နွေဦးတော်လှန်ရေး - ၂၄

၂၀၂၂ စက်တင်ဘာ ၁၇ UN Credentials Campaign နယူးယောက်မှာ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီခွဲအထိ ချီတက်ဆန္ဒပြကြတယ်။ ယူအန်အစည်းအဝေးကျင်းပချိန် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ထားရေး တောင်းဆိုကြတာ။ မေရီလန်း၊ ဝါရှင်တန်၊ ဗာဂျီးနီးယား၊ ပန်ဆယ်ဗေးနီးယား အနီးအနားပြည်နယ်၊ ကန်တက်ကီ၊ မစ်ချီကန်၊ ကယ်လီဖိုးနီးယား ဝေးတဲ့ပြည်နယ်တွေကလဲ လာကြတယ်။ ဘေးနားကကောင်လေးဆို ဖလော်ရီဒါပြည်နယ်ကနေ လာတာတဲ့ ချီးကျူးမိတယ်။ မက်ဟန်တန် ၁၄ လမ်းကနေ လမ်း ၅၀ အထိ ချီတက်ကြတာ လူ ၅၀၀ ကျော် လာတယ်။ ကြွေးကြော်သံတိုင်ပေးတဲ့ ကောင်မလေးက ဒီစီက။ ဒီစီပွဲတွေဆို သူတိုင်ပေးတာ အသံပါဝါကောင်းကောင်း အားမာန်အပြည့်နဲ့ မောသွားတယ်မရှိဘဲ တိုင်ပေးတာ။ ယူအန်ရုံးနားမှာ အဆုံးသတ်တော့ ထမင်းထုပ်လေးတွေ ဝေတယ်။ ဗိုက်ဆာဆာနဲ့ စားလိုက်တာ အတော်စားကောင်းတယ်။ ချဥ်ပေါင်ကြော်ထုပ်ရတဲ့ အကိုတွေအမတွေက ဝငှပေးလို့ ချဥ်ပေါင်ကြော်စားရတယ်။ အကြိုက်ဆုံးအစားအစားပဲလေ။ zoom မီတင်းမှာပဲ ဆုံကြတဲ့ ဗော်လန်တီယာမောင်နှမတွေ အပြင်မှာဆုံတော့ တွေ့ဆုံနှုတ်ဆက်ကြ။ ပွဲပြီးတော့ ဗော်လန်တီယာအဖွဲ့နဲ့ ကိုရီးယားတန်းမှာ သွားစားတယ်။ နောက်နေ့ကျတော့ ခြေထောက်နာလို့ ရေနွေး၊ ဆားခါး (Epson Salt) စိမ်ရတယ်။ ကိုယ်တွေ ပင်ပန်းတယ်ဆိုတာ PDF လေးတွေ ပင်ပန်းတာနဲ့ယှဥ်ရင် မြူမှုန်လောက်တောင် မရှိဘူး။ PDF လေးတွေက အသက်ပေး၊ ဘဝတခုလုံးပေးပြီး တလရအတွက် လုပ်နေတာ။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၃။

No comments: