လာဗန်ဒါ ...

ပိတ်ရက်တွေဆိုရင် ဘယ်ကိုသွားရမလဲလို့ ရှာဖွေနေတတ်တဲ့ဝိုင်းက လောင်းအိုင်လန်မှာ လာဗန်ဒါပန်းခင်းရှိတယ်။ မင်းမိဘတွေကို ခေါ်သွားပါလားလို့ အကြံပေးလို့ သွားမလားလို့ မေးကြည့်တယ်။ ၂၀၁၇ ဂျွှန်လမှာ တပတ် ၂၊ ၃ ရက် ရုံးဆင်းရင် အဖေတို့ကို မန်ဟက်တန်တခွင် လိုက်ပို့တာ လမ်းလျှောက်တာ များသွားလို့ ဒူးနာနေတယ် မသွားနိုင်တော့ဘူးတဲ့။ ၂၀၁၈ ဂျွှန်လကုန် ဝိုင်းအစ်မလတ်က အလာစကာခရီးအတွက် စနေနေ့က ရောက်လာတယ်။ ဂျွှန် ၃၀ ရက် တနင်္ဂနွေနေ့ တရုတ်တန်းကနေ ဘတ်စ်ကားက မနက် ၈ နာရီထွက်မှာ။ E ရထားက မြို့ထဲကဘူတာတခုမှာ ကြာနေလို့ တခြားရထားစီးဖို့ ကြည့်လိုက်တော့ တခြားရထားကလည်း နောက်ထပ် ၁၅ မိနစ်မှလာမယ်။ အဲ့ဒါဆို မမှီတော့ဘူး တော်သေးတယ် ဝိုင်းက စောစောရောက်လို့ ချက်ကင်ဝင်ထားတယ်။ Uber တက္ကစီရှာတော့ တက္ကစီရတယ် တနင်္ဂနွေမနက်စောစောဆိုတော့ လမ်းရှင်းနေတယ်။ မန်ဟက်တန်မှာ ကားပိတ်တာ အင်မတန်ဆိုးတယ် ရထားစီး၊ လမ်းလျှောက်တာက ပိုမြန်တယ်။ ၈ နာရီကွက်တိရောက်တယ်။ မန်ဟက်တန်ကနေ လောင်းအိုင်လန်ကို ၂ နာရီခွဲလောက် မောင်းရတယ်။ Lavender by the Bay က စတိတ်မှာ အကြီးဆုံးလာဗန်ဒါ စိုက်ခင်းတွေထဲမှာ ပါဝင်ပါတယ်။ ၇၂ ဧကကျယ်ဝန်ပြီး စိုက်ပျိုးလာတာ ၁၅ နှစ်ကျော်ပါပြီ။ လာဗန်ဒါစိုက်ပျိုးထားတာကို လူတွေက လာရောက်လည်ပတ် ဓာတ်ပုံရိုက် ဝင်ရောက်လည်ပတ်ခ ပိုက်ဆံတွေပေးရာက စီးပွားရေးလုပ်ငန်းတခု ဖြစ်လာပါတယ်။ လာဗန်ဒါပန်းတွေ များများပွင့်တဲ့နေရာမှာ လူတွေကြိတ်ကြိတ်တိုး။ အပြန်မှာ လာဗန်ဒါပန်းခြောက်လေးတွေကို ထုပ်ထားတာလေး ၂ ခု ဝယ်ခဲ့တယ်။ တစ်နှစ်လောက်ခံတယ် အနံ့မထွက်ရင် အထုပ်လေးကို ဖျစ်ညစ်ပေးပါတဲ့။ တခုက ဘုရားစင်မှာ တခုက ကိုယ့်အိပ်ယာခေါင်းရင်းမှာ ထားတယ်။ လာဗန်ဒါပန်းခင်းထဲမှာ အဖြူရောင်ဂါဝန် ဝတ်ချင်ပေမဲ့ ကိုယ့်အဖြူရောင်ဂါဝန်က မနေ့က Wave Hill ပန်းခြံသွားလည်ရင်း စွန်းသွားတယ်။ ရိုးရှင်းတဲ့ နို့နှစ်ရောင်လက်ပြတ်ဂါဝန်ရှည် အနက်ရောင်ခါးစည်း ပါတာကို ရွေးချယ်လိုက်တယ်။ အဲ့ဒီဂါဝန်က ရိုးရိုးလေးနဲ့လှတယ် cutting ကောင်းတယ်။ ဂါဝန်လေး လှလိုက်တာလို့ ရုံးကလူတွေ ပြောကြတယ်။ ဖိနပ်ကတော့ ထုံးစံအတိုင်း Sneaker ။ တနေကုန်နေပူထဲမှာ နေရမှာ sunscreen ကို ၂ နာရီခြားတခါ လိမ်းရတာမို့မိတ်ကပ်မလိမ်းဘဲ မျက်ခုံးမွေးဆွဲ၊ နှုတ်ခမ်းနီပဲ ဆိုးဖြစ်တယ်။ ဓာတ်ပုံဆရာ မော်ဒယ်လေးလို ပိန်ပိန်ရှည်ရှည်လေးဖြစ်အောင် ရိုက်ပေးပါ။ လာဗန်ဒါတွေ အများကြီးလို့ထင်ရအောင်၊ လူတွေမပါအောင် ရိုက်ရတာ ပညာသားပါတယ်။ နေရာ အဝတ်အစားရွေးချယ်မှု ကိုယ်ဟန်အနေအထား မော်ဒယ် ဓာတ်ပုံဆရာရဲ့ အိုင်ဒီယာ အားလုံးပေါင်းမှ ဓာတ်ပုံကောင်းတစ်ပုံ ရတာပါ။ ဓာတ်ပုံကောင်းတစ်ပုံရဖို့ စိတ်ရှည်ရတယ် အချိန်ပေးရတယ်။ ကိုယ့်ကင်မရာက Canon 7D ဝိုင်းအစ်မကင်မရာက Nikon D7500။ ကိုယ်တို့ လက်စွမ်းပြထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရအောင်။

စန်းထွန်း
သြဂုတ် ၃၊ ၂၀၁၈။

2 comments:

Anonymous said...

သိပ်လှတာဘဲကွာ
မမအိုင်အိုရာ

San San Htun said...

Anonymous said...
ဒီတခါတော့အားကျရုံမက မနာလိုဖြစ်သွားပြီစန်းထွန်းလေးရေ
သိပ်လှတာဘဲကွာ
ကိုယ်က လာဗင်ဒါအရမ်းကြိုက်တယ်
ဘာဝယ်ဝယ် လာဗင်ဒါနံ့ပဲဝယ်တာများတယ်
ကယ်လီဖိုးနီးယားမှာနေတုန်းက ခြံထဲမှာ လာဗင်ဒါတွေရှိတော့ ကိုယ့်အခန်းက အစိုအခြောက်မပြတ်ဘူး
စန်းထွန်းပုံလေးတွေသိပ်လှတယ်
ကျန်းမာရေးလည်းပိုကောင်းလာပုံရလို့ဝမ်းသာတယ်နော်
မမအိုင်အိုရာ
August 18, 2018 at 3:43 PM