ဖတ်ပြီးတဲ့ စာအုပ်တွေ - ၆

ဖတ်ပြီးတဲ့စာအုပ်တွေ - ၅ ကို ၂၀၂၀ မေမှာ ရေးခဲ့တာဆိုတော့ ကိုယ်စာမဖတ်ဖြစ်တာ တော်တော်ကြာပြီ။ တလရအတွက် ဗော်လန်တီယာအလုပ်တွေနဲ့ အလုပ်များ၊ ကိုဗစ်ကာလ အိမ်ကနေ အလုပ်လုပ်တော့ စာကြည့်တိုက် မသွားဖြစ်တာလည်းပါတယ်။ ခုတော့ အရင်လိုပြန်ဖြစ်လာပြီဆိုတော့ ရုံးကိုသွားရင် စာကြည့်တိုက်မှာ စာအုပ်ဝင်ယူ၊ စာအုပ်ဝင်အပ်ဆိုတော့ အဆင်ပြေတယ်။  ၂၀၂၁ ဧပြီ ထိုင်းသွားလည်တုန်းက အဖေက အသိမ်းလွန်ပြီး Kindle ရန်ကုန်ပါသွားတယ်။ သူငယ်ချင်း၊ အသိမိတ်ဆွေတွေက ဖတ်ဖို့ညွှန်းတဲ့စာအုပ်တွေတော့ ဖတ်ဖြစ်အောင်ဖတ်တယ်။

အသိညီမ ဖေ့ဘွတ်မှာညွှန်းလို့ ဖတ်ဖြစ်ပါတယ်။ နာမည်ကျော် ဗီယက်နမ်ဘုန်းကြီး သစ်နက်ဟန်ရဲ့စာအုပ်။ ပေးချင်တဲ့ message က ကောင်းပေမဲ့ အရေးအသားက ပျင်းဖို့ကောင်းတယ်။ ဝိုင်းက သူလည်း မကြိုက်ဘူးတဲ့။

မခိုင်အမျိုးသားငှားလိုက်တဲ့ စာအုပ်လေးပါ။ အရေးအသားထိမိ အတော်ကောင်းတဲ့ စာအုပ်လေး။ ၁၉၉၉ ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းတက်တုန်းက စာဖတ်တဲ့သူတွေ ညွှန်းကြတဲ့စာအုပ်လေး။ အဲဒီတုန်းကလည်း ဖတ်တယ် ပျင်းဖို့ကောင်းလိုက်တာဆိုပြီး ပြီးအောင်တောင် ဖတ်ရဲ့လားမသိဘူး။ ခုဖတ်တော့ အမလေး ကောင်းလိုက်တာဆိုပြီး အိမ်ကစာအုပ်စင်မှာ ထားရမယ်ဆိုပြီး အိမ်ကိုမှာနေတယ်။

အသိညီမလေးညွှန်းလို့ ဖတ်ကြည့်တာ တော်တော်ကောင်းတယ်။ မိဘနဲ့သားသမီး၊ လင်မယား၊ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေတွေကြားထဲက ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့အင်မတန် အရေးကြီးပါတယ်။ အဆင်မပြေရင် စိတ်ညစ်ရတယ်။ ကိုယ့်ကိုစိတ်ဒုက္ခပေးနိုင်တာ ကိုယ့်အနီးအနားကလူတွေပဲ။ love language ကိုမသိကြတော့ အဆင်မပြေ။ စာအုပ်လေးက ပါးပါးလေး ဖတ်ကြည့်ပါ အင်မတန်ကောင်းတယ်။

ဝိုင်းညွှန်းတဲ့စာအုပ်ပါ။ အသက် ၃၀ ကျော် အရမ်းတော်တဲ့ ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန် ဦးနှောက်ကင်ဆာဖြစ်တော့ ခံစားရတာတွေ ရေးထားတာ။ သူခံစားရတာကို နားလည်ကိုယ်ချင်းစာတယ်။ ရေးတဲ့အရေးအသားကလည်း ကဗျာတပုဒ်ဖတ်ရတာလား ထင်ရတယ်။ တချို့စာသားတွေကြိုက်လို့ နှစ်ခေါက်ပြန်ဖတ်တယ်။ သေသွားတာ နှမြောလိုက်တာ သူ့လက်ရာတွေ ဖတ်ချင်လိုက်တာ။

Happy Reading!

စန်းထွန်း

ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၃။

No comments: