တူတော်မောင် - ၁

ကိုယ်တို့မွေးနေ့တိုင်း တူတော်မောင်က မွေးနေ့ကဒ် ဆွဲပေးတယ်။ သူ့အချစ်ဆုံးကြီးကြီး မကြီးမွေးနေ့ကျတော့ မွေးနေ့ကိတ်ပါ ဆွဲပေးတယ်။ ကြီးကြီးက ချောကလက်ကြိုက်လို့ ချောက်ကလက်ကိတ် ဆွဲပေးထားတယ်။ ကြီးကြီးက အချိုမကြိုက်လို့ အချိုလျော့ထားတယ်တဲ့။ ဘာလို့ဖုန်းမခေါ်တာလဲမေးတော့ ဘီးစီးနေလို့တဲ့။ တနေ့တာ ဘာတွေလုပ်လဲလို့မေးရင် ဘယ်အချိန်မှာ အိပ်ယာထတယ်၊ မုန့်စားတယ်၊ စာသင်တယ်၊ တီဗွီကြည့်တယ်၊ နေ့လည်စာစားတယ်၊ ဆော့တယ်၊ ရုပ်ရှင်ကြည့်တယ်၊ တီဗွီကြည့်တယ်၊ အိပ်တယ်နဲ့ တနေ့တာလုံး အချိန်စာရင်းအပြည့်ပဲ။ ကလေးလဲ ကလေးအလျောက် ဘီးစီးတယ်။ ကြီးကြီးခင်စန်းနဲ့ ကြီးကြီးစန်းထွန်း ဘယ်လိုတော်စပ်လဲ၊ သားနဲ့ဘယ်လိုတော်စပ်လဲ၊ ဘိုးဘိုးနဲ့သားနဲ့ ဘယ်လိုတော်စပ်လဲမေးတော့ ဖြေနိုင်တယ်။ ဘိုးဘိုးနဲ့ကြီးကြီးတို့နဲ့ ဘယ်လိုတော်စပ်လဲမေးတော့ မသိဘူးတဲ့။ ပြောပြလိုက်တော့ “‌ဪ သားဘိုးဘိုးက ကြီးကြီးတို့ဖေဖေကိုးတဲ့” ရယ်လိုက်ရတာ။ မကြီးက တူတော်မောင်အရွယ် စလုံးအသိကလေးကို သူ့အမေနဲ့သူ့အဘိုး ဘယ်လိုတော်စပ်လဲ မေးကြည့်တော့ မသိဘူး။ အဘိုးတော်တယ်ဆိုတာသာသိတာ အမေနဲ့အဘိုး ဘယ်လိုတော်စပ်မှန်း မပြောပြလို့ မသိဘူး။ ကိုဗစ်အကြောင်းပြောကြတော့ အနံ့ပျောက်တိုင်း မသေပါဘူးကြီးကြီးရဲ့ အိမ်မှာနေရင် ကောင်းသွားမှာပါ။ မကြီးက ဘိုးဘိုးဘွားဘွားတို့ကို အရမ်းစိတ်ပူတယ်လို့ပြောတော့ ဘိုးဘိုးတို့ကို သိပ်စိတ်မပူပါနဲ့ သူတို့လည်း သိပါတယ်တဲ့။ သူ့အိမ်ကအဘွားသူငယ်ချင်း ကိုဗစ်နဲ့ဆုံးတာလည်းသိတယ်။ အိမ်ကလူတွေပြောသမျှ အကုန်မှတ်ထားပြီး ပြန်ပြောတာ။ ဘိုးဘိုးနဲ့ကျတော့ တညပဲ အိပ်တယ် ဘေးအိမ်က မွေးစားအဖေကြီးဆီကျတော့ နှစ်ရက်အိပ်တယ်။ အဲ့ဒါကောင်းသလား ဘိုးဘိုးကတော့ သူ့မြေးလေးကို ချစ်လိုက်ရတာ။ အိမ်စာတွေ လုပ်စရာရှိလို့ ပြန်ရတာပါတဲ့။ သူ့အမေက နေ့ချင်းပြန်ဖို့ စီစဥ◌်ထားပေမဲ့ သူကဘိုးဘိုးနဲ့ တညအိပ်မယ်တဲ့။ ညကျတော့ အဘိုးနဲ့အိပ်မယ်ထင်တာ အဘွားနဲ့အိပ်တယ်။ မေးကြည့်တော့ အဘွားအိပ်တဲ့နေရာက အဲယားကွန်းပိုအေးလို့တဲ့။ ဒီတခါတော့ သူ့အမေပြန်သွားလို့ အဘွားက ရေချိုးသနပ်ခါးလိမ်း‌ ထမင်းကျွှေးရလို့ သူ့အကြောင်းပိုသိသွားတယ်။  အမေက နင်တို့အဖေ သူ့အဘိုးနဲ့ အတော်တူတာပဲတဲ့ သိချင်တတ်ချင် စပ်စုစိန် သူသိသူတတ် ဆရာကြီး ကြွားစိန် မနိုင်စိန်။ သူ့ကို ပုံပြောပြတာကို ကြိုက်တယ်။ ကိုယ်တွေမှာလည်း သူကြိုက်မဲ့ပုံပြင်လေးတွေ ရှာဖွေပြီးပြောပြရတယ်။ Lion King အကြောင်းပြောပြတော့  စိတ်ဝင်စားတယ် မေးလိုက်တဲ့မေးခွန်းဆိုတာ ချာချာလည် ခေါင်းမူးသွားတယ်။ ကြီးကြီးတို့က သားကိုတော်လိုက်တာလို့ အမြဲပြောပြီး သားကျတော့ ကြီးကြီးတို့ကို တော်လိုက်တာလို့လည်း မပြောဘူးဆိုတော့ ကြီးကြီးစန်းထွန်းက ပုံပြောတာ နည်းနည်းတော်တယ်တဲ့။ ကိုရီးယားမှာ တိုက်ပြိုကျတာကို တအံ့တ◌ြသ ကိုယ်တွေကို ပြောပြတယ် ဂူဂယ်မှာ ဘယ်လိုရှာရိုက်ရမယ်ဆိုတာ ပြောပြတယ်။ ဖလော်ရီဒါမှာ ကွန်ဒိုပြိုကျတာ ပြောပြတော့ စိတ်မဝင်စားဘူး။ တိုက်တွေ၊ နှင်းတောင်တွေ ပြိုကျတဲ့အခါ အသက်ရှင်ကျန်နေတဲ့သူတွေ အနံ့ခံခွေးတွေနဲ့ ရှာဖွေတဲ့အကြောင်းပြောပြတော့ စိတ်ဝင်စားတယ်။ အကြိုက်ဆုံးသီချင်းက London Bridge Is Falling Down တဲ့။ တိုင်တန်းနစ်လည်း နည်းနည်းဆိုတတ်တယ် ဝါးချတာခပ်များများ။ စလုံးကနေ မကြီးပို့လိုက်တဲ့ မော်နီတာရောက်တော့ ဗွီဒီယိုကောခေါ်ပြီး ကိုယ့်ကိုကြွားတယ်။ ဘယ်ရမလဲ ကိုယ့်ရုံးကကွန်ပျူတာတွေကို ပြန်ကြွားလိုက်တော့ ဟယ် ... သုံးလုံးတောင် သူ့ကိုတလုံးပို့ပေးပါလား ဂိမ်းဆော့ဖို့တဲ့။ အဲ့ဒီလို ကြွားစိန်တွေ မနိုင်စိန်တွေပါဆို။


အမှတ် ၁၂မှတ် လျော့တယ်တဲ့။ မဆိုးပါဘူး နောက်တခါ အမှတ်ပြည့်ရအောင်လုပ်နော်လို့ ပြန်အားပေးရတယ်။ ကိုယ်တွေငယ်ငယ်တုန်းက အမှတ်လျော့ရင် အိမ်ကဆူတာ ခုခေတ်ကျတော့ပြောင်းပြန် ဆူဖို့နေနေသာသာ သူ့ကိုချော့နေရတယ်။ အဘိုးအဘွားရန်ကုန်ရောက်နေတုန်း လာအိပ်တော့ နှစ်ညအိပ်မယ်တဲ့။ အိပ်ပျော်လားမေးတော့ အိပ်မပျော်ဘူးကြီးကြီးရေ ဆူညံလို့ မနက် ၂ နာရီကတည်းကနှိုးတယ်။ ဒီပုံအတိုင်းဆို မဖြစ်ဘူးဆိုပြီး တညပဲအိပ်ပြီးပြန်သွားလို့ ကိုယ်တွေမှာ ရယ်လိုက်ရတာ။ လှိုင်တိုက်ခန်းက ဘုရင့်နောင်လမ်းမကြီးနဲ့ကပ်လျက်ဆိုတော့ သိပ်ဆူတာ။ ညဖက် သစ်လုံးကားတွေသွားရင် မြေကြီးသိမ့်သိမ့်တုန်တယ်။ ကလေးပဲ အိပ်ပါတော့လား ဒီကောင် ၇ နှစ်နဲ့ အိပ်မပျော်ဘူးတဲ့ အသက် ၃၀ လောက်ဆို ကြက်အိပ်ကြက်နိုး နေတော့မယ်ထင်တယ်။ သူတို့အင်္ဂလိပ်ကျောင်းက ကျောင်းဆင်းပွဲ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျင်းပမယ်။ ဟယ်ရီပေါ်တာဝတ်စုံဝတ်ရမှာဆိုတော့ သူကမတက်ချင်ဘူးတဲ့။ သူကဘိုဝတ်စုံပဲဝတ်ချင်တာ ဟယ်ရီပေါ်တာပုဝါခြုံလိုက်ရင် ရှိုးပျက်လို့တဲ့။ ဘာလို့မတက်ချင်တာလဲမေးတော့ ပိုက်ဆံကုန်မှာစိုးလို့တဲ့။ ကြီးတော်တွေက မရဘူးတက်ရမယ် ကျောင်းဆင်းပွဲဆိုတာ လူတိုင်းတက်ရတာမဟုတ်ဘူး။ သားတို့နားကကျောင်မှာ မရှိဘူး၊ သားမေမေကျောင်းမှာလည်း မရှိဘူး သားတို့ကျောင်းက စပါရှယ်မို့လို့ တက်ရတာလို့ပြောမှရတယ်။ ကျောင်းဆင်းပွဲမှာ ပျော်လားမေးတော့ ပျော်ပါတယ် ဆူညံနေတာပဲတဲ့ သူကဆူညံတာ မကြိုက်ဘူးတဲ့။ သူငယ်ချင်းဝေပို့ပေးတဲ့ ဓာတ်ပုံထဲမှာ ကလေးတွေက ဗြောင်းဗြောင်းဆန် ပျော်နေသလောက် သူကသိပ်မပျော်သလိုပဲ။ မနက် ၉ နာရီခွဲပွဲကို ၇ နာရီခွဲကတည်းက ထွက်ရတယ်။ ဟိုတယ်ကကျွှေးတဲ့မုန့်တွေမကောင်းလို့ KFC ဝယ်စားရတယ်တဲ့။ မကြီးက လုပ်လိုက်စမ်းပါပြောလို့ အဲ့ဒီစမ်းဆိုတဲ့စကားလုံးနဲ့ မပြောပါနဲ့ စမ်းဆိုတာကြီးကို သိပ်မုန်းတာပဲတဲ့။ ဆောရီးပါ နောက်စမ်းလို့မပြောဘူးလို့ တောင်းပန်ရတယ်။ ကြီးကြီးဆံပင်တွေ ဖြူနေပြီလို့ပြောတော့ ကြီးကြီးရေ အသက်မကြီးနဲ့နော် အသက်ကြီးတဲ့သူတွေကို သိပ်မုန်းတာပဲဆိုလို့ ရယ်လိုက်ရတာ။ အတူနေသူ့အဘွားကို မုန်းတယ်ထင်တယ်။ မကြီးသူငယ်ချင်းက ကလေးတွေက သူတို့ချစ်တဲ့သူတွေကို အသက်မကြီးစေချင်ဘူး ရုပ်မဆိုးစေချင်ဘူးတဲ့။ ဟေ့ ကြီးကြီးတို့က လှလှလေးနေမှာ ever young။ ကြီးကြီးသုံးယောက်ထဲ ဘယ်သူ့ကိုပိုချစ်လဲမေးတော့ အတူတူပဲချစ်တယ်တဲ့။ နည်းနည်းလေး ပိုတဲ့သူမရှိဘူးလားမေးတော့ ကြီးကြီးခင်စန်းကို အချစ်ဆုံးတဲ့။ ဘာဖြစ်လို့ပိုချစ်တာလဲမေးတော့ အရုပ်တွေပေးလို့ထင်တယ်တဲ့။ သူဆော့တဲ့ဂိမ်းတွေအကြောင်းပြောတာ ၂ နာရီ တရစပ်မရပ်မနား စကားများကြီးတော်နှစ်ယောက် သ◌ြချရတယ်။ ကိုယ်ယာထနောက်ကျလို့ သူတို့ဖုန်းပြောတာကို နောက်ကျမှရောက်လာရင် ကြီးကြီးက ဘာလို့နောက်ကျရတာလဲ နောက်တခါနောက်မကျစေနဲ့တဲ့။ သူနဲ့စကားပြောနေတုန်း မြေအောက်ထဲရောက်လို့ ပျောက်သွားပြီးမှ ပြန်ပေါ်လာရင် ကြီးကြီးကလဲ ဘာလို့ပျောက်သွားတာလဲ။ သားကိုပြောထားသားပဲ ကြီးကြီးက မြေအောက်ထဲမှာ အင်တာနက်ရရင်ပေါ်လာပြီး မရရင်ပျောက်သွားတာပေါ့။ ခုခေတ်ကလေးတွေ နင်ကလေးပဲဆိုပြီး ပြောလို့မရဘူး ကိုယ်တွေကိုဆရာပြန်လုပ်နေတာ အကျိုးအကြောင်း နားလည်သဘောပေါက်အောင် ရှင်းပြမှလက်ခံတာ။ ကြီးကြီးရဲ့ ယူကျူ့ချန်နယ်ကို Like Subscribe လုပ်ပေးပါလို့ပြောတော့ သားကကြိုက်မှ လိုက်အန်ဆပ်ခခိုက်လုပ်မှာတဲ့။ ဂိမ်းတင်ဆက်နေတဲ့ ယူကျူဘာကြီးရဲ့ အသံဖိုင်နားထောင်ပြီး ကိုယ့်တူဆိုတော့ ရှာကြံချစ်နေရတာပါပဲ။

စန်းထွန်း
ဇန်နဝါရီ ၈၊ ၂၀၂၂။

No comments: