိုယ်တို့ဌာန ဘက်ဂျက်ဖြတ်တာ ၉ မီလီယံ ပရောဂျက် ရပ်သင့်တာရပ် အကုန်အကျသက်သာအောင် လုပ်နေကြတဲ့အချိန်။ အလုပ်ပြုတ်တဲ့သတင်း၊ အလုပ်တော့မဖြုတ် လစာမပေး forlough ၊ လစာ ၂၀၊ ၃၀ ရာခိုင်နှုန်းလျှော့တဲ့ သတင်းတွေကြားတော့ စိတ်ပူတာပေါ့။ တရုတ်မယန်းကိုပြောပြတော့ စိတ်မပူနဲ့ ပီအေက အမြဲတမ်းဝန်ထမ်းကို ဖြုတ်တယ်လို့ မကြားဖူးဘူး။ ဖြုတ်မယ့်ဖြုတ် ကွန်ထရပ်တာတွေပဲ ဖြုတ်တာတဲ့။ ကိုယ်က ပီအေရုံးမှာ ကွန်ထရပ်တာလုပ်ဖူးတော့ အဲ့ဒီအကြောင်း ကောင်းကောင်းသိတယ်။ အလုပ်ဝင်တာ တစ်နှစ်ပြည့်ခါနီး မန်နေဂျာက ကိုဗစ်ထိလို့ ၃ လလာက် ခွင့်ယူတယ်။ မန်နေဂျာမရှိတော့ ဒါရိုက်တာမက ကိုယ့်ကို မန်နေဂျာအလုပ်တွေ ခိုင်းတယ်။ ခုတော့ အလုပ်များလို့ နေ့လည်ဟင်းချက်ချိန် မရှိဘူး ထမင်းစားချိန်‌တောင် မနည်းလုယူနေရတယ်။ vendor တွေ သက်တမ်းတိုးတာ ဆက်သွယ်ရမဲ့ဟာလည်းမရှိ ကိုယ့်မှာ finance ဌာနကလူတွေကိုဆက်သွယ် အကူအညီတောင်း။ vendor တွေကို ဆက်သွယ်တော့ ကိုယ်ကစာရင်းမှာမပါလို့ ကွန်ထရပ်သတင်းတွေ မပေးနိုင်ဘူး။ မန်နေဂျာရဲ့ ထောက်ခံမှုရမှ ပေးမယ်တဲ့ မန်နေဂျာက ဆေးခွင့်ယူထားတဲ့ဟာကို။ အဲ့ဒါဆို ကိုယ့်ကို primary contact အဖြစ်ပြောင်း ဒါရိုက်တာမ ခွင့်ပြုချက် form နဲ့တင်။  renewal process ဆိုတာ ဘာမှန်းမသိလို့မေးမြန်း၊ အီးမေးလ်တွေပို့၊ ဖုန်းတဂွမ်ဂွမ်ခေါ်။ မန်နေဂျာ ဆက်သွယ်လို့မရလို့ လက်‌လျော့ထား တခြားဟာအစားထိုး သုံးမယ်လို့ပြော‌နေရတဲ့ vendor ကို ကိုယ်ကနှစ်ရက်တည်းနဲ့ ဆက်သွယ်လို့ရလို့ အားလုံးအံ့ဩကြတယ်။ ရမှာပေါ့ ကိုယ်က ဖုန်းတဂွမ်ဂွမ်ခေါ်၊ ပို့လို့ရမျှ အီးမေးလ်လိပ်စာတွေကို လိုက်ပို့၊ မက်ဆင်ဂျာ၊ လင့်ခ်အင်ကနေ ဆက်သွယ်တာကိုး။ ခုတော့ vendor renewal အားလုံး ကိုယ့်ကိုခိုင်းကြတော့တယ်။ ရက်ဘက်ကာက အတွေ့အကြုံများပေမဲ့ ဦးဆောင်မလုပ်ဘူး ကိုယ်က လုပ်လို့မရရင် တခြားဌာနကသိတဲ့လူတွေကို အကူအညီတောင်းပြီး ဦးဆောင်တယ်။ အလုပ်တခုဆို ဘယ်အဖွဲ့ကလုပ်တာလဲဆိုတာ လိုက်မေး၊ ဖုန်းဆက်၊ သူတို့အဖွဲ့ကလည်း ကိုယ်တို့ဌာနက လုပ်ရမှာ၊ ကိုယ်ကလည်း ဘာလုပ်ရမှန်းမသိ၊ အစည်းအဝေးခေါ်။ ကိုယ်လုပ်ရတာက နည်းနည်းလေး ဒါပေမဲ့ ကိုယ်ဦးဆောင်လုပ်တယ်ဆိုတာ သိကြတယ်။ ရက်ဘက်ကာက အီးမေးလ်မှာ သူက to list ထဲ မပါလို့ cc list ထဲပါလို့တဲ့ သူက cc ထဲမှာဆိုရင် မကြိုက်ဘူး။ တခါတုန်းကလည်း မန်နေဂျာကိုပြောလို့ မန်နေဂျာကို နင့်ကို to အီးမေးလ်နဲ့ပို့မယ် နင်လုပ်ဆိုပြီး စိတ်တိုရဖူးတယ်။ ရက်ဘက်ကာ သူက နင့်ဆီကို cc နဲ့ ပြန်မယ်လို့ တွေးတာမဟုတ်ဘူး အားလုံးကိ reply all ဆိုပြီး ပြန်လိုက်တာပဲ။ နင်ဘာလို့ အဲ့ဒါတွေ စိတ်ထဲထားနေတာလဲ။ ငါလည်း အစည်းအဝေးထဲမှာ မပါဘူး ငါ့ကိုလိုအပ်ရင် ဖုန်းဆက်ပြီး လှမ်းခေါ်ရတာပဲ။ အခုလုပ်နေတဲ့ဟာမှာ နင်က အတွေ့အကြုံများတယ် နင့်ကိုမေးရမှာပေါ့လို့  စိတ်တိုတိုနဲ့ အော်ရတော့တယ်။ မန်နေဂျာက ကိုယ့်ကို နာရီဝက်လောက်ပဲ ပြပေးတယ် ကိုယ်က ကိုယ့်ဘာသာကိုယ် ဖြေရှင်းတယ်။ ရက်ဘက်ကာကို သင်ပေးရတာ အသေးစိတ် အထပ်ထပ် အခါခါ သင်ရတယ် မောတယ်။ မမှတ်မိလို့ ထပ်ခါထပ်ခါ ပြောပြရတယ် အသက်ကလည်း ကိုယ့်မိဘထက်‌တောင် ကြီးတာကိုး။ အီးမေးလ်လာရင် စောင့်ကြည့်ပြီး လိုတာထောက်ပြရတယ်။ ဒါရိုက်တာမက ကိုယ့်ကိုသဘောကျတယ် ကိုယ်ဦးဆောင်လုပ်တယ်ဆိုတာ သိနေတော့ ရက်ဘက်ကာ ကိုယ့်ကို ကလန်ကဆန် မလုပ်ရဲတော့ဘူး ခုတော့ လေးလေးစားစား ဆက်ဆံလာပြီ။

စန်းထွန်း
ဇှုလှိုင် ၂၄၊ ၂၀၂၀။

ရေးပြီးတာက
ရက်ဘက်ကာ - ၁

Casa Chocolate ice cream shop, on the way to Cajon del Maipo from Santiago, Chile on November 12th, 2019.

No comments: