အလာစကာသွား တောလား - ၁

ဝိုင်းက အလာစကာသွားမယ် လိုက်မလားမေးတော့ လိုက်မယ်လေ။ ကိုယ့်အဖေနဲ့အမေက အအေးကြောက်တော့ အလာစကာသွားမယ်မထင်ဘူး။ ကိုစကာရီကာခရီးကအပြန် ကတောက်ကဆဖြစ် ရန်ဖြစ်ကြပြီး ကိုယ့်ကိုမခေါ်မပြောတဲ့ ဆူနမ်က အလာစကာသွားရင် ကိုယ့်ကိုခေါ်မယ်မထင်။ ဆူနမ်က အမ်းထရူးကို စိတ်ဆိုးပြီး မခေါ်မပြောတာ တစ်နှစ်ကြာတယ်။ ဝိုင်းနဲ့မှမသွားရင် အလာစကာကို ကိုယ်ရောက်ဖြစ်မယ်မထင်။ ဘယ်နှစ်ရက်လည်း ၁၂ ရက် ဟမ်... ၁၂ ရက်တောင်။ အေးလေ... အလာစကာက အဝေးကြီး အသွားတရက်၊ အပြန်တရက် အချိန်ပေးရတယ်။ အလာစကာသွားမယ်ဆိုရင် အနည်းဆုံးတပတ် သွားရတယ်။ အနှံ့လည်ချင်ရင်တော့ ၁၂ ရက်ပဲ ကိုယ်တို့သွားနေကျ TakeTours ဆိုဒ်မှာလည်း ၁၂ ရက်ကို သုံးထောင်နီးပါး။ လေယာဉ်စရိတ်၊ ဝင်ကြေး၊ စားသောက်စရိတ်နဲ့ဆို လေးထောင်၊ လေးထောင့်ငါးရာလောက် ကျမယ်။ အေးလေ တသက်မှာတခါ အလာစကာခရီးစဉ်ကိုး။ ဝိုင်းအစ်မဟန်က ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟမ်နွိုင်းမြို့ကနေ ဇွန်လကုန်လာမယ်။ ဂျူလှိုင် ၄ ကနေ ဂျူလှိုင် ၁၄ ရက် အလာစကာသွားမယ်။ ကိုယ်တို့ခရီးသွားရင် ဝိုင်းက လေယာဉ်၊ ဟိုတယ်ဘွတ်ပြီး ကိုယ်က တိုး၊ အူဘာ၊ စားသောက်ဆိုင်သွားရင် ပိုက်ဆံရှင်းတဲ့တာဝန် ယူတယ်။ ဝိုင်းက ခရီးအမြဲသွားတဲ့သူဆိုတော့ mileage ရှိတယ်။ ဝိုင်း လေယာဉ်ဘွတ်ရင် ထိုင်ခုံနေရာကောင်းကောင်း Business Class နောက်က ဇုန် ၁ ရတယ်။ ဂျူလှိုင် ၄  လွတ်လပ်ရေးနေ့ ခရီးသွားကြတဲ့အချိန်ဆိုတော့ လေယာဉ်လတ်မှတ်က ဈေးအရမ်းကြီးတယ်။ ဂျူလှိုင် ၅ နယူးယောက်၊ ချီကာဂို၊ အမ်းကာရေ့ ယူနိုက်တက်အဲလိုင်း၊ ဂျူလှိုင် ၁၆ အမ်းကာရေ့၊ ဆီရာတယ်၊ နယူးယောက် အလာစကာအဲလိုင်း။ လေယာဉ်ခ ၅၀၀ ကျော်ကျတယ် ခရီးကဝေးတော့ အာမခံဝယ်လိုက်တယ်။ အာမခံက တယောက်ကို ၃၀၊ ၄၀ ပဲ ပေးရတယ်။ မတ်လအစပိုင်းလောက် TakeTours ဆိုဒ်မှာ အလာစကာတိုး ကြည့်လိုက်တော့ sold out ဖြစ်သွားပြီ။ ဟေ ...  ဘယ်လိုလုပ်ကြမလဲ ဝိုင်းက အတော်စိတ်ပူနေပြီ။ ဂူဂယ်မှာ research လုပ်တော့ အလာစကာတိုးကုမ္ဗဏီတွေ တွေ့တယ်။ Trip Advisor ရီဗျူးတွေကြည့် အလာစကာ Tour & Travel ကို သဘောကျတယ်။ သူတို့တိုးတွေလည်းရှိတယ် ရက်တွေက ခရူသင်္ဘောတွေလာတဲ့ သောကြာနေ့မှာ စတာ။

သူတို့တိုးနဲ့ အဆင်မပြေတော့ ဘယ်နေ့ဘယ်ရက် အစီအစဉ်ဆွဲပေးပါဆိုပြီး quote တောင်းလိုက်တယ်။ ကိုယ့်အေးဂျင့်က ၁၄ ရက် သုံးယောက် တသောင်းခွဲ၊ ဝိုင်းအေးဂျင့်က တသောင်းသုံးထောင်။ ဂူဂယ်မှာ research ထပ်လုပ်တော့ အေးဂျင့်က ဈေးကြီးတဲ့ရထားတွဲ golden domes တွေ ရွေးထားတယ်။ golden domes အစား ဈေးပေါတဲ့ adventure class လုပ်ပေးပါလို့ ပြင်ခိုင်းရတယ်။ ကိုယ့်အေးဂျင့်နဲ့ ဝိုင်းအေးဂျင့်ဆွဲပေးတဲ့ ခရီးစဉ်ကအတူတူမှာတောင် ကိုယ့်အေးဂျင့်က ဈေးပိုကြီးတယ်။ နောက်ဆုံး ကိုယ့်အေးဂျင့်က တသောင်းသုံးထောင်၊ ဝိုင်းအေးဂျင့်က တသောင်းတထောင်။ ဒီထက် မလျှော့နိုင်တော့တဲ့အပြင် အစီအစဉ်ကို သိပ်မကြိုက်လို့ ကိုယ့်ဘာသာ အစီအစဉ်ဆွဲမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မတ်လ ပေါ်တိုရီကိုခရီးမှာ ဝိုင်းက ကွန်ပျူတာယူလာပြီး အစီအစဉ်ဆွဲကြတယ်။ အေးဂျင်းဆွဲပေးလိုက်တဲ့အတိုင်း ဘယ်နေ့ဘယ်ရက်မှာ ဘယ်မြို့ ဘယ်နှစ်ရက်နေမယ်ဆိုတာကို ယူတယ်။ ဒါပေမဲ့ ဘယ်မြို့မှာ ဘာတွေလုပ်ကြမယ်ဆိုတာတော့ research လုပ်ရတယ်။  ဥပမာ things to do in Anchorage အန်းကာရေ့မှာ ဘာတွေလုပ်မယ်၊ ဘယ်တိုးကို ဘွတ်မယ်၊ ဘယ်တိုးက ဘယ်နေ့တွေမှာမှ ရတယ်ဆိုတာကို စစ်ရသေးတယ်။ အခက်ဆုံးက Denali National Park ဒန်နာလီအမျိုးသားဥယျာဉ်မှာ ဟိုတယ်တွေ ဈေးအရမ်းကြီးတယ် အများကြီးမရှိဘူး ရက်တွေကလည်းအပြည့် ရွေးချယ်စရာသိပ်မရှိဘူး။ ကြည့်နေတုန်းကို sold out တွေ ဖြစ်ကုန်လို့ commerce org ဆိုဒ်မှာ သတင်းအချက်အလက်ရှာ၊ Lodge ကို အီးမေးလ်ပို့မေးမြန်းတော့ sold out ။ အလာစကာခရီးရဲ့ အချက်အချာက ဒန်နာလီ အလာစကာသွားရင် ဒန်နာလီကို သွားမလည်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒန်နာလီကို အရင်သွားမဲ့အစား Fairbanks ဖဲဘန့်ကို အရင်သွား အပြန်မှ ဒန်နာလီကို ဝင်လည်ရင်ရော။ အဲ့ဒီရက် ဒန်နာလီမှာ ဟိုတယ်ရတယ် အိုကေ အဲ့ဒါဆို အစီအစဉ်ပြောင်းရမယ်။ နယူးယောက်ရောက်တာနဲ့ ကိုယ်တို့အစီအစဉ်အတိုင်း ဟိုတယ်၊ တိုးခရီးတွေဘွတ်။ တိုးခရီးတွေကို ဟိုတယ်ဘွတ်ပြီးမှ ဘွတ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုးခရီးတွေမှာ pick up hotel ကြိုပို့ဟိုတယ်လိပ်စာ ပေးရတယ်။ ဝိုင်းက ဟိုတယ်တွေဘွတ်ပြီး ကိုယ်က တိုး၊ ဘတ်စ်ကား၊ ရထားတွေဘွတ်တယ်။ ဒန်နာလီဟိုတယ်မှာ အမျိုးသားဥယျာဉ်ကိုသွားတဲ့တိုး ရှိတော့ တခါတည်း တိုး၊ ကြိုပို့ကို ဘွတ်လိုက်တယ်။



လေယာဉ်လတ်မှတ်၊ ဟိုတယ်၊ ဘတ်စ်ကား၊ ရထား၊ တိုး စုစုပေါင်း  ၂၆၀၀ ကျပါတယ်။ အလာစကာတိုးအင်ထရာဗယ်ကတိုးထက် တထောင်ကျော် သက်သာတယ်။ အလာစကာတိုးအတွင်းမှာ ကုန်ကျတာတွေ မှတ်ထားပြီး စာရင်းချုပ်လိုက်တော့ ၃၇၀၀ ကုန်တယ်။ မမျှော်လင့်ဘဲ ဆီရာတယ်ကို ဝင်လည်လိုက်ရတဲ့အပြင် အလာစကာမှာ Sales Tax မပေးရ 50 % လျှော့လို့ ဘွတ်ဖိနပ်တရံ၊ Coach အိတ် ဝယ်ခဲ့တယ်။ ဘတ်စ်ကား၊ ရထားလတ်မှတ်ဝယ်ရတဲ့ ကုမ္ဗဏီက ကိုယ်တို့အေးဂျင့်ကြီး အလာစကာတိုးအန်ထရာဗယ်ကုမ္ဗဏီ။ လက်မှတ်ဝယ်ပြီးတော့ လက်မှတ်မရလို့ ဘာလို့လက်မှတ်မရတာလဲ မေးမြန်းတော့ ခုလက်မှတ် မထုတ်ပေးဘူး။ ချက်ကင်ဝင်တဲ့အချိန် အိုင်ဒီပြ အဲ့ဒီအချိန်မှ လက်မှတ်ထုတ်ပေးတာတဲ့။ ရုံးကနေ ခွင့် ၉  ရက် ယူလိုက်တယ် အိုကေ အားလုံးရယ်ဒီ။ စိတ်နည်းနည်းတော့ ပူမိသား ပထမဆုံး ကိုယ့်ဘာသာအားလုံး အစီအစဉ်ဆွဲရတဲ့ ခရီးစဉ်၊ အကြာဆုံး ခရီးစဉ်၊ ဈေးအကြီးဆုံးခရီးစဉ်။ အို... စိတ်ပူတော့လည်း ဘာဖြစ်မှာလဲ မီးစင်ကြည့်ကရမှာပဲလေ။ ၁၄ ရက် ခရီးဆိုတော့ အဝတ်တွေလျှော်၊ ရေခဲသေတ္တာရှင်းလင်း၊ အိမ်သန့်ရှင်းရေးလုပ်။ ဂျူလှိုင် မနက် ၆ နာရီ လေယာဉ်ဆိုတော့ မနက် ၄ နာရီ ချက်ကင်ဝင်ရမယ်။ အိမ်နဲ့သိပ်မဝေးတဲ့ လဂွါရီးယားလေဆိပ်ဆိုတော့ အိမ်ကနေ ၂ ဘူတာဝေးတဲ့ ဂျက်ဆင်ဟိုက်ဘူတာမှာ မနက် ၃ နာရီ ၂၀ ချိန်းလိုက်တယ်။ မနက် ၃ နာရီ ရထားမလာလို့ အူဘာငှားတာ အူဘာကတလည်လည်နဲ့ပတ်ပြီး ကိုယ့်ကိုမတွေ့။ ဖုန်းဆက်လာတော့ အင်္ဂလိပ်စကား နားမလည်တဲ့တရုတ်။ ရထားဂိတ်ကိုပြန်ဆင်း နာရီဝက်နောက်ကျပြီးမှ ရောက်လာတဲ့ရထားကိုစီး။ ဝိုင်းတို့က ရောက်နှင့်နေပြီ လေဆိပ်ကို ဘတ်စ်ကားစီးရမှာ လွတ်လပ်ရေးနေ့မို့လို့ ဘတ်စ်ကားခ ပေးစရာမလိုဘူး။ ဘူတာကနေ လေဆိပ်ကို မိနစ် ၂၀ လောက်ပဲ မောင်းရတယ်။ ဝိုင်းက လူတချို့က လက်ကေ့အိတ်လည်း မပါဘူး ခရီးသွားတွေမဟုတ်ဘူးတဲ့။ အဲ့ဒါ လေဆိပ်မှာ အလုပ်လုပ်တဲ့သူတွေထင်တယ်။ အမေရိကန်လေဆိပ် ထုံစံအတိုင်း ဖုန်း၊ ကွန်ပျူတာ၊ လက်ပ်တော့၊ အိုင်ပတ်၊ နာရီ၊ ခါးပတ်၊ ဖိနပ်ချွှတ်။ စကန်ဖတ်တော့ ကိုယ့်ရင်ဘတ်မှာ အဝါရောင်ပေါ်နေလို့ လာစမ်းတယ်။ အူဘာနဲ့ ရထားကို အပြန်အလှန် ၂ ခေါက်လောက် ပြေးလိုက်ရတော့ ချွှေးတွေချွှဲနေတာ။ ဝိုင်းရဲ့ ဟမ်းကယ်ရီမှာ မသင်္ကာစရာတွေ့လို့ ထုတ်စစ်တယ်။ ဗီယက်နမ်ကနေ ယူလာတဲ့ ခေါင်းလျှော်ရည်တွေကို တနေရာတည်းမှာ စုထည့်ထားလို့။ လက်ကေ့အိတ်ကို ချက်ကင်ဝင်ရင် ၂၅ ကျပ်ပေးရတယ်။ ၂၅ ကျပ် သက်သာအောင် ဟမ်းကယ်ရီပဲ သယ်တယ်။ ခုံနံပါတ်က ဇုန် ၁ ဆိုတော့ စောစောဝင်ရတယ်။ ဒီတော့ ဟမ်းကယ်ရီအိတ်တွေ ကယ်ဘင်ထဲထည့်ဖို့ အခက်အခဲမရှိဘူး။

နယူးယောက်ကနေ ချီကာဂိုကို ၂ နာရီ ခွဲ စီးရတယ်။ လေယာဉ်ပေါ်မှာ ဘာမှမကျွှေးဘူး ရေပဲတိုက်တယ် ဝယ်စားလို့ရတယ်။ ချီကာဂိုက Central Standard Time ဇုန်မှာရှိတော့ နယူးယောက်ထက် တနာရီနောက်ကျတယ်။ ဗိုက်ဆာလို့ စတားဘာ့ခ်က  wrap ဝယ်စား၊ ဝိုင်းတို့က မက်ဒေါနယ်မှာ စားတယ်။ ဝိုင်းအစ်မဟန်က ဝိုင်းထက် ခြောက်နှစ်ကြီးတယ် အင်္ဂလိပ်စကားကို ဗီယက်နမ်လေသံဝဲဝဲနဲ့ပြောတယ်။ ဟန့်အသံကို ကြားရတာ မိုင်းဖန်ကို သတိရစေတယ်။ ကိုယ်တို့ကျောင်းစတက်တုန်းက မိုင်းဖန်ပြောတာကို ဘယ်သူမှ နားမလည်ဘူး။ ကိုယ်တယောက်တည်း နားလည်တယ်။ ဆူနမ်က စန်းစန်း ဘာသာပြန်စမ်း မိုင်းဖန်က ကိုယ့်ကိုအင်္ဂလိပ်လိုပြော ကိုယ်က ဆူနမ်တို့ကို အင်္ဂလိပ်လိုပြော အင်္ဂလိပ်ချ်တူအင်္ဂလိပ်ချ် ဘာသာပြန်ပေးခဲ့ရတယ်။ ချီကာဂိုမှာ ၂ နာရီခွဲ ထရန်စစ်ထိုင်ပြီး မနက် ၁၀ နာရီမှာ ထွက်ခွာပြီး ၇ နာရီစီးရကာ အန်းကာရေ့ကို နေ့လည် ၂ နာရီလောက်မှာ ရောက်ပါတယ်။ အန်းကာရေ့က နယူးယောက်ထက် ၄ နာရီ နောက်ကျပါတယ်။ အန်းကာရေ့ကို မရောက်ခင် လေယာဉ်ပေါ်ကနေ ရေခဲတွေဖုံးလွှမ်းနေတဲ့ တောင်၊ မြစ်ချောင်းအင်းအိုင်၊ ရေခဲမြစ်တွေ မြင်ရတာ အင်မတန်လှတယ်။ အလယ်လမ်းဘေးမှာ ထိုင်တဲ့ကိုယ်က ဝိုင်း၊ ဟန်တို့ကို ကျော်ပြီး ပြတင်းပေါက်ကနေ မြေပြင်ကို ကိုင်းကိုင်းငုံ့ကြည့်ရတာအမော။ ဟန့်ဖုန်းက အိုင်ဖုန်းXဆိုတော့ ဓာတ်ပုံတွေ အင်မတန်ကြည်လင်ပြတ်သားတယ်။ နေရောင်ခြည်က စူးရှတောက်ပပေမယ့် အပူရှိန်က မပြင်းလှဘူး။ မိုးကာအင်္ကျဝတ်ထားတာ ချွှတ်လိုက်ရင်အေးတယ်။ တက္ကစီသမားက သဘောကောင်းတယ် ဘယ်ကလာတာလဲ၊ ဘယ်ကိုသွားမှာလဲ၊ မြို့ထဲက ဘယ်စားသောက်ဆိုင်တွေ ကောင်းတယ်လို့ ညွှန်းတယ်။ ကိုယ်တို့တည်းတာက မြို့ထဲက ဟိုစတယ် ရေချိုးခန်း၊ အိမ်သာက အပြင်မှာ ရှယ်သုံးရတယ်။ ဆူနမ်ဆို ဒီလိုဟိုစတယ်မှာ တည်းမှာမဟုတ်ဘူး သူက ရှူးခဏခဏပေါက်တဲ့သူ။ ကိုယ်တို့တွေက ကိစ္စဝိစ္စရှင်းတဲ့သူတွေ ဖိုးဖိုက်စတားဟိုတယ် မလိုဘူး။ သန့်ရှင်းတယ်ဆိုရင်ပြီးရော ဈေးသက်သာဖို့က အဓိက။ ကိုယ်တို့က ဘက်ဂျက်နဲ့ ခရီးသွားတဲ့သူတွေ။ ဟိုစတယ်ကနေ အသေအချာညွှန်ပြလိုက်တယ့် မြေပုံကိုင်ပြီး ချီတက်တယ်။ အံမယ် ... အလာစကာပြည်နယ်မှာ အကြီးဆုံးမြို့လို့သာဆိုတယ် မြို့လယ်ခေါင်က ကျဉ်းကျဉ်းလေး။ ကားလမ်းမရှုပ် ရှင်းရှင်းလင်းလင်းကြီး ကိုယ့်အိုင်အိုဝါကျောင်းမြို့လေးသာသာပဲ။ လမ်းတွေကလည်း အမှတ်ငါး၊ လေး၊ သုံး၊ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်၊ ဂျီ၊ အိတ်ချ်၊ အိုင်။ သေချာကပါတယ် ဘယ်လိုမှ လမ်းမမှားနိုင်ဘူး။



ပင်လယ်စာစားချင်လို့ မြို့လယ်ခေါင် Gracier Brew  ဆိုင်မှာ တူနာနဲ့ ဆော်လမွန်မှာလိုက်တယ် နှစ်ပွဲကို သုံးယောက်မျှစားတယ်။ အာဟာရပြည့်တဲ့အစာတွေမို့လို့ နည်းနည်းစားတာနဲ့ ဗိုက်ဝတယ်။ ဆော်လမွန်နဲ့တူနာက တကယ်လတ်ဆတ်တယ်။ ကိုယ်စားသမျှထဲမှာ အလတ်ဆုံးပဲ။ ၁၁ မိုင်ရှည်တဲ့ ပင်လယ်ကမ်းခြေဘေးက Tony Knowels ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ စက်ဘီးက တနာရီရှစ်ကျပ် နောက်နာရီတွေတော့ တနာရီငါးကျပ်။ ဒီရေအတက်အကျရှိလို့ ရွှံ့ညွှန်တောကို မြင်ရတယ်။ လေက သန့်ရှင်းလတ်ဆတ်တယ် မြင်မြင်သမျှ သစ်ပင်တွေကြီးပဲ။ တကယ့်ကို စိမ်းလန်းအေးချမ်း သာယာလှပလွန်းတဲ့ အလာစကာပြည်နယ်။ မြို့ထဲပတ်လျှောက်တော့ စိတ်ဝင်စားဖို့ Planet Walk တွေ့တယ်။ ကိုယ်က အာကာသသိပ္ဗံ စိတ်ဝင်စားတဲ့သူဆိုတော့ အကြိုက်ပဲ။ အလာစကာပြတိုက်ရောက်တော့ ညနေ ၆ နာရီ ပြတိုက်ပိတ်ခါနီးပြီ။ စတိုးဆိုင်ထဲ ဝင်လည်တော့ အက်စကီးမိုးလက်မှုပစ္စည်းတွေက အတော်လှတယ် အတော်လည်း ဈေးကြီးတယ်။ မြို့လည်ခေါင်မှာ လည်စရာကုန်ပြီဆိုတော့ ဟိုစတယ်ပြန်ပြီး ရေချိုးပြီးအိပ်။ အလာစကာမှာ ည ၁၂ ခွဲမှ နေဝင်ပြီး မနက် ၃ နာရီခွဲမှာ နေထွက်တယ်။ နိုးလို့ မျက်စိဖွင့်လိုက်တိုင်း အပြင်ဖက်မှာ လင်းနေတာကို တွေ့ရတာ အတွေ့အကြုံသစ်တမျိုးပဲ။ မနက် ၆ နာရီ အိပ်ယာထ၊ ဟန်က ဟနွိုင်းကနေ ယူလာတဲ့ ပဲပိစပ်မှုန့်ကို ရေနွေးနဲ့ဖျော်။ ရေနွေးအိုးတည်နေတာတွေ့လို့ ဟိုစတယ်ဝန်ထမ်းက ဒီပိုက်ရေက တအားပူတယ် ရေနွေးအိုးတည်စရာမလိုဘူးလို့ လာပြတယ်။ ဗီယက်နမ်က ပဲမုန့်၊ ကိုယ့်ရဲ့ nuts တွေကို မနက်စာအဖြစ်စားတယ်။ ဟိုစတယ်မှာ ချက်ကောက်လုပ်ပြီး မြို့လယ်ခေါင်က ဘတ်စ်ကားဂိတ်ကိုသွားတယ်။ ဘတ်စ်ကားဂိတ်က ဟိုစတယ်ကနေ ၈ မိနစ်လောက် လမ်းလျှောက်ရတယ်။ နေရာရှာဖွေတာ မြေပုံကျွှမ်းတဲ့ကိုယ်က ဘတ်စ်ကားဂိတ်ကို ဦးဆောင်တယ်။ ဂျူလှိုင် ၆ ရက် မနက် ၇ နာရီခွဲ ဘတ်စ်ကားနဲ့ ၁၁၂ မိုင် ၂ နာရီခွဲဝေးတဲ့ တာကီတီနာမြို့ကို ခရီးဆက်ကြမှာပါ။ တာကီတီနာမြို့မှာ ဘယ်တွေကို လည်ပတ်သလဲဆိုတာ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
သြဂုတ် ၁၂၊ ၂၀၁၈။




3 comments:

Anonymous said...


hsumyat

Anonymous said...

မျွှော်နေမယ်။
မမအိုင်အိုရာ

San San Htun said...

Anonymous said...
အလက်စကာကိုရုရှားဆီက ရ.၂ မီလီယျံနဲ့ဝယ်ထားတာလို့ကြားဖူးတည်းက စိတ်ဝင်စားနေတာ ။ မျှော်နေမယ်အမ စန်းထွန်း

hsumyat
August 14, 2018 at 3:36 AM
Anonymous said...
စိတ်ဝင်စားတယ် စန်းထွန်းရေ။
မျေျွှာ်နေမယ်။
မမအိုင်အိုရာ
August 18, 2018 at 3:33 PM