အလာစကာသွား တောလား - ၃

လင်ဒါက ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုမှာနေတယ်။ နွေရာသီဆို တာကီတီနာကိုလာလည်တယ်။ ပေါ်လာက သူ့ဝမ်းကွဲမောင်ရဲ့မိန်းမ ခုတော့ ကွာရှင်းထားတယ်။ လင်ဒါ ဖလော်ရီဒါသွားလည်တုန်းက မသွားခင် ဟိုတယ်ကိုဖုန်းဆက်ပြီး သေချာအောင်လုပ်တယ်တဲ့။ ကိုယ်တို့ ခရီးသွားတာ ကြာလှပြီ ဒီလိုကမောက်ကမဖြစ်တာ ဒီတခါပဲကြုံဖူးသေးတယ်။ ည ၅ နာရီ ၄၅ ရေကန်သုံးကန် ဟိုက်ကင်းတိုးအတွက် လာကြိုမှာ ဒီဟိုတယ်ကို ရှာတွေ့ပါ့မလား မသိဘူး။ တိုးကိုဖုန်းခေါ်တော့ မကိုင်ဘူး voice message ထား။ အင်း ... ဟိုတယ်ကိုရှာမတွေ့ရင် ဖုန်းဆက်ပါလိမ့်မယ်။ ခဏနား ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ  အလာစကာနေရှားဂိုက်ဗင်ကား ဝင်လာတော့ တိုးကားလာပြီဟေ့။ ဟိုတယ်ကို ရှာရတာ အခက်အခဲရှိလား မေးကြည့်တော့ နည်းနည်းပဲတဲ့။ ဟန်က အဆင်သင့်မဖြစ်သေးလို့ တခြားခရီးသည်တွေကို ဝင်ခေါ်ရဦးမှာ သွားရအောင်လို့တိုးဂိုက်က ဆော်သြတယ်။ ဝိုင်းက ဟန်ကို မြန်မြန်လုပ်ဖို့ပြောတယ်။ ကိုယ်တို့အိမ်မှာ ဈေးဝယ်ထွက်ဖို့ အပြင်သွားမယ်ဆိုရင် မကြီး အလှပြင်လို့မပြီးတော့ဘူး။ သူအလှပြင်တာကို အမေနဲ့ကိုယ် အိပ်ပြီးစောင့်တာ တရေးရတယ်။ အလှပြင်တာ တနာရီလောက် ထွက်လာတော့လည်း ဘာမှမထူးဘူး။ မျက်နှာလေး ဆီးရွက်လောက်ကို ပြင်နေလိုက်တာ မပြီးတော့ဘူး။ မျက်နှာက ဆန်ကောလောက်ဆိုရင် တနေကုန်ပြင်ရမလား မသိဘူး။ အဲဒီလို အချိန်ဆွဲ အီးညှောင့်အီးညှောင့်သမားတွေနဲ့ ခရီးမသွားချင်ဘူး။ ကိုယ်က သွားမယ်ဆို ရယ်ဒီဖြစ်တဲ့သူနဲ့မှ ခရီးသွားချင်တယ်။ ည ၆ နာရီမှာစပြီး ၉  နာရီမှာ ပြီးဆုံးမယ့် ရေကန်သုံးကန် သုံးမိုင်ဟိုက်ကင်းပါ။ အလာစကာမှာ နွေရာသီဆိုရင် မနက် ၃ နာရီခွဲမှာ နေထွက်ပြီး ည ၁၂ ခွဲမှ နေဝင်ပါတယ်။ midnight sun ကို တွေ့ရပါတယ်။ ဆောင်းရာသီကျတော့ နေရောင်သုံးနာရီခွဲလောက်ပဲ ရတယ်။ အအေးက မိုင်းနပ် ၂၀၊ ဖဲဘန့်ဆိုရင် မိုင်းနပ် ၄၀။ အယ်မလေး ... နယူးယောက်မှာ မိုင်းနပ် ၂ လောက်ကိုတောင် အေးလှပြီထင်နေတာ။ မိုင်းနပ် ၂၀ လောက် ခဲသွားမလားမသိဘူး။ ခြင်ပေါတဲ့ဒေသမို့ ဟိုက်ကင်းမစခင် တိုးဂိုက်က အင်းဆက်လိမ်းဆေးတွေ လိမ်းချင်ရင်လိမ်းဖို့ ပေးတယ်။ လူ ၁၀ လောက်ပဲရှိမယ် အများစုက အမေရိကန်တွေ။ တရုတ်ပြည်ကြီးက လင်မယားနဲ့ ၈ နှစ်အရွယ် မိန်းကလေးပါတယ်။ တိုးဂိုက်က ကနေဒါနဲ့ကပ်လျက် မိုင်းဖန်နေတဲ့ ဗာမွန်ပြည်နယ်မှာနေတာ။

နွေရာသီကျောင်းပိတ်ရက် အလာစကာမှာ အလုပ်လာလုပ်တာ။ ဗာမွန်ပြည်နယ်ကနေ ကနေဒါကို ဖြတ်ကျော်ပြီး အလာစကာကို ဆယ်ရက်ကျော် ကားမောင်းလာခဲ့တယ်။ သူ့ရည်းစား၊ သူ့အစ်ကို၊ အစ်မတွေက နယူးယောက်မှာနေတယ်။ လောင်းအိုင်လန်ဖက် မွန်တောက်ကမ်းခြေ အရမ်းလှတယ် သွားရတာလည်းလွယ်လို့ သတင်းပေးတယ်။  လမ်းတလျှောက် တွေ့ရတဲ့ ဘယ်ရီ၊ နှင်းဆီပင်တွေအကြောင်း ရှင်းပြတယ်။ ရေကန်နာမည်တွေက x y z တဲ့။ ဒီနေရာတွေက စကိတ်ပြိုင်ပွဲတွေ ကျင်းပတဲ့နေရာ။ အလာစကာက ဖားတွေဟာ ဆောင်းရာသီမှာ ရေခဲဖြစ်နေတတ်တယ်။ အလာစကာရာသီဥတုနဲ့ ကိုက်ညီအောင် ပြောင်းလဲယူကြတာ။ တချို့နေရာတွေက မြက်တွေက ရေကန်ပေါ်မှာပေါက်နေပြီး နင်းလိုက်ရင် ပျော့စိပျော့စိ floating ဖြစ်နေတယ်။ စိမ်းညှို့နေတဲ့ရေကန်၊ မျက်စိတလုံး စိမ်းလန်းနေတဲ့ သစ်တောအုပ်လေးတွေနဲ့ အင်မတန်သာယာပါတယ်။ ဟိုက်ကင်းပြီးတော့ တိုးဂိုက်မလေးက သစ်သီးကိတ်လေးတွေ ပေးတယ်။ ဗိုက်ဆာနေတာနဲ့ အတော်ပဲ။ ဟိုတယ်အိမ်ကို ပြန်ရောက်တော့ ရေချိုး Spanich Bread က ဝယ်လာတဲ့ ပေါင်မုန့်တချပ်စား တချိုးတည်း တန်းအိပ်တော့တာပဲ။ ပြတင်းပေါက်ကို လိုက်ကာနဲ့ ကာထားပေမယ့် တရေးနိုးလို့ ကြည့်လိုက်ရင် နေ့လည်ခင်းလို လင်းထိန်နေတယ်။ တံခါးလော့ကို စမ်းကြည့်တုန်းက ခြင်တွေဝင်ခဲ့တယ် ထင်တယ်။ တညလုံး စောင်ခေါင်းမြီးခြုံအိပ်ရတယ် ခြင်သံတဝီဝီ ကြားနေရတယ်။ ညစာအဝမစားလို့နဲ့တူတယ် မနက်မိုးလင်းတော့ ဗိုက်ဆာတယ်။ ဟန်က ပေါင်မုန့်တွေကို ကြော်တော့ fire alarm က တကျည်ကျည် ထအော်လို့ တံခါးပေါက်နှစ်ပေါက် ဖွင့်လိုက်တော့မှ အော်တာရပ်တယ်။ မနက်စာ ပဲနို့မှုန့်ဖျော်ရည်၊ ပေါင်မုန့်စားကြတယ်။ တမိုင်ဝေးတဲ့ fish lake သွားဖို့ လမ်းထိပ်ရောက်တော့ ဘယ်ဖက်သွားရမှန်း မသိဘူး။ ဘယ်ဖက်ကွေ့ လူသွားလမ်းမရှိတဲ့ ကားလမ်းမအတိုင်း လျှောက်ပြီးဂူဂယ်မတ် ကြည့်လိုက်တော့ မှန်နေတယ်။ ဆယ့်ငါးမိနစ်လောက် လျှောက်ပြီးတော့ ငါးကန်ကို တွေ့တယ်။ Hobbit အိမ်လေးက ချစ်စရာကောင်းလို့ ဓာတ်ပုံရိုက်တယ်။ လေယာဉ်ပျံလေးတွေက ချစ်စရာကောင်းတယ်။ ရေကန်စပ်နားအထိသွားပြီး ဓာတ်ပုံရိုက်ကြတယ်။ ရေကန်က စိမ်းညှို့နေပြီး သစ်တောအုပ်က နေပျောက်မထိုးနိုင်ဘူး။ တဖက်ကမ်းမှာ ကောင်လေးတယောက် ရပ်နေပြီး သူ့အဖေက ကမ်းစပ်အဝေးကြီးကနေ ဓာတ်ပုံရိုက်ပေးတယ်။

‌ခွေးရေကူး‌‌နေတာကို သခင်က ထိုင်‌‌စောင့်နေတယ်
စိမ်းလဲ့‌နေ‌သော ရေကန်
x y z ‌ရေကန်သုံးကန် သုံးမိုင် သုံးနာရီ ဟိုက်ကင်း ည ၆ နာရီကနေ ၉ နာရီအထိ


ကိုယ်က ဂျာမာန်ထင်တယ်လို့ ဝိုင်းကိုပြောတော့ ဟုတ်တယ်တဲ့။ ရန်ကုန်အိမ်မှာ စလောင်းတပ်တော့ ကိုယ်အမြဲကြည့်တယ့် သတင်းလိုင်းတွေထဲမှာ ဂျာမန်သတင်းလိုင်းတခုပါတယ်။ ရေကန်ပတ်လည်တလျှောက် ထရေးလမ်းလေးရှိရင် လမ်းလျှောက်ချင်တာ။ အင်မတန်သာယာမှာ ဒါပေမယ့် ထရေးလမ်းမရှိဘူး RV ကားတွေရှိတယ်။ ဟိုတယ်အိမ်ကို ပြန်ရောက်တော့ လင်ဒါကို မတ်ဆေ့ပို့လိုက်တော့ ဆယ့်ငါးမိနစ်အတွင်း ရောက်လာတယ်။ ဗျူးပွိုင့်မှာ ကိုယ်တို့ကို ဓာတ်ပုံရိုက်ပေးတယ်။ ရထားဂိတ်မှာ တနာရီစောချက်ကင်ဝင်ရပြီး ဟမ်းကမ်ရီအိတ်တွေအပ်။ လင်ဒါကို ကျေးဇူးအထူးတင်ကြောင်းပြောပြီး ဟန်အကြံပေးတဲ့အတိုင်း ဓာတ်ဆီဖိုးပေးပါရစေလို့ပြောတော့ လက်မခံဘူး။ ကျေးဇူးတင်လွန်းလို့ ဝိုင်းက နောက်ဆိုသူ လူတိုင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ် ကူညီပါ့မယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ဟ ... မင်း ခုလည်း လူတိုင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံ ကူညီနေတာပဲကို။ အိုး ... ဒီထက်ပိုကူညီမှာပေါ့။ ဝိုင်းက ကိုယ့်ထက် လူတိုင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ကိုယ်က တခါတလေ စိတ်မကြည်ရင်၊ အမြင်ကပ်တဲ့သူတွေဆို ပြုံးပြနှုတ်ဆက်ချင်မှ နှုတ်ဆက်တာ။ တခါတလေ နှုတ်မဆက်ချင်လို့ နားကြပ်တပ် ဖုန်းကြည့်နေဟန် ဆောင်တတ်သေးတယ် ... လူဆိုးမ။ လင်ဒါ လိုက်ပို့ပြီး ပြန်သွားတဲ့အခါ မြို့ထဲကို ချီတက်ကြတယ်။ မြို့ထဲကို ဆယ့်ငါးမိနစ်လောက် လျှောက်ရတယ်။ မြို့ထဲက လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တိုင်းကို ဝင်ကြည့်တယ်။ လက်ဆောင်ပေးဖို့ lip balms လေးတွေ ထပ်ဝယ်တယ်။ Aurora Dora ဆိုတဲ့ ဓာတ်ပုံဆိုင်ကို ဝင်ကြည့်တယ်။ မြောက်အလင်းတန်း northern lights aurora ကို ရိုက်ထားတာ အင်မတန်လှတာပဲ။ ရေခဲသေတ္တာမှာကပ်ဖို့ magnet သံလိုက်ဝယ်တယ်။ သူ့ဆိုင်ရှေ့မှာ အက်စကီးအရုပ် မျက်နှာအပေါက်ဖောက်ထားတာနဲ့ ဓာတ်ပုံရိုက်တယ်။ ရထားက နေ့လည် ၁၁ ၂၀ မှာ တာကီတီနာမြို့ကနေ ထွက်ခွာပြီး ဖဲဘန့်ကို ည ၈ နာရီမှ ရောက်ပါတယ်။ စတိတ်ကမြို့ကြီးတွေမှာ ကားလမ်းတွေပိတ်လို့ ရထားက ပိုမြန်တယ်။ အလာစကာမှာတော့ ပြောင်းပြန် ဘတ်စ်ကားက ပိုမြန်တယ်။ ရထားက ဈေးကြီးတယ်၊ အချိန်ကြာတယ်၊ ရှုခင်း အင်မတန်လှတယ်။ တာကီတီနာကနေ ဖဲဘန့်ဆီ ဘတ်စ်ကားနဲ့ဆိုရင် ငါးနာရီခွဲလောက်ပဲကြာတယ်။ ရထားနဲ့က ရှစ်နာရီခွဲလောက်ကြာတယ်။ ရထားက တနာရီမိုင် ၃၀ လောက် နှုန်းလောက်နဲ့ပဲ မောင်းတာကိုး။ ရထားပထမနှစ်တွဲက golden domes မှန်ပြတင်းပေါက်ကျယ်ကြီးတွေနဲ့ ဈေးကြီးတယ်။ ကိုယ်တို့စီးတာက ဈေးသက်သာတဲ့ adventure class။ ဒီရထားတွဲအပေါ်ဖက်မှာ မှန်ပေါက်ကလေးနဲ့ မြင်ကွင်းကျယ်ကြည့်လို့ရတဲ့နေရာ ရှိတယ်။ ကိုယ်တို့ထိုင်ခုံက စီတွဲမှာ ဒီအတွဲပေါ်က အဲ့ဒီနေရာကို တန်းသွားကြတယ်။ လူတော်များများ လာထိုင်ကြတယ်။ လာထိုင်ချင်တဲ့လူများရင် ထိုင်နေတဲ့သူတွေက တလှည့်နေရာပေးဖို့ တိုက်တွန်းတယ်။

ဖဲဘန့်ဆီသွားတဲ့ ရှုခင်း အင်မတန်လှတယ်။ လမ်းတလျှောက် ဖြတ်ကျော်ခဲ့တဲ့ မြို့တွေ၊ အိမ်တွေအကြောင်း၊ moose ၊ ဝက်ဝံ၊ သိမ်းငှက်တွေတွေ့ရင် ဘယ်ဖက်မှာတွေ့တယ်ဆိုတဲ့အကြောင်း ရှင်းပြတယ်။ လမ်းတလျှောက် မပျင်းရဘူး တိုးဂိုက်တယောက်က ရှင်းပြနေသလိုပဲ။ ရထားဝန်ထမ်းက နေ့လည်စာအတွက် ဘာမှာစားချင်လဲလို့ နှစ်ခေါက်လောက် လာမေးတယ်။ မနက်က ပေါင်မုန့် အဝစားထားလို့ တော်တော်နဲ့ ဗိုက်မဆာဘူး။ နေ့လည် ၂ နာရီလောက် ဗိုက်ဆာတော့ ပါလာတယ့်မုန့်တွေ စားတယ်။ ဆောင်းရာသီဆို မိုင်းနပ် ၄၀ လောက်အေးတော့ ရထားရှိပါ့မလား၊ ခရီးသွားတွေ ရှိပါ့မလားလို့ တွေးနေတာ။ ဆောင်းရာသီမှာ ခရီးသွားတွေက နွေရာသီထက်တောင် ပိုများပါသတဲ့။ northern lights aurora ကြည့်ဖို့ ဖဲဘန့်ကို လာကြတာတဲ့။ ဖဲဘန့်က အလာစကာပြည်နယ် အလယ်ကောင်မှာရှိတယ်။ ဆောင်းရာသီမှာ မြောက်အလင်းတန်းကို အမ့်ကရေ့မြို့ကနေ မမြင်ရဘူး ဖဲဘန့်မြို့ကနေမှ မြင်ရတယ်။ ဆောင်းရာသီမှာ မြောက်အလင်းတန်းကြည့်ဖို့ ဖဲဘန့်ကို လာဦးမယ်။ အင်း ....  မိုင်းနပ် ၄၀ အအေးဒဏ်ကို canada goose ဒေါင်းဂျက်ကက်နဲ့ရမယ်။ ကနေဒါဂူ့စ်ဂျက်ကက်ကလည်း ဈေးကြီးပါ့ ဒေါ်လာရှစ်ရာကနေ ထောင့်ငါးရာကြား ရှိတယ်။ နှင်းဘွတ်ဖိနပ်၊ လက်အိတ်၊ မာဖလာ၊ ဦးထုပ်က အထူစားမှဖြစ်မယ်။ အယ်မလေး ... မြောက်အလင်းတန်းကြည့်ဖို့ အဝတ်အစားဖိုးကတင် ဒေါ်လာနှစ်ထောင်နီးပါးလောက် ကုန်မယ်။ ဝိုင်း မနှစ်က နယ်သာလန်ကျောင်းမှာ ပီအိတ်ချ်ဒီသွားတက်ရင်း အပြန်မှာ iceland ဝင်လည်တယ်။ မြောက်အလင်းတန်း သွားကြည့်တာ မတွေ့ခဲ့ဘူး။ ဒိန်းမတ်၊ ဆွီဒီဖက်မှာ ကြည့်လို့ရတယ် တောနက်ထဲက အမိုးဖန်အကြည်လေးနဲ့အိမ်ကနေ ကြည့်ရတာတဲ့။ မြောက်အလင်းတန်းကို တစ်ခေါက်နဲ့မတွေ့ရင် သုံးခေါက်လာကြည့်ခွင့် ရှိတယ်တဲ့။ ရေခဲတောင်တွေ၊ မီးလောင်ထားတဲ့ ထင်းရှုးပင်တွေ၊ ဖြတ်သန်းရစ်ခွေ စီးဆင်းနေတဲ့မြစ်တွေနဲ့ အင်မတန်သာယာတယ်။ ရထားလမ်းဘေးတလျှောက်မှာ နေထိုင်တဲ့သူတွေက ရထားဖြတ်သွားချိန် လမ်းပြနှုတ်ဆက်လေ့ရှိတယ်။ ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့ ညနေ ရထားဖြတ်ချိန်ဆို တရွာလုံးကလူတွေက လမ်းပြနှုတ်ဆက်တယ့် ထုံးစံရှိပါတယ်တဲ့။ They mourn us သူတို့ ကျွှန်တော်တို့ကို ငိုကြွေးမြည်တမ်းကြတယ်လို့ တိုးဂိုက်က နောက်လို့ရယ်လိုက်ကြတာ။ မော်တင်စွန်းဘုရားပွဲချိန်ဆိုရင် ဖြတ်သွားတယ့် သဘောတွေကို ကိုယ်တို့တွေ လမ်းပြနှုတ်ဆက်လေ့  ရှိကြတယ်။ နီနားနား Nenana ၊ တာနားနား Tanana ၊ ချီနာ Chena ၊ ယုကွန် Yukon မြို့နာမည်၊ မြစ်နာမည်လေးတွေက ချစ်စရာလေးတွေ။ ရထားစစ်ကနယ်က တခါတလေအလုပ်မလုပ်လို့ ရထားဝန်ထမ်းတွေက လက်နဲ့လုပ်နေရတာကို စောင့်ဆိုင်းရတာနဲ့ ဖဲဘန့်မြို့ကို ည ၈ နာရီကျော်မှ ရောက်တယ်။ တာကီတီနာကနေ ဖဲဘန့်ဆီသွားတဲ့ လမ်းတလျှောက်မှာ မြင်တွေ့ခဲ့ရတဲ့ ရှုခင်းတွေ၊ ဖဲဘန့်မြို့မှာ ဘယ်တွေသွားလည်တယ်ဆိုတာကတော့ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
သြဂုတ် ၂၅၊ ၂၀၁၈။

အရင်တုန်းက ဒန်နာလီကို မက္ကကလေလို့ ခေါ်ပါတယ်တဲ့
ချစ်စရာ Hobbit အိမ်ကလေး
‌လေယာဥ◌်ပျံ စီးလို့ရတယ် တနာရီ ၂၀၀ လောက်ပေးရတယ်
အလာစကာရဲ့ ၂၀% ကို ကားလမ်းနဲ့ ဆက်သွယ်ထားတယ် ကားလမ်းမရောက်တဲ့ နေရာ‌ဒေသ‌တွေကို
လေယာဥ◌်နဲ့ ဆက်သွယ်ရတော့ အလာစကာမှာ လေယာဥ◌်သင်တန်း၊ လေယာဥ◌်‌တွေပေါတယ်
ဟယ်လီ‌ကော်ပတာစီးပြီး ဂရမ်းကင်ညွန်ပတ်ခဲ့တာ သတိရမိတယ် လေယာဥယာဥ◌်စက်သံ ဆူညံနေတော့
နားကြပ်‌ပေးထားတယ် တိုးဂိုက်က Cold Play အဖွဲ့ရဲ့ သီချင်းဖွင့်‌ပေးထားတယ်
လေယာဥ◌်‌မောင်းတတ်ချင်တယ်
ဟိုတယ်အိမ်
ဗျူးပွိုင့်မှာ ခရီးသွားသုံးဖော် လင်ဒါ ရိုက်‌ပေးတာ
ဗျုးပွိုင့်ကနေ ဒန်နာလီကို မြင်ရတဲ့ရှူခင်း အင်မတန် သာယာတယ်
တာကီတီနာ မြို့လယ်‌ကောင်
တာကီတီနာမှာ အော်ရိုရာဒိုရာဆိုင် မဖြစ်မနေ ဝင်ကြည့်သင့်တယ် ဓာတ်ပုံ‌တွေက အရမ်းလှလွန်းလို့ မြောက်အလင်းတန်းကို မြင်ဖူးချင်စိတ်  ပေါက်သွား‌စေရမယ်
နာကျင်တာတွေ သက်သာစေတဲ့ အလာစကာ Devil's Club ၊ လက်‌ဆောင်‌ပေးဖို့  lip balms ဗူးလေး‌တွေ
တာကီတီနာက‌နေ ဖဲဘန့် ရထားနဲ့ ၈ နာရီ စီးရတယ် ရှုခင်း‌တွေ အင်မတန်လှတယ် နောက်ပို့စ်မှပဲ အဲ့ဒီဓာတ်ပုံ‌တွေ တင်ပါတော့မယ်

1 comment:

Anonymous said...

Wonderful!
Thank you San Htun Lay.
Ma Ma Iora