အိကေ၊ သစ်သစ်၊ မြတ်မွန်၊ ဝေ၊ စန်းထွန်း၊ အေးသက်လှိုင်။ |
ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ ပိုတင်းကျပ်လာတယ်။ စာသင်ချိန်ဆို အခန်းအပြင်မှာ ထွက်မနေရ။ လင်မျှော်ဆောင်လို့ ကျောင်းသားတွေ နာမည်ပြောင်ပေးထားတဲ့ ကျောင်းမျက်နှာစာ လေသာဆောင်မှာ ဘယ်သူမှ ရှိမနေရင် သဘောပေါက် ပါချုပ်ရှိနေလို့။
တခါက ဆရာမမလာသေးလို့ အိမ်သာကို သွားကြတာ ဗြုန်းကနဲ ပါချုပ်ရောက်လာပြီး ဘယ်အတန်းကလဲတဲ့။ ဂုဏ်ထူးတန်းကလို့။ ဘယ်နှစ်နာရီရှိပြီလဲတဲ့။ နာရီကိုကြည့်တော့ အခန်းထဲမှာ ရှိရမယ့်အချိန်။ ဘယ်ဆရာချိန်လဲတဲ့။ ဘာမှပြန်မပြောဘဲ ငြိမ်ကုတ်နေလို့ အကြီးတွေဖြစ်ပြီး စည်းကမ်းမလိုက်နာဘူး ဘာဘူးပေါ့။ ပါချုပ်ထွက်သွားမှ တက္ကသိုလ်ရောက်နေပြီ စတိတ်ကျောင်းကြနေတာပဲ ဘာပဲပေါ့ ပွစိပွစိ လုပ်ကြတာပေါ့။ စာသင်နေတုန်း ပစ်တိုင်းတောင်လို့ ချစ်စနှိုးခေါ်ကြတဲ့ ဆရာမကို ပါချုပ်အခန်းက အမကြီးက လာခေါ်တယ်။ တို့တွေက ဘယ်အခန်းကလို့ ပါချုပ်လိုက်ချောင်းတယ်နဲ့တူတယ်။ ပြီးတော့ဒီအချိန် ဘယ်ဆရာမဆိုတာ သိပြီး ဆူဖို့လှမ်းခေါ်တာနေမှာ။ စိတ်မကောင်းပါဘူး တို့တွေကြောင့် ဆရာမ အဆူခံရတယ်။ အဲဒီကတည်းက ဆုံးဖြတ်လိုက်တယ် ပါချုပ်ရှိနေသရွေ့ ဆရာမ မလုပ်ဘူးလို့။
မိုးရွာတုန်း တောင်ဝင်လမ်းတလျှောက် ကလေးတွေ မိုးရေထွက်ချိုးတာ ပါချုပ်က ကားနဲ့ လိုက်ဖမ်းတာ အိမ်သာထဲ ထွက်ပြေးကြ။ တို့တွေများ ကျောင်းတက်လာတာ လေးနှစ်ရှိပါပြီ တခါမှ မိုးရေထွက်ချိုးဖို့ စိတ်တောင်မကူးမိဘူး။ ရေစိုစို အင်္င်္ကျိနဲ့ ကျောင်းကားထွက်တဲ့အထိ နေရမှာ။ နေမကောင်းဖြစ်မှ ဒုက္ခ။ တို့တွေကပဲ အသက်ကြီးသွားတာလား။ ဒီခေတ်ကလေးတွေကပဲ ခေတ်မှီနေကြတာလား။ ဆရာမတယောက်ကတော့ သူဆရာမသက်တမ်းလုပ်လာတဲ့ ၁၂နှစ်မှာ ဒီပထမနှစ်ကလေးတွေက အဆိုးဆုံးတဲ့လေ။
ဂုဏ်ထူးတန်းပြီးလို့ မာစတာတက်ချိန်မှာ သူငယ်ချင်းဆယ့်နှစ်ယောက်ကနေ လေးယောက်ပဲ ကျန်တော့တယ်။ အိကေ၊ အေးသက်၊ မြတ်မွန်နဲ့ စန်းထွန်း။ မာစတာကို theaterမှာ တက်ရတယ်။ ခုံတွေက အဆင်မပြေပါဘူး။ နယ်ကျောင်းပေါင်းစုံ ပုသိမ်၊ တောင်ငူ၊ မြိတ်က မာစတာကျောင်းသားတွေ ရောက်လာကြတယ်။ အေးသဲနဲ့ ချိုချိုကို အဲဒီမှာ ပြန်ဆုံတော့တယ်။ မာစတာကျောင်းသား ၁၀၀ကျော်မှာ ကျောင်းသားက လက်ချိုးရေလို့ရတယ်။ဆယ်ယောက်လောက်ပဲရှိတယ်။ ပဒေသာပင်တက်သီးဖို့ ယောက်ျားလေးတွေ မရှိလို့ မိန်းကလေးတွေ တက်သီးရတာ မှတ်မှတ်ရရပါပဲ။ ဆရာဦးအောင်ဇေယျခမျာ တက္ကသိုလ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်ပေးနေရလို့ သူ့လက်ချာချိန်ကို မသင်နိုင်တော့လို့ ဆရာက လက်လေးကာပြီး အချက်ပြလိုက်တာနဲ့ ဆရာနဲ့တပည့် တက်ညီလက်ညီ အတန်းလစ်လိုက်ကြတာ ပါချုပ်သိသွားလို့ နောက်နေ့ စာသင်နေတုန်း ဆရာ့ကို လာခေါ်တယ်။ ဆရာ့ကို “မုန့်ဟင်းခါး ကျွေးတာလား ဆရာ” လို့မေးတော့ “ ဟုတ်တယ်။ အကြော်တောင် ပါလိုက်သေး” တဲ့။
AA အသင်ကောင်းတဲ့ ဒေါ်အိအိလှိုင်၊ OS သင်တဲ့ ဒေါ်သင်းသုနှိုင်၊ ဒေါ်ဋ္ဌေးဋ္ဌေးသောင်း (အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်းတို့ အဒေါ်) ၊ Digital သင်တဲ့ ဦးဇော်မင်းဦး ၊ ဒေါ်ခင်စန္ဒာ၊ တီချယ့်အမ ဒေါ်ချိုချို ။ တီချယ်နေခြည်ကတော့ AI သင်တယ်။ ဒေါင်းတင်မောင်းတင် OS အဝင် ဒေါကြီးမောကြီး OS အပြီးက တီချယ် သူဇာ။ ဆရာ၊ဆရာမတွေကို သိနေပေမဲ့ နာမည်တွေ မမှတ်မိတော့ဘူး။
တလတသောင်းပေးပြီး တက်ရတဲ့ မာစတာသင်တန်းလည်း ရှိတယ်။ မာစတာလာတက်တဲ့ စစ်ဗိုလ်တွေလည်း ရှိတယ်။ ယူနီဖောင်းဝတ်ထားပေမယ့် စစ်သားကေနဲ့ လမ်းလျှောက်ပုံက မြှောက်ကြွကြွနဲ့ တခြားကျောင်းသားတွေနဲ့ မတူတာအမှန်ပဲ။ အံမယ် ဒင်းတို့က ကျူတာပေါက်စတွေမှ ချိန်တတ်ကြသေးတာ။ ကျူတာတွေချိန်တာ မရတော့ အငယ်တွေကို ချိန်ပြန်ရော။ အငယ်တွေကလည်း မကြိုက်။ ဆိုးလို့ နောင်စစ်ဗိုလ်တွေကို ကျောင်းမှာ လက်မခံတော့ဘူးလို့ ကြားတယ်။
ဘွဲ့ယူဖို့ပြင်ဆင်ကြပါတယ်။ သူတို့လျှော့ပင်းသွားတဲ့နေ့ ဒဂုံစင်တာနဲ့ ပုဇွန်တောင်ကုန်သွယ်မှုပြခန်းမှာ ဗုံးပေါက်လို့ လူတွေသေတာ အများကြီးပဲ။ သူငယ်ချင်းတွေ ဘာမှမဖြစ်ဘူးဆိုတာ သိရတော့မှပဲ ဟင်းချနိုင်တော့တယ်။ မြတ်မွန်က သူ့ဆံပင်ကို ကပိုကရို သေသေသပ်သပ်ဆံထုံးလေးထုံးချင်ပါသတဲ့။ မြန်မာပြည်မှာ မိန်းကလေးတွေ ဘွဲ့ယူရတာ ပင်ပန်းလှပါတယ်။ မိတ်ကပ်၊ ဆံပင်၊ ပန်း၊ အင်္ကျီ၊ ဖိနပ်၊ အိတ်၊ လက်ဝတ်လက်စား အစစအရာရာ ကိုက်ညီအောင် ပြင်ဆင်ရတာ ဖတ်ဖတ်ကိုမော။ မိတ်ကပ်လိမ်းဖို့ကိုလည်း အစောကြီးက လိမ်းထားရတာ cap ကိုလည်း တချိန်လုံး ဆောင်းထားရတာ။ ယောက်ျားလေးတွေပဲ ကောင်းတယ်။ ဘာမှ မလို။ စင်ပေါ်တက်ခါနီးမှ cap ဆောင်းလိုက်ရုံပဲ။ ကိစ္စရှင်းတယ်။ အဲဒါကို ဘုန်းလို့ ခေါ်တယ်။
အိကေ၊ စန်းထွန်း၊ သစ်သစ်၊ မြတ်မွန်၊ ဝေ၊ အေးသက်လှိုင်။ |
အိကေ၊ အေးသက်၊ မြတ်မွန်၊ စန်းထွန်း၊ ဝေ။ |
ဖြူဖြူအောင်တို့အုပ်စု လှော်ကားသွားတာ ကားမှောက်လို့ ဆေးရုံရောက်သွားသေးတယ်။ ပန်းပဲတန်းကားက ရထားလမ်းနားမှာ မှောက်တာ မျက်စိရှေ့မှတင်ပဲ။ ကျောင်းလာခဲတဲ့ စန္ဒာ ကားမှောက်တဲ့နေ့မှ ကျောင်းလာတယ် အဲဒီကားနဲ့။ ရွှေပြည်သာကွေ့ကျော်ရင် လမ်းက မကောင်းတော့ဘူး။ ကြီးကြီးတယောက်လာမယ်ဆိုလို့ကတော့ လမ်းက ချက်ချင်းကောင်းသွားတယ်။ တို့ကျောင်းသားတွေမှာ ခြောက်လတကြိမ်လောက် အကောင်ကြီးကြီးတယောက် ကျောင်းကိုလာပါစေလို့ ဆုတောင်းရမလို ဖြစ်နေပြီ။ အခုတော့ ရထားတောင် ပေါက်နေပြီ။
Thesis လုပ်တော့ ဒေါ်ဋ္ဌေးဋ္ဌေးသောင်းက supervisor ။ တွေ့တောင် မတွေ့လိုက်ရပါဘူး ခွင့်ယူသွားလို့ နောက်ဆရာမယောက်ပြောင်းပြန်ရော။ ဒေါ်အိအိလှိုင်။ first seminar ကို တီချယ်နဲ့ ပေးပြီး တီချယ်က အချက်အလက်တွေ ထပ်ရှာခိုင်း။ ကျောင်းကို နှစ်နာရီကြာအောင် ကားစီးပြီး တီချယ်နဲ့တွေ့ရတာက မိနစ်နှစ်ဆယ်။ ဒါတောင် တီချယ် ထမင်းစားပြီးလောက်တဲ့အချိန်၊ တီချယ်တွေ အားတဲ့အချိန်တွေမှာ တွေ့ရဖို့ အပေါက်ကနေ ချောင်းပြီး စောင့်ရတာ။ ဝဋ္ဋ်လည်တာ။ အရင်ကဆို တီချယ်တွေကို ပတ်ပြေးနေတာ။ ခုတော့ တီချယ်တွေက ပတ်ပြေးနေလို့။ တီချယ်က ဆူလိုက်ရင် နောက်နှစ်ပတ်လောက် ပျောက်သွားလို့ တီချယ်လည်း မဆူရဲတော့ဘူး။ တီချယ်က အိန္ဒိယကို သွားရလို့ တီချယ်ဒေါ်စိုးစိုးသန်းကို လွှဲရော။ Thesisကို စိတ်ကုန်နေချိန် ၊ ကျောင်းကိုသွားရတာ စိတ်ပျက်နေချိန်မှာ စင်္ကာပူကျောင်းရတော့ ဝမ်းသာအားရပေါ့။ သုံးသိန်းတသောင်း အုပ်စိုးပါသော တို့ရဲ့ ကွန်ပျူတာတက္ကသိုလ်။
ရွှေပြည်သာမှ ဝါးတရာသို့
ဝါးတရာမှ စင်္ကာပူသို့
စင်္ကာပူမှ ကွန်ပျူတာတက္ကသိုလ် ညီအကိုမောင်နှမများ
ရွှင်လန်းချမ်းမြေ့ကြပါစေ။
စန်းထွန်း
ဇွန် ၁၂။ ၂၀၁၁။
No comments:
Post a Comment