ငယ်ငယ်ကဆို သကြင်္န်ချိန်မှာ သောင်းကျန်းလွန်းလို့။ အသက်နည်းနည်းကြီးလာတော့ ရေပတ်ရမှာ၊ ရေပတ်ခံထွက်ရမှာ စိတ်မဝင်စားတော့ပါဘူး။ သကြင်္န်တွင်းမှာ ဖတ်ဖို့ စာအုပ်၂၀လောက် ငှားပြီး အပေါ်ထပ်တက်ပြီး မောင်နှမနှစ်ယောက် နှပ်နေတော့တာပဲ။ ၂၀၀၇ ခုနှစ် သကြင်္န်မှာတော့ ပထမဆုံးအကြိမ် တရားစခန်းဝင် ဖြစ်ပါတယ်။ မှော်ဘီ ဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာပါ။
ဧက ၃၀ကျော် ကျယ်ဝန်းတဲ့ ဘုန်းကြီးကျောင်းဝင်းက သစ်ပင်ရိပ်တွေနဲ့ အေးချမ်းပါတယ်။ ကျောင်းထိုင်ဆရာတော်ကို ဖူးလိုက်ရတာနဲ့ ကြည်ညိုလေးစားသွားတယ်။ ဆွမ်းကို သပိတ်ထဲ ထည့်ပြီး ဘုန်းပေးတယ်။ ဝထ္ထုငွေကို ကပ္ပိယကတဆင့်သာ ကပ်လို့ရပါတယ်။ ဝါးနက်ချောင်းမှာ ဘုန်းကြီးကျောင်းတွေ အများကြီးပဲ၊ ဘာဖြစ်လို့လဲ ဘုရားလို့ မေးတော့ ဂဝံမြေရှိတဲ့နေရာမှာ သာသနာထွန်းကားပါတယ် သထုံကိုပဲ ကြည့်တဲ့။ ကျောင်းမှာ ဝါအတော်ကြီးတဲ့ ကနေဒါသားနဲ့ အင်္ဂလန် သား ဘုန်းကြီးနှစ်ပါး ရှိပါတယ်။ မြန်မာအစားအစာ စားပြီး မြန်မာစကားပြောတတ်ပါတယ်။ မနက်လေးနာရီခွဲ အုန်းမောင်းခေါက်ရင် အိပ်ယာက ထ၊ မျက်နှာသစ်၊ သွားတိုက်ပြီး ဓမ္မာရုံဆီ သွားပြီး တရားထိုင်ရတယ်။ တနာရီ တရားထိုင်၊ တနာရီ စကြင်္န်လျှောက်။
နှာသီးဝကို အာရုံစိုက်ပြီး ဝင်လေ ထွက်လေကို မှတ်ရတာ။ အစက ဝင်လေထွက်လေကို မသိဘူး။ စိတ်က မငြိမ်တာကိုး ဟိုရောက်ဒီရောက်။ အသက်ခပ်ပြင်းပြင်းရှူမှ ဝင်လေထွက်လေ သိတယ်။ နောက် နည်းနည်းကြာလာတော့ သိလာပါတယ်။ စိတ်တည်ငြိမ်လာရင် ဝင်လေက အေးနေတာ ထွက်လေက ပူတာကို သိနိုင်ပါတယ်။ တချို့က ဗိုက် ပိန်တာဖောင်းတာ မှတ်ကြတယ်။ သဲအင်းဂူကတော့ အသက်ခပ်ပြင်းပြင်းရှူပြီး မှတ်ရတယ်။
ခန္ဓာကိုယ်က ငြိမ်နေပေမဲ့ စိတ်တွေက ငြိမ်မနေဘူး။ အတွေးတွေက ယောက်ကယ်ခတ်နေတာပဲ။ ထိုင်တာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်ဆို ခန္ဓာကိုယ်က နာကျင်တဲ့ ဝေဒနာတွေ ခံစားရတယ်။ ဘယ်လောက်တောင်လဲဆိုရင် ချွှေးသီးချွှေးပေါက်တွေကျပြီး နေမကောင်းဖြစ်တာတောင် ဒီလောက် ဝေဒနာ မခံစားဘူး။ ခန္ဓာကိုယ် အနေအထား နည်းနည်းပြောင်းမှ သက်သာတယ်။
တခါတုန်းက ဟင်္သာတနယ်ဖက်မှာ သိပ်ချစ်ကြတဲ့ မောင်နှမရှိတယ်။ ညီမက မြို့သားနဲ့ အိမ်ထောင်ကျပြီး မြို့ကို ပါသွားတယ်။ အစားကောင်းစားရရင် ချစ်သောသူကို တမ်းတသလို တရားကောင်းစားရတော့ သူ့အကို ကိုလည်း တရားထိုင်စေချင်တာနဲ့ မြို့ကို လှမ်းခေါ်ပြီး တရားစခန်းဝင်အောင် စီစဉ်ပေးတယ်။ ခန္ဓာကိုယ် ပင်ပင်ပန်းပန်း လှုပ်ရှားသူတွေ တရားထိုင်ရင် တခြားလူတွေထက် ပိုပြီး ဝေဒနာ ခံစားရတယ်။ အမြဲလှုပ်ရှားနေတဲ့ ကြွက်သားက ငြိမ်နေရတော့ ပိုရုန်းတာပေါ့။ ဆရာတော်က ပျဉ်းမနားက လယ်သမားတွေ လက်လုပ်တောင်မှာ တရားထိုင်ရင် ဂျွှမ်းပစ်နေတာတဲ့။ ဝေဒနာခံစားရလွန်းလို့ အကိုဖြစ်သူက ငါ့ညီမ ငါ့ကို အနုနည်းနဲ့ အသေသတ်ပြီး လယ်တွေ အပိုင်စီးမလို့နဲ့ တူပါရဲ့လို့ ညည်းပါသတဲ့။ အဲဒီလောက် နာကျင်တာပါ။ မယုံရင် ထိုင်ကြည့်လိုက်။
နာကျင်ကိုက်ခဲ ဝေဒနာတွေ ခံစားရတယ်ဆိုလို့ သိပ်ကြောက်သွားသလား။ မကြောက်ပါနဲ့ :)။ သုံးရက်လောက်ဆို ပျောက်သွားမှာပါ။ သူများတွေက ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ ဖြစ်ပျက်တာတွေကို မြင်လောက်အောင် သမာဓိအားတွေ တက်လာပေမယ့် တို့ကတော့ နှာသီးဝကို ရောက်အောင် မနည်းအားထုတ်နေရတယ်။ တရားတနာရီထိုင်ရင် ငါးမိနစ်လောက်ပဲ နှာသီးဝရောက်တယ်။ သမာဓိအားကောင်းပုံများ ပြောပါတယ်။
ဆွမ်းစားပြီး တရားထိုင်ရင်တော့ ငိုက်တော့တာပဲ။ ဆရာတော်ပြောတဲ့ ပုတ်သင်ညို ကမ္ပဋ္ဌာန်းဆိုတာလေ။ ခေါင်းတညိမ့်ညိမ့်နဲ့ ထောက်ခံနေလို့။ ကျောင်းက TM ချိန်ဆို နေ့လည်ထမင်းမစားခင် ဆယ့်ငါးမိနစ်လောက် တရားထိုင်ရတယ်။ ခေါ ခလူး အသံတွေ ထွက်လာရင် ကျန်တဲ့ကျောင်းသားတွေက ပြုံးစိစိပေါ့။ တယောက်ယောက်ကများ စရီရင် ရယ်ကြတာပေါ့။ အားလုံးငြိမ်နေချိန်မှာ ဗိုက်ထဲကနေ ဂွီဂွမ်ဆိုတဲ့ အသံထွက်လာရင် ဘယ်သူ့ဆီက မြည်တာလို့မှန်းပြီး စနောက်ရတာလည်း တမျိုးပျော်စရာ။ when ur mind is completely rest, ur body is also completely rest. ဆိုပြီး အိပ်ငိုက်တာက one of correct meditation ဆိုလို့ ပျော်လိုက်တာ။ ကိုယ်က အမြဲအိပ်ငိုက်တာကိုး။ တရားစခန်းဝင်တာ တရားထူးတော့ မရလိုက်ပါ။ ထိုင်ရင်းနဲ့ ငိုက်တတ်သွားပါတယ် :) ။
တရားထိုင်ရင်လည်း မျိုးစုံကြုံရတယ်။ ဆရာကောင်း လိုအပ်ပါတယ်။ အင်းအိုင်လက်ဖွဲ့ထိုးထားတဲ့ ရွှေရင်မျှော်ဂိုဏ်းဝင်တွေ တရားထိုင်ရင် ဘီလူးလိုလို အစောင့်က တင်းပုတ်ကိုင်ပြီး ပတ်နေတော့ တရားမထိုင်ရဲဘူးတဲ့။ အသိအမတယောက်ဆိုရင် တရားထိုင်ရင် ယိမ်းနေတတ်လို့ တရားစခန်းလည်းပြီးရော ယိမ်းယိမ်းအမည် တွင်ပါလေရော။ တရားထိုင်နေရင်း အသက်ခပ်ပြင်းပြင်း ရှူသံအကျယ်ကြီးကြားရတာ တရားပြဆရာတွေက ရေတွေတိုက်ပြီး သတိပေးရတာလည်း ရှိတယ်။
မော်လမြိုင် ဖားအောက်မှာ ယောက်ျားဆုံးလို့ သောကဝေနေတဲ့ မိန်းကလေး သီလရှင်ဝတ်ပြီး တရားအားထုတ်တာ သူ့အရင်ဘဝတွေ ပြန်မြင်ပြီး တသက်လုံး သီလရှင်ဝတ်သွားပါသတဲ့။
ကမ္ဘာပေါ်မှာ အမြန်ဆုံးနဲ့ အင်အားအကြီးမားဆုံးက စိတ်ပါ။ စိတ်ကိုသာ သိပြီးထိန်းချုပ်နိုင်ရင် အရာရာ အောင်မြင်တာပါပဲ။ yogi flying ဆိုတာ ရှိသေးတယ်။ တို့တွေ အမြင်ကတော့ ဖားခုန်သလိုပါပဲ။ သူတို့တွေကတော့ သိပ္ပံနည်းကျ စမ်းသပ်ထားတယ်။ အားကစားသမားတွေက အဲလို မခုန်နိုင်ပါဘူးတဲ့။ စိတ်ကို လေ့ကျင့်ထားတဲ့သူမှသာ ခုန်နိုင်တာတဲ့။ လေယဉ်ပျံတွေ မပေါ်ခင် အရင်ခေတ်တွေတုန်းက ကောင်းကင်မှာ ပျံတဲ့သူတွေရဲ့ အထောက်အထားတွေ ရှိပါတယ်။ အရင်ဘဝ၊ နောင်ဘဝတွေ ရှိတာကို လက်ခံယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ လူဝင်စားတွေက မထူးဆန်းပေမဲ့ သေပြီးရင် ကောင်းကင်ဘုံ၊ ငရဲဘုံတွေမှာ ထာဝရနေသွားတယ်လို့ ယုံကြည်တဲ့ ဘာသာဝင်တွေအတွက်ကတော့ ထူးဆန်းလှပါတယ်။ ဈာန်ရတဲ့သူတွေ ကောင်းကင်မှာ ပျံနိုင်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ပါတယ်။
တရားထိုင်မယ်ဆိုရင် ဘာသာပြောင်းစရာ မလိုပါဘူး။ ငြိမ်ငြိမ်လေးထိုင်ပြီး နှာသီးဝက ဝင်လေထွက်လေကို စောင့်ကြည့်တာက အရမ်းရိုးစင်းပြီး လက်တွေ့ကျပါတယ်။
ခုထိတော့ စန်းထွန်းကတော့ နှာသီးဝရောက်အောင်ကို အာရုံမနည်းစိုက်နေရပါကြောင်း။
စန်းထွန်း
ဇွန် ၂၁၊ ၂၀၁၁။
2 comments:
T T Sweet said...
ဟုတ်တယ် ခုစတရားထိုင်နေတာ နာကျင်တဲ့ ဝေဒနာကို တော်တော်ခံစားရတယ်။
October 1, 2012 at 5:56 AM
Post a Comment