ဘယ်ရီခူးခြင်း အနုပညာ…

ဂျူလှိုင် ၁ တနင်္ဂနွေနေ့ မနက် လာဗင်ဒါခင်းထဲ ဓာတ်ပုံတွေရိုက်ပြီးတော့ နာရီဝက်လောက်ဝေးတဲ့နေရာက Patty ဘယ်ရီခြံထဲမှာ ဘယ်ရီသီးသွားခူးကြတယ်။ အဲဒီနေ့က အပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက် ဒါပေမဲ့ လောင်းအိုင်လန်မှာက သစ်ပင်တွေနဲ့ စိမ်းလန်းနေတော့ သိပ်မပူဘူး။ စိုက်ခင်းတွေ တမျှော်တခေါ် စပျစ်ပင်တွေ စိုက်ပျိုးထားတဲ့ ဝိုင်ထုတ်လုပ်တဲ့ခြံတွေကို တွေ့ခဲ့တယ်။ ဝိုင်းအစ်မကတောင် ဒီနေရာကလေးက ရိုမက်တစ်ဆန်လိုက်တာလို့ ပြောနေသေးတယ်။ ဘလူးဘယ်ရီနဲ့ ရက်စ်ဘယ်ရီ ခူးလို့ရတာမှာ ဘလူးဘယ်ရီခူးပါလို့ တိုးဂိုက်က ညွှန်ကြားတယ်။ ဗိုက်ဆာနေပြီဆိုတော့ ဘယ်ရီခင်းခြံရဲ့ မျက်နှာချင်းဆိုင်မှာ သွားစားကြတယ်။ အော်ဂင်းနစ်ခြံထွက်သီးနှံတွေရောင်းတယ်။ တိုးဂိုက်ညွှန်းတဲ့ စတော်ဘယ်ရီ လီမွန်နိတ်၊ ပြောင်းဖူးပြုတ်စားတယ်။ စတော်ဘယ်ရီ လီမွန်နိတ်က တကယ်ကောင်းတာပဲ အဲ့ဒါကြောင့် နာမည်ကြီးတာကိုး။ ဝိုင်းအစ်မက ပြောင်းဖူးပြုတ်က ၄ ကျပ်တောင် ပေးရတယ် ဗီယက်နမ်မှာဆို ၁၀ ဖူးမှ တကျပ်။ ဟုတ်တယ် ဈေးဆိုင်မှာဝယ်ရင် ၄ ဖူးမှ ၂ ကျပ်။ ဘယ်ရီသီးခူးဖို့ ၇ ကျပ်ပေးတော့ ခြင်းတောင်းလေးတွေပေးတယ်။ ခြင်းထဲမှာလျှံထွက်နေရင် အပိုထပ်ပေးရမယ်တဲ့။ လမ်းညွှန်တဲ့အတိုင်း အိမ်နားဆီသွားတော့ ဆိုင်းဘုတ်က နောက်ဖက်ကိုသွားပါတဲ့။ ဆိုင်းဘုတ်က ထပ်လမ်းညွှန်တယ် စိုက်ခင်းနောက်ဖက် အစွန်ဆုံးကိုသွားပါ အနီရောင်စည်းထားတဲ့အပင်တွေမှာ ခူးပါတဲ့။ ခရမ်းရောင်သန်းရုံပဲဆို ချဉ်တယ် ခရမ်းရောင်ခပ်ရင့်ရင့်ရှိတဲ့ ဘယ်ရီသီးတွေက ချိုတယ်။ အပင်ကနေ ချက်ချင်းခူးလို့ အင်မတန်စားကောင်းတယ်။ ဈေးဆိုင်က ဘယ်ရီသီးတွေနဲ့များ ကွာချက်။ ခြင်းထဲနည်းနည်းပဲထည့်ပြီး ပါးစပ်ထဲများများထည့်နေလို့ မဖြစ်သေးပါဘူး။ တော်ကြာတခြင်းစာ မပြည့်လို့ဝိုင်းတို့ကိုယ့်ကို စောင့်နေရဦးမယ် ပါးစပ်ထဲ ထည့်နေတာတွေရပ် ခြင်းထဲထည့်။ ရက်စ်ဘယ်ရီသွားခူးသေးတယ် အယ်မလေး ချဉ်လိုက်တာ။

၂၀၁၂ ဂျူလှိုင် မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်နားက ဘယ်ရီခင်းထဲမှာ ဆူနမ်တို့နဲ့ ရက်စ်ဘယ်ရီခူးဖူးတယ်။ ၂၀၁၃ ဂျူလှိုင် မေရီလန်းပြည်နယ်ဖက်မှာ ဆူနမ်တို့နဲ့ စတော်ဘယ်ရီခူးဖူးတယ်။ အဲ့ဒီတုန်းကလည်း ခြင်းထဲနည်းနည်း ပါးစပ်ထဲများများရောက်တယ်။ တနာရီလောက်ဝေးတဲ့ နေရာက Old Westbury Gardens စံအိမ်ကို သွားလည်ကြတယ်။ မင်္ဂလာဆောင်ရှိတယ်နဲ့တူတယ် သတို့သမီးအရံတွေ၊ limousine ကားတွေ့တယ်။ ဝင်ကြေးက ၁၂ ကျပ်တောင် ပေးရတယ်။ စတီးသူဋ္ဌေး John Shaffer Phipps ပိုင်ဆိုင်ပြီး မျိုးဆက် ၄ ဆက်လောက် လက်ဆင့်ကမ်း ပိုင်ဆိုင်ခဲ့တယ်ဆိုပဲ။ အိမ်ကြီးက အင်မတန်ခမ်းနားတယ်။ မကြာခင်က စလိုက်တဲ့တိုးကို မှီပေမဲ့ ဟိုးခတ်တုန်းက အပူအအေးစနစ်အကြောင်း၊ ပိုင်ဆိုင်သူတွေအကြောင်း ပြောပြနေတာ စိတ်ဝင်စားဖို့ မကောင်းလို့ ပန်းခြံထဲ ဓာတ်ပုံသွားရိုက်ကြတယ်။ အိန္ဒိယသတိုးသားနဲ့ သတို့သမီးတွေ့တယ် မင်္ဂလာဧည့်ခံပွဲလည်းတွေ့တယ်။ တိုးဂိုက်က လည်ပတ်ဖို့အချိန်ပေးထားတဲ့ နှစ်နာရီအတွင်း ပန်းခြံတခွင်နှံ့အောင်သွားပြီး ဓာတ်ပုံရိုက်ရတယ်။ တိုးဂိုက်နဲ့ ဒရိုင်ဘာကို ၆ ကျပ်ထပ်ပေးရတယ်။ စံအိမ်ကနေ နယူးယောက် ဖလပ်ရှင်းကို နာရီဝက်သာသာလောက်ပဲ မောင်းရတယ်။ ကိုယ့်အိမ်နဲ့နီးတဲ့ ဖလပ်ရှင်းမှာ ဆင်းလိုက်တယ်။ ဂျူလှိုင် ၅ ကနေ ၁၄ ရက်နေ့အထိ အလာစကာပြည်နယ်သွားတဲ့ အကြောင်းကတော့ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၈၊ ၂၀၁၈။


ကိုယ်ခူးလာတဲ့ ဘယ်ရီ
‌ပြောင်းဖူးပြုတ် စတော်ဘယ်ရီ လီမွန်နိတ်
အဲ့ဒီလို ပန်းချီကားမျိုးဆို သိပ်သဘောကျတယ်
ရေချိုးခန်းက ကိုယ့်အိပ်ခန်းထက် ကျယ်တယ်

No comments: