မွေးရပ်‌မြေ...



ဟိုင်းကြီးကျွန်းကို အဝေ:က လှမ်းမြင်ရစဉ်။



မြန်မာပြည်အနောက်တောင်ဖက်စွန်း နဂရေ.အငူနားမှာ တည်ရှိတယ် ဟိုင်းကြီးကျွှန်းလေးက ကိုယ်ယ့်ရဲ့မွေးရပ်မြေလေးပါ။ ရခိုင်က မေတို့ရွာမှာ မွေးဖွားခဲ.ပေမယ်. ခြောက်လသမီးကတည်းက ဒီမှာကြီးပြင်းခဲ.တော. ဟိုင်းကြီးကျွှန်းက တို.ဇာတိလိုပါပဲ။ မြန်မာသမိုင်းမှာတော. အင်္ဂလိပ် အရှေ.အန္ဒိယ ကုမ္ပဏီက ရေကြောင်းအချက်အချာကျတယ်. ဟိုင်းကြီးကျွှန်းမှာအခိုင်အမှာ တပ်စွဲထားလို့၁၇၅၉မှာ အလောင်းဘုရားက တိုက်ခိုက်သိမ်းယူတယ်။

အဝေးကကြည်.ရင် ဆင်တစ်ကောင်ဝပ်နေပုံ။ ဆင်တွေထဲမှာ စွယ်စုံဆင်ထက် ဟိုင်းဆင်က ခွန်အားကြီးတယ်။ ဟိုင်းကြီးဆိုတာ ဟိုင်းဆင်ကြီးပေါ့။ ထူးဆန်းတာက ကျွှန်းပေါ် ဆင်ရုပ်တင်လို. မရတာ။ ငယ်ငယ်က ပိုက်ဆံစုဖို. ဆင်ရုပ်ဝယ်တာ အိမ်နားက လူကြီးတွေက လွှင့်ပစ်လိုက် ဆိုလို့လွှင့်ပစ်လိုက်တာ ဘာဆက်ဖြစ်မယ်ဆိုတာ စမ်းတောင်မစမ်းလိုက်ရဘူး။

ဟိုင်းကြီးကျွှန်းနဲ့ နာရီဝက်လောက် မော်တော် မောင်းရတယ့် အဝေးမှာ လိပ်ကျွန်းလို့ ခေါ်တယ့် သမီးလှကျွန်း ရှိတယ်။ ငယ်ငယ်တုန်းက လိပ်ဥတွေ စားရတယ်။ လိပ်ဥက စိမ့်တယ်။ နောင်တော့ လိပ်ဥ မစားရတော့ဘူး။ လိပ်ကျွန်းမှာ လိပ်သုတေသနဌာန ရှိတယ်။ ဝန်ထမ်းတွေပဲ ရှိတယ်။ မကြီးကရောက်ဖူးတယ်။ သူ့သူငယ်ချင်းအဖေက အဲဒီက ဝန်ထမ်းလေ။ တို့တော့ တခါမှ မရောက်ဖူးဘူး။ လိပ်မကြီး ဥဥပြီးရင် သူတို့တွေက လိပ်မကြီးကို တက်စီးကြသတယ့်။ ခုမှ လိပ်မကြီးခမျာ ဥဥပြီး ပင်ပန်းနေတာကို သူတို့ မညာမတာ တတ်စီးတယ်ဆိုပြီး သနားနေတယ်လေ။

ဟိုင်းကြီးက တောင်နဲ့ပင်လယ်နဲ့ သာယာပါတယ်။ ရွာထိပ်တောင်မှာ အလောင်းစည်သူမင်း တည်ထားတယ့် ဘုရားရှိတယ်။ တောင်ထိပ်ကနေကြည့်ရင် ပင်လယ်ရေပြာပြာတွေ ပတ်လည် ဝိုင်းနေပြီး အဝေးမှာ ရိုတယ့် ပြင်ခရိုင်ကျွှန်း တောင်တွေနဲ့ စိမ်းညို့နေတယ်. ဟိုဖက်ကမ်းကို တွေ.ရတယ်။ တရုတ်စကားပန်းအဖြူ အနီပင်တွေနဲ့ တတောင်လုံးမွှေးနေတတ်ပါတယ်။ အခါကြီးရက်ကြီးတွေဆို ဘုရားတောင်ပေါ်တက်ကြတယ်။ အတက်တုန်းက လှေကားထစ်တွေရေပြီး တက်ကြပေမယ့် အဆင်းဆိုရင် ဘေးလမ်းကနေ အရှိန်နဲ့ ပြေးဆင်းကြတယ်။ ပြီးရင် သောင်ဖက်ကို လမ်းလျှောက်ကြမယ်။



ဟိုင်းကြီးဘုရားတောင်

အနီးအနားက မရမ်းကွင်း ငပြေမ ဇီးချှိုင် ကံချှိုင် ရွာတွေကို ဖောက်သည်ပေးတယ့် ဆိုင်တွေနဲ့ ရောင်ဝယ်ဖောက်ကား စည်ကားတယ်။ ဟိုင်းကြီးသူဟိုင်းကြီးသားတွေက ခေတ်မှီကြတယ်။ ညနေ ပုသိမ်သင်္ဘောဆိုက်ချိန်ဆိုရင် ဝတ်ကောင်းစားလှဝတ်ပြီး သင်္ဘောဆိပ်မှာ စည်ကားနေပြီ။ အသစ်ရောက်လာတယ့် ဝထ္ထုစာအုပ်ကို အလုယက် ငှားကြပြီ။ ဒီအချိန်ဆို ရွာတပတ် ပတ်လိုက်ရမှ။

ဟိုင်းကြီးက မုန့်တွေလည်း စားကောင်းတယ်။ ဒေါ်တုတ်အရေကြည်(တို့ဒေသအခေါ် မုန့်တီ) ၊ မုန့်ပေါင်း ၊ ခေါပျင် ၊ မုန့်လိပ်ပြာ ၊ မုန့်တပြားကြီး၊ ဒေါ်ဖြူအိ ကြိုမုန့်၊ လဖက်ရည် ၊ မုန့်လုံးကြီးကျော် ၊ မုန့်ဖက်ထုပ်။ လှည်းတန်းမှာ မုန်.ပေါင်းတွေ့လို့ ဝမ်းသာအားရ ဝယ်ပြီးတီးလိုက်တာ လည်ချောင်းထဲ ဓားသိုင်းကပြီး ဆင်းသွားတယ်။ ဟိုင်းကြီးက မုန့်ပေါင်းက နူးညံ့လွန်းလို့ ပါးစပ်ထဲတင် ပျော်သွားတာ။

ဝါဆိုသင်္ကန်းကပ်ချိန်ဆိုရင် ရွာပြင် အပျိုကြီးဘုရားနားက ရေတံခွန်စမ်းမှာ ရေသွားကစားပြီး ဝါဆိုပန်းခူးထွက်ကြတယ်။ နွေရာသီမှာ ရေခန်းနေပြီး မိုးရာသီမှ ရေကျတယ့် ရေတံခွန်လေးပါ။ တောင်ပေါ်မှာ ရေကန်ရှိတယ်။ တခါမှ မရောက်ဖူးဘူး။ မိုးရာသီ အဲဒီရေကန်ထဲ ရေများရင် စီးလာပြီး ရေတံခွန်စမ်း ဖြစ်သွားတာ။
လူကြီးတွေ ပန်းခူးထွက်ချိန်မှာ တို့ကလေးတွေက ကျောက်တံရှာထွက်ကြတယ်။ အဲဒီတုန်းက ကျောက်သင်ပုန်း ကျောက်တံသုံးတုန်း။ မကြီးတော့ ဝါဆိုပန်းခူး ထွက်ဖူးတယ်။ ကျွှတ်တွေတွယ်တယ်လို့ဟြေတယ်။ ခုတော့ ရေတပ်က သိမ်းလိုက်လို့ ရေတံခွန်စမ်းကို သွားခွင့်လည်း မရှိတော့ပါဘူး။ တောင်ပေါ်မှာလည်း ဆည်ဆောက်လိုက်လို့ ရေတံခွန်ကလည်း ရေမကျတော့ပါဘူး။ တောင်ပေါ်ကိုလည်း တက်ခွင့်မရှိတော့ဘူး။

တပေါင်းလဆန်းတစ်ရက်ကနေ တပေါင်းလပြည့်နေ့အထိ ခြိမ့်ခြိမ့်သဲကျင်းပတယ့် မြတ်မော်တင်စွန်း ဘုရားပွဲတော်ကတော့ တနယ်လုံးအစည်ကားဆုံးပါပဲ။ ကုန်သည်ညီနောင် မဇျွှိမဒေသမှာ ဂေါတမဘုရားရှင် ချီးမြှင့်လိုက်တယ်. ဆံတော်ရှစ်ဆူကို ဒဂုံကို ပင့်ဆောင်လာခိုက် နဂရေ့ အငူရောက်တော့ ဖောင်တော် ရပ်တန်.သွားတယ်။ နဂါးမင်းက တောင်းဆိုလို့ ဆံတော်နှစ်ဆူကို ပူဇော်ဖို့ ပေးခဲ့တယ်။ အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာ မော်တင်စွန်းဘုရားနားမှာ ဖောင်တော်ရပ်တန့်သွားတယ်။ ကြိမ်စကြာနဲ့ ရှိက်မေးတော့ နဂါးမင်းက လာလျှောက်တယ်။ ပျက်စီးနေတယ့် ဘုရားကို လူတရစ် နဂါးတရစ် တည်တယ်လို့ ဆိုပါတယ်။ ဘုရားပွဲကို လူဘယ်လောက်လာလာ တောင်က လူကျပ်တယ်လို့ မထင်ရပါဘူး။ ပင်လယ်ထဲက ကျောက်ဆောင်တွေက ဘုရားတောင်ဆီ ဦးခိုက်ပြီး တောင်ကိုခိုင်မာအောင် ပံ့ပိုးအောင် လုပ်ပေးနေတာတွေက ထူးဆန်းပါတယ်။

ဒီအချိန်ဆို ကမ်းနားတန်းမှာ ဆိုင်တွေ အစီအရီ။ မော်တင်ဘုရားပွဲတခေါက်မှမဆင်းလိုက်ရရင်ပဲ မပြည့်စုံဘဲ တခုခုလိုနေသလို ခံစားရပါတယ်။ မော်တင်ပွဲအတွက် ရည်ရွယ်ပြီး ချူပ်ထားတယ့် အင်္ကျီအသစ်တွေနဲ့ ဟန်ရေးတပြပြပေါ့။ မြို့ကို အရောက်အပေါက်နည်းတုန်းကတော့ ဒီအချိန်ရောက်မှပဲ လိုအပ်တာကို ဝယ်ရခြမ်းရတာမဟုတ်လား။ အနယ်နယ်အရပ်ကလာရောက်ရောင်းချတယ့် ဆိုင်ခန်းတွေ ရုပ်ရုင် ဇာတ်ပွဲတွေနဲ့ ကြက်ပျံမကျ စည်ကားလှပါတယ်။ ကျွှန်တော့်မမပုသိမ်သူသီချင်းတွေကလည်း နေရာအနှံ့ ပျံ့လွှင့်နေပြီ။ မေကတော့ လပြည့်နေ့မှ လျှော့ပင်းထွက်လေ့ရှိတယ်။ နောက်ဆုံးနေ့ဆိုရင် ဈေးသည်တွေက ပစ္စည်းတွေပြန်မသယ်ချင်လို့ လျှော့ဈေးနဲ့ ရောင်းလေ့ရှိတယ်။ လပြည့်ကျော်တရက်နေ့မှာတော့ ဘုရားပွဲတော်ကအညစ်အကြေးတွေကို ဒီရေက တိုက်ချပြီးဆေးကြောလေ့ရှိတယ်။ ငယ်ငယ်တုန်းကတော့ မော်တင်မှာ ဘောကွင်းနဲ့ ရေကူးခွင့် ပြုတယ်။ နောင် မူးပြီး ပင်လယ်ထဲ မျောတယ့်သူများလာလို့ ကူးခွင့်ပိတ်လိုက်တယ်။ ဇီးချိုင် ကံချိုင် ဖက်မှာပဲ ကူးခွင့်ပြုတယ်။ အဲဒီဖက်မှာ ရေကပိုပြာပြီး ပိုသန့်တယ်။ ဇီးချိုင်ငါးပိက နာမည်ကြီးတယ်။

မော်တင်ရေက ပြာလဲ့နေလိုက်တာ

ဘုန်းကြီးကျောင်းဝင်းကတခုတည်းပေမယ့် ကျောင်းဟောင်း ကျောင်းသစ်ဆိုပြီး နှစ်ကျောင်းရှိပါတယ်။ ငယ်ငယ်က ဝါဆိုသင်္ကန်းကပ် ပွဲဆိုရင် မေက လိုက်ခွင့် မပြုဘူး။ ဝါဆိုသင်္ကန်းကပ်ပွဲချိန်ဆိုရင် ကျောင်းဟောင်းကျောင်းသစ် ရန်ဖြစ်နေကြလေ။ ကျောင်းဟောင်းဖက်ကလူကလည်း တို့က အင်္ကျီအသစ်ဆိုရင်တောင် ဟောင်းအောင် ဘီရိုထဲ ထည့်ပြီးမှ ဝတ်တာတဲ့။ ခုတော့ ရန်မဖြစ်တော့ဘူးလို့ ကြားတယ်။

ဟိုင်းကြီးမှာ အတော်ပျော်စရာ ကောင်းတယ်။ ရေတက်ချိန်ဆို ရေကူးကြ။ လွှင့်ပစ်ထားတယ့် ဓနိဟောင်းတွေ ကောက်ပြီး တဲဆောက်ကြတယ်။ စိန်ပြေးတမ်း၊ ထုပ်ဆီးထိုးတမ်း၊ ကြိုးခုန်တမ်း၊ ဇယ်တောက်တမ်း ဆော့ကြတယ်။ ဇယ်ဆိုတာ မန်ကျည်းစေ့ကို ခေါ်တာပါ။ မြေကြီးထဲ တွင်းတူးပြီး ဇယ်တွေကို တွင်းထဲဝင်အော် လက်နဲ့တောက်ရတာ။ တခါတလေ ဇယ်တွေကို မီးဖုတ် အစားကောင်းတာ ဗိုက်အောင့်တတ်သေးတယ်။ ငယ်ငယ်တုန်းက တီဗီကလည်း ပေါ်ခါစ အိမ်တိုင်းမှာလည်း မရှိ တီဗီဂိမ်းကလည်း မပေါ်သေး ကားတွေ ဆိုင်ကယ်တွေကလည်း ဒီလောက် မပေါသေးဆိုတော့ အိမ်မှာ မနေဘဲ လမ်းပေါ်မှာ အချိန်တိုင်း ဆော့နေတာပဲ။ ထမင်းစားဖို့တောင် အိမ်က လာခေါ်ယူရတယ်။ ကမ်းနားလမ်းအိမ်မှာ ကြက်မကဥဥလိုက် တို့တွေက ယူကြော်စားလိုက်။ တစ်ဥတော့ ချန်ထားရတယ်။ မချန်ထားရင် မဥတော့ဘူး။ ဓာတ်ဘဲလို့ခေါ်တယ့် မီးနဲ့ဖေါက်တယ့် ဘဲတွေ လာရောင်းရင် ဝယ်ပြီးမွေး။ ပြီးရင် သက်ဆိုးမရှည်ပြန်ဘူး။

ကမ်းနားလမ်းက အိမ်တွေဖျက်ရ ရွာသစ်ရောက်တော့ လယ်ကွင်းတွေထဲ သွားဆော့ကြတယ်။ လယ်တွေကို ရေတပ်ကသိမ်းထားတော့ လယ်မစိုက်တော့တယ့် ကွင်းပြင်ကြီးက တို့တွေအတွက်ကတော့ ဆော့စရာ နေရာကြီးပေါ့။ အနီးက ဇီးဖြူချောင်းရွာက ဘုန်းကြီးကျောင်းသုံးကျောင်း ရှိတယ်။ မရမ်းချောင်ကျောင်း သရက်တောကျောင်းနဲ့ အလယ်ကျောင်း(နာမည် မမှတ်မိတောလို့)။ ရခိုင်စကားကို ကျောက်ဖြူသံဝဲဝဲနဲ့ ပြောကြပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတယ်။ မရမ်းချောင်ကျောင်းနားက ကောက်ရိုးပုံပေါ် သွားဆော့ကြတယ်။ ဆီးဖြူသီးတွေ သွားကောက်ကြတယ်။ မိုးရွာရင် လယ်ကွက်တွေထဲမှာ မျှော့တွေရှိလို့ လယ်ထဲရေဆင်းကူးဖို့တောင် ခပ်ကြောက်ကြောက်ရယ်။ ဖေက ကြက်မသုံးမ မွေးထားတယ်။ စွန်တွေလာရင် ခြောက်ရတယ်။ ကြက်မကလည်းအော်ပြီး သူ့ကလေးတွေ ခေါ်။ ကြက်ပေါက်စလေးတွေက ချစ်စရာကောင်းလို့သွားကိုင်ရင် သဘောမကောင်းတယ့် ကြက်မက လိုက်ဆိတ်လို့ ပြေးရသေးတယ်။

နောက်တော့လယ်တွေ တကယ်သိမ်းလိုက်လို့ တောင်သူတွေ လယ်မလုပ်ရတော့ဘူး။ သူငယ်ချင်း ခင်သီတာထွေးတို့ လယ်တွေ အသိမ်းခံရတယ့် အထဲ ပါသွားတယ်။ အစက ဟိုင်းကြီးမှာ အိမ်ငှားနေရာကနေ လယ်သိမ်းလိုက်လို့ အိမ်ငှားမနေနိုင်တော့ဘဲ ဇီးဖြူချောင်းကနေ ဟိုင်းကြီးထိ တစ်နာရီသာသာ ခရီးကို တနေ့နှစ်ကြိမ် လမ်းလျှောက်ပြီး ကျောင်းတတ်ရတယ်။ စာတော်တယ့်သူဟာ ပင်ပန်းလို့ စာမကျက်နိုင်တော့ဘဲ အဆင့်တွေ ကျသွားတယ်။ ရွာသစ်ရောက်မှဘဲ နွားတွေ လယ်တွေ အပင်တွေ မြေကြီးနဲ့ ပိုနီးသွားတယ် ဆိုပါတော့။

စံထူးစံပြအဏ္ဏဝါကတော့ ရွာသစ်ကနေ နာရီဝက်လောက်ဝေးတယ်။ စံထူးရွာထိပ်မှာ ရှိတယ်.မြေပေါ် နည်းနည်းပေါ်နေသေးတယ်.  အင်္ဂတေလေးက အရှေ့အိန္ဒိယ ကုမ္ပဏီရုံးစိုက်ခဲ့တယ့် အမှတ်အသားအဖြစ် ကျန်တော.တယ်။



ရခိုင် မာန်အောင်အဆက်အနွှယ်တွေဖြစ်ပြီး လယ်ယာလုပ်ကိုင်ကြတယ်။ အသစ်ချပေးတယ့်နေရာက ရွာနဲ့ အတော်ဝေးတယ့် ရွှံ့တောထဲမှာ။ ရွာနဲ့နည်းနည်းနီးတယ့် နေရာမှာ မြေကွက်ဝယ်ပြီး အိမ်ပြန်ဆောက်။ ရေခပ်တာ ဝေးလို့ ရေထရက်တွေဆို လှေနဲ့ အဝတ်လျှော် ရေခပ်။ ရေမရှားပေမယ့် ရေခပ်ရတာ ဝေးလို့ ရေရှားတယ်။ ဆန်ဆေးရေကို မလွှတ်ပစ်ပဲ ပန်းကန်ဆေးဖို့ ချန်ထားရတယ်။ ရေထရက်ဆို ရေတွင်းက ရေတွေက ငန်ပြပြ ဖြစ်နေတတ်တယ်။ ရွာထဲနဲ့လည်းဝေး ရွာထဲက ကလေးတွေ စကားလည်း နားမလည်လို့ တို့ မောင်နှမနှစ်ယောက် အတူတူဆော့။ အတူတူဖျား။ တုပ်ကွေးချိန်ဆို တနယ်လုံးက ကလေးတွေ ဟိုဖက်ကမ်းက ဆရာဝန်ကြီး ဦးဝင်းကြည်အိမ် ရောက်လာကြပြီ။ ရေတက်ချိန်ဆို ဘော့သီးနှစ်လုံးကြိုးချည်ပြီး ရေကူးကြပြီ။ ရေကျချိန်ဆို ရေတအားစီးလို့ မျောပါသွားတတ်တယ်။ မေက တို့မောင်နှမတွေ ရေကူးရင် စောင့်နေတတ်တယ်။

နောက် သစ်သားတံတား ခုတော့ ဖေတို့ ဦးဆောင်မှုနဲ့ ကားဝင်နိုင်တယ့် လမ်းဖြစ်နေပြီ။ လမ်းကို ရေမတိုက်စားအောင် ကျောက်ပြားတွေကို သက္ကသောင်(အဆိုတော် ဇော်ပိုင်ဇာတိ)ကနေ ဝယ်ပြီး ကာထားတယ်။ ရေဆိုရင်လည်း ဘုန်းကြီးကျောင်းကနေ ပိုက်နဲ့သွယ်ထားတော့ နှစ်ရက်တကြိမ် ရေလွှတ်ရင် ယူထားလိုက်ရုံပဲ။ ရေလုပ်ငန်းပိုင်ရှင်တွေနဲ့ စည်ကားနေတယ်။ ပမ္ပဝတီရေတပ်စခန်းဌာနချုပ်က အခြေစိုက်ထားတယ်။ ငပုတောမြို့နယ် ဟိုင်းကြီးကျွှန်းအုပ်စုကနေ ဟိုင်းကြီးကျွှန်းမြို့နယ်ခွဲ အဖြစ် တိုးမြှင့်လိုက်ပြီ။ ဆေးရုံရှိလာပြီ။ ဆက်သွယ်ရေးအိပ်ချိန်းရှိတယ်။ တနယ်လုံးမှာ ဝင်ငွေအများဆုံး အရှာပေးနိုင်ဆုံး ရွှေတံဆိပ်ကို ရထားတယ်။ နောက်တော့ ဟမ်းဖုန်းတွေ ပေါ်လာတော့ လုပ်ငန်းရှင်တိုင်း ကမ်းရိုးတန်းဖုန်း ကိုင်ကြတယ်။ ရှပ်ပြေး(အမြန်ယာဉ်)တွေ ပေါ်လာတော့ ရန်ကုန်ကို နေ့ချင်းပေါက်ရောက်ပြီ။ သူဋ္ဌေးတွေ တတ်နိုင်သူတွေက ပုသိမ်၊ ရန်ကုန်မှာ အိမ်ဝယ်ထားပြီး သားသမီးတွေကို ကျောင်းတတ်ခိုင်းကြတယ်။ ကျောင်းပိတ်ချိန်ဆို ပြန်လာကြတယ်။

ငါးဖမ်းရာသီချိန်ဆို အလုပ်သမားတွေက ပိုင်ရှင်တွေဆီက ပိုက်ဆံတွေ လှည့်ပတ်ညာယူ။ အမြင်ကတ်လို့ ပိုင်ရှင်တယောက်က ဆန်တအိတ်၊ ငါးတခြင်း ရဲကို ပေးပြီး ပိုက်ဆံတွေ ညာယူတယ့်ကောင်ကို အချုပ်ထဲ တလလောက် ဆွဲစိထားတာ မှတ်ကရော။ နောက်တော့လည်း ဒီပိုင်ရှင်နဲ့ ဒီအလုပ်သမားတွေ ပြန်ပြီး တည့်နေပြန်ရော။ ပေးကမ်းထားတော့ ရဲတွေကဆရာကြီး အကူအညီလိုရင်ပြောတယ့်။ အချိန်မရွေး ကူညီဖို့ အဆင်သင့်ပဲ။ အရာရှိစာမေးပွဲဖြေဖို့စရိတ်ကို ရပ်ရွာက ထောက်ပံ့ရသေးတာ။ အိမ်မှာ ဟင်းစားမရှိဘူးဆိုရင် ဝင်လာတယ့် မော်တော်ကိုဆင်းပြီး ငါးတကောင် သွားတောင်းလိုက်ရံှပဲ။

မော်တော်တွေ ပင်လယ်ထဲ ငါးဖမ်းထွက်ရင် ရေတပ်ကို ဆေးလိပ်တဘူးနဲ့ ပိုက်ဆံပေးရတယ်။ ဒါမှ လတ်မှတ်ထိုးပေးတာ။ မော်တော်တွေ ကမ်းဝင်လာရင်လည်း ငါးတွေ ပေးရတယ်။ ဆားပေါ့ခြောက် တောင်းလို့ ဖွတ်ထားရသေးတယ်။ ဆားပေါ့ခြောက်က ဈေးကောင်းတယ်။ လစဉ် မြန်မာ့ရေမြေပိုင်နက်ကို စောင့်ရှောက်ခ စလင်းပိုင်ကြေးကို ပိုင်ရှင်တွေက မော်တော်တစင်း ဘယ်လောက်ဆိုပြီး ထည့်ရတယ်။ ဌာနချုပ်မှူးနဲ့ ပေါင်းပြီး ပုဇွန်လေလံပစ်တာ ရှိသေးတယ်။ ဌာနချုပ်မှူးကို သိန်းငါးဆယ်လောက် လာဘ်ထိုးပြီး ကွျှန်းနား ဖမ်းမိတယ့် ပုဇွန်မှန်သမျှကို အဲဒီဒိုင်ပဲ သွင်းရတယ်။ ဈေးကတော့ ပေါက်ဈေးဘယ်ရပါ့မလဲ။ ပြောင်းသွားတယ့် ဌာနချုပ်မှူးက နောင်နှစ်နှစ်လောက်သာ ဟိုင်းကြီးမှာ ဆက်နေရရင် တသက်စားမကုန်ဘူးတယ့်လေ။ အကောင်ကြီးကြီး တွေလာရင် မော်တော်တစင်း ဘယ်လောက်ထည့်ဆိုပြီး ကောက်ပြီး ရပ်ရွာက ကျွေးမွေးရတာ။ တခါက အကောင်ကြီးကြီးတကောင် လာလိုက်တာ ညနေစာ တညနေအတွက် သိန်းနှစ်ဆယ်လောက် ကုန်သွားတယ် ကြားတယ်။ တောင်ပေါ်မှာ မိုတယ် ရှိတယ် ပြောတယ်။ အလည် သွားချင်ရင် ခွင့်ပြုမိန့် တောင်းရတယ်။ ကျောင်းက တခါသွားတာ နေမကောင်းလို့ မလိုက်လိုက်ရဘူး။ လိုက်ခွင့်ရခဲ့ရင် တုတ်စရာ အတင်းတခုရပြီ။

ရွာပြင်ထွက်ရင် ပင်လယ်။ အုန်းသုံးပင်အထိ လျှောက်ဖူးတယ်။ လမ်းတလျှောက် ကဏ္ဏန်းနီနီတွေက အဝေးကမြင်ရတာ အနီရောင် ကောဇော ခင်းထားဘိအလား။ မောင်မောင်ကတော့ ကွျှန်းတပတ် ဆိုင်ကယ်နဲ့ ပတ်ဖူးတယ်။ ဟိုင်းကြီးရွာနားအရောက်မှာ တောင်ပေါ်က ကျလာတယ့် ချောင်းရေက ကြည်စိမ်းနေတာပဲတယ့်။ တောင်ပေါ်က ရေကန်က ကျလာတာ ထင်တယ်။ ပင်လယ်သူမို့လို့ ကမ်းခြေသွားမယ်ဆိုရင် သိပ်မလိုက်ချင်ဘူး။ ပင်လယ်က တို့အတွက် မထူးခြားဘူးလေ။



စံထူးအဏ္ဏဝါနားက ပင်လယ်

တောင်တွေသွားမယ်ဆိုလို့ကတော့ လိုက်ပြီးသားပဲ။ ဟိုင်းကြီးက စင်ကာပူလိုပဲ။ ဘာမှ မထွက်ဘူး။ ဘေးရွာတွေက လာရောင်းမှ စားရတယ်။ ရွာသားတွေထက် တခြားက ပြောင်းလာတယ့်သူတွေက အကောင်ဖြစ်နေတော့ တခြားရွာသားဆိုပြီး မကြည်ဘူးလေ။ တခြားရွာသားတွေကြောင့်ပဲ တိုးတက်လာတာလေ။

ဟိုင်းကြီးတကျွှန်းလုံးမှာရှိတယ့် စာသင်ကျောင်းမှန်သမျှ တို့မတတ်ဘူးတယ့် ကျောင်းမရှိဘူးလို့ တို့က ဂုဏ်ယူလေ့ရှိတယ်။ ဟိုင်းကြီးသွားရင် စံပြသားလို့ မြင်ပြီး စံပြမှာနေရင် ဟိုင်းကြီးသားလို့ အမြင်ခံရတယ့် တို့တွေပါ။ တကယ်တော့ ဟိုင်းကြီး၊ ရွာသစ်၊ စံပြမှာ နေဖူးတယ့် ဟိုင်းကြီးကျွှန်းသူလေးပါ။ ဘာလိုလိုနဲ့ ဟိုင်းကြီးမပြန်ဖြစ်တာ လေးနှစ်တောင် ရှိပါရောလား။ တောင်တွေ ပင်လယ်တွေနဲ့ဟိုင်းကြီးကျွှန်းလေးက အရင်လို သာယာမြဲ သာယာဆဲ။ ဟိုင်းကြီးသားတွေကလည်း အရင်လို ဖော်ရွေကြဆဲ။ ပင်လယ်လေကလည်း အရင်လို သန့်ရှင်းလတ်ဆတ်ဆဲ။

စန်းထွန်း
ဇွန် ၁၊ ၂၀၁၁။

No comments: