အလာစကာသွား တောလား - ၂
ဂျူလှိုင် ၆ သောကြာနေ့ မနက် ၆ နာရီခွဲ ဘတ်စ်ကားနဲ့ အလာစကာပြည်နယ်ရဲ့ အကြီးဆုံးမြို့ အမ်းကရေ့ကနေ မြောက်ဖက်စူးစူး ၁၁၄ မိုင် ၂ နာရီခွဲလောက်ဝေးတယ့် တာကီတီနာမြို့ကို ခရီးဆက်ပါတယ်။ ၁၈၆၇  မတ် ၃၀  ရုရှအင်ပါယာကနေ အလာစကာကို ယူအက်စ်ဒေါ်လာ ၇.၂ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ ပျမ်းမျှ တဧက နှစ်ဆင့်လောက်ပဲ ကျပါသတဲ့။ စတိတ်မှာ အကြီးဆုံးပြည်နယ်ပေမဲ့ ပြည်မနဲ့အဝေးဆုံး (ကနေဒါ ခြားထားတယ်)၊ လူဦးရေ တတိယအနည်းဆုံး ပြည်နယ်ပါ။ ငါးဖမ်းလုပ်ငန်း၊ သဘာဝဓာတ်ငွေ့၊ ရေနံပေါကြွယ်ဝသလို စစ်တပ်၊ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေရပါတယ်။ ဂျပန်နိုင်ငံနဲ့နီးလို့ ဒုတိယကမ္ဘာစစ်အတွင်းမှာ အရေးပါတဲ့နေရာတစ်ခုပါ။ အလာစကာပြည်နယ်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုသာ ကားလမ်းနဲ့ဆက်သွယ်နိုင်ပြီး နေရာတော်တော်များများက ကားလမ်းမပေါက်တော့ လေယာဉ်နဲ့သွားလာရတယ်။ ဒါကြောင့် အလာစကာမှာ လေကြောင်းသင်တန်းများသလို လေယာဉ်မောင်းတတ်တဲ့သူတွေ များတာမထူးဆန်းလှဘူး။ အလာစကာမှာ လူတွေထက် moose ၊ သစ်ပင်က ပိုများတယ်လို့ပြောကြတယ်။ သစ်ပင်တွေ အင်မတန်များတဲ့ပြည်နယ် မျက်စိတဆုံး စိမ်းလန်းနေတာပဲ။ ကိုယ်ရောက်ဖူးသမျှ နေရာထဲမှာ သစ်ပင်အများဆုံး၊ အစိမ်းလန်းဆုံးပြည်နယ်။ ဘတ်စ်ကားမောင်းတဲ့ အန်တီကြီးက လမ်းတလျှောက် ဖြတ်သန်းသွားတဲ့ မြို့လေးတွေအကြောင်း ရှင်းပြတယ်။ တာကီတီနာမြို့အဝင်က တာကီတီနာ အလာစကန် lodge မှာ ခဏနားပါတယ်။ အတော့်ကို သာယာအေးချမ်းလှပတယ့် နေရာလေး။ ဆယ်မိနစ်လောက် နားဖို့ပေးထားတယ့်အချိန် ကိုယ်က ဓာတ်ပုံလျှောက်ရိုက်နေလို့ ဝိုင်းက ကားဆီအတင်းဆွဲခေါ်တယ်။ ဝိုင်းက အဲ့ဒီလို အချိန်တိကျတယ် ကိုယ်ကြောင့် သူများစောင့်ရတာ စိတ်အနှောင့်အယှက် မဖြစ်စေရဘူး။ အဲ့ဒီ lodge ရှေ့က အဖြူရောင်ဒေစီပန်းတွေ သိပ်လှတာပဲ။ lodge နောက်ဖက်ကနေ ဒန်နာလီအမျိုးသားဥယျာဉ်ထဲက ရေခဲဖုံးနေတယ့် တောင်တွေကို မြင်ရတယ့်ရှုခင်းက အင်မတန်လှပါသတဲ့။ တာကီတီနာမြို့မှာ ခရီးဆုံးမယ့် ကိုယ်တို့ကို တင်ဆောင်ပြီး တာကီတီနာမြို့ထဲ ဆက်လက်ထွက်ခွာပါတယ်။ တာကီတီနာမြို့ထဲကနေ လိုက်ပါမယ့်လူတွေကို ခေါ်ဆောင်ပြီး lodge ကို ပြန်လာမှာပါ။ ပြီးမှ ဒန်နာလီအမျိုးသားဥယျာဉ်၊ ဖဲဘန့်မြို့တွေကို ဆက်သွားမှာပါတဲ့။
တာကီတီနာမြို့ကို ၉  နာရီ ၁၅ မိနစ်လောက်မှာရောက်ပြီး  ဂူဂယ်မတ်မှာ ဟိုတယ်လိပ်စာ ရိုက်ထည့်လိုက်တော့ မတွေ့ဘူး။ ဘတ်စ်ကားမောင်းတဲ့ အန်တီကြီးကို မေးကြည့်တော့ သူလည်း ဂူဂယ်မတ်မှာရှာတာ မတွေ့ဘူး။ သူက မြို့ခံမဟုတ်တော့ ဘယ်သိပါ့မလဲ။ ဟိုမှာ ...  မဟေးဂျက်ဘုတ်ဆိုင် Mahay's Jet Boat Adventures သူတို့က ဒေသခံတွေ သွားမေးကြမယ်။ မဟေးဆိုင်ကလူတွေလည်း ဟိုတယ်လိပ်စာကို မသိဘူး ဒါပေမယ့် ဘွတ်ကင်း confirmation အီးမေးလ်ထဲက မြေပုံအတိုင်းဆိုရင်တော့ သိပ်မဝေးဘူး နှစ်ဘလောက်ဝေးတယ်။ ဟမ်းကယ်ရီအိတ်တွေကို သူတို့ဆိုင်မှာထားခဲ့ပြီး ဟိုတယ်ကို လိုက်ရှာပါတယ့်။ သဘောကောင်း ကူညီတတ်တယ့်သူတွေ။ ဟိုတယ်ကို ဖုန်းခေါ် voice message ထား ကိုယ့်ဖုန်းက အမြဲဆိုင်းလန့်မို့လို့ ဆိုင်းလန့်ကိုဖြုတ်။ ဆိုင်ကညွှန်လိုက်တယ့်အတိုင်း မြေပုံထဲကအတိုင်း လိုက်ရှာကြတော့လည်း မတွေ့ဘူး။ အတုများလား မသိဘူးနော် ဝိုင်းက အတုမဖြစ်နိုင်ပါဘူး ချက်ကင်လေးနာရီမှ ဝင်လို့ရမယ်လို့ အီးမေးလ်ပြန်လာတယ်။ အင်းနော် ဘွတ်ကင်းဒေါ့ကွန်းကနေ ဘွတ်တာဆိုတော့ အတုမဖြစ်နိုင်ပါဘူး။ လက်သမားဦးလေးကြီး တစ်ယောက်ကို မေးကြည့်တော့ သူလည်းမသိဘူး။ မြေပုံထဲကအတိုင်းဆိုရင်တော့ နှစ်ဘလောက်အဝေးမှာ ဖြစ်လိမ့်မယ် ကံကောင်းပါစေ။ နာမည်မကြီးတဲ့ carrier လိုင်းမို့လို့ဝိုင်းရဲ့ဖုန်းက ကွန်နက်ရှင်းလုံးဝမရဘူး။ ဟိုတယ်က ဝိုင်းကို ဖုန်းခေါ်ရင်တောင် ဖုန်းခေါ်လို့ရမှာမဟုတ်ဘူး။ ရှေ့က မြောက်တာကီတီနာတည်းခိုခန်းတဲ့ မေးကြည့်ရအောင်။ yard sale လုပ်ဖို့ ပြင်ဆင်နေတဲ့ အန်တီကြီးတွေကို မေးကြည့်တော့ တည်းခိုခန်းပိုင်ရှင်က ပေါ်လာ၊ သူကာစင်က လင်ဒါ။ ပေါ်လာက ဟိုတယ်ကို ဖုန်းဆက်တယ် လေးခါတောင်။ ပေါ်လာက ဒီဟိုတယ်ခုမှ စတာထင်တယ် သူမသိဘူး အခန်းလိုရင်ပြောနော် သူ့မှာအခန်းရှိတယ်။ အဆက်အသွယ်ရပြီး လိပ်စာမေးတော့ မြို့ထဲကနေ လေးမိုင်အဝေးမှာ ညနေလေးနာရီမှ ချက်ကင်ဝင်လို့ရမယ်။ ဟိုတယ်ပိုင်ရှင်ကလည်း အဲ့ဒီမှာမနေဘူး တနာရီအဝေးမှာ။ ဘုရားရေ ... လေးမိုင် မြို့သေးသေးလေးမှာ တက္ကစီရှိမှာမဟုတ်ဘူး ဘယ်လိုလုပ်ရပါ့မလဲ။
Talkeetna Alaskan Lodge
တာကီတီနာအလာစကန် Lodge နောက်ဖက်ကနေ မြင်ရတဲ့ရှုခင်း နောက်ခြောက်ရက်အကြာ
ဒန်နာလီအမျိုးသားဥယျာဉ်ကနေ အမ့်ကာရေ့ဆီ ပြန်တဲ့အခါ တာကီတီနာမှာ ခဏနားတော့ နောက်ဖက်ကိုသွားပြီး ဒီဓာတ်ပုံရိုက်ခဲ့တာပါ
အမ့်ကာရေ့ကနေ တာကီတီနာထိ စီးခဲ့တဲ့ ဘတ်စ်ကား
ကိုယ်တို့ဟမ်းကမ်ရီ အိတ်တွေ သိမ်းပေးထားထဲ့ မက်ဟေးဂျက်ဘုတ်
ပေါ်လာက ဒီကလေးမတွေမှာ ကားမပါဘူး သယ်ယူပို့ဆောင်ရေး ဘယ်လိုစီစဉ်ပေးမှာလဲလို့ မေးကြည့်တော့ ဟိုတယ်ပိုင်ရှင်က တနာရီအဝေးမှာနေတော့ ဘယ်လိုမှမကူညီနိုင်ပါဘူးတယ့်။ ဟိုတယ်ပိုင်ရှင်က ပေါ်လာ့ကို ဖုန်းခေါ်ပြီး အခန်းရှိသေးလား မေးကြည့်လို့ စစ်ကြည့်လိုက်တော့ ပေါ်လာ့မှာ အခန်းမရှိတော့ဘူး။ မျက်နှာငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားနေတဲ့ ကိုယ်တို့ကို ပေါ်လာက စိတ်မပူနဲ့ ညနေလေးနာရီမှ ချက်ကင်ဝင်ရမှာ ဟမ်းကယ်ရီအိတ်တွေကို ဒီမှာထား မြို့ထဲသွားလည် လင်ဒါ ဟိုတယ်ထိ လိုက်ပို့ပေးမယ်။ မနက်ဖြန်မနက် ရထားဘယ်အချိန်လဲ ၁၁ ၂၀၊ တစ်နာရီစောပြီး ချက်ကင်ဝင်ရမှာဆိုတော့ ၁၀ ၂၀။ မနက် ၉  နာရီခွဲလောက် လင်ဒါလာခေါ်ပြီး ရထားဂိတ် လိုက်ပို့ပေးမယ်။ တာကီတီနာမှာ ဒုက္ခရောက်ရတယ်ဆိုတာ မဖြစ်စေရဘူး။ ဝမ်းသာလိုက်တာ ကျေးဇူးတင်လိုက်တာ မပြောပါနဲ့တော့။ မဟေးဂျက်ဘုတ်ဆိုင်ကနေ ဟမ်းကမ်ရီအိတ်ကိုယူပြီး လင်ဒါ့ကားနောက်ထဲပစ်ထည့်။ လင်ဒါက ကိုယ်တို့ကို မြို့ထဲမောင်းပြီး ရှင်းပြပေးတယ်။ ဘယ်ဆိုင်တွေက ကောင်းတယ်၊ ဒီလေယာဉ်စခန်းက လေယာဉ်စီးပြီး ပတ်ကြည့်ဖို့ ထောက်ခံချက်ပေးတယ်။ ဒီခရမ်းရောင်ပန်းက firedweed ဘာလို့ဒီနာမည်ရသလဲဆိုတော့ တောမီးလောင်ပြီးတဲ့အခါ ပထမဆုံးပွင့်လာတဲ့ပန်းမို့လို့။ firedweed ပန်းတွေပွင့်ပြီဆိုရင် မကြာခင်ဆောင်းဝင်တော့မယ်။ တာကီတီနာမြစ်ကမ်းဘေးနားမှာ ဟိုက်ကင်းလုပ်ဖို့ အကြံပေးပြီး မြို့ထဲချပေးခဲ့တယ်။ မြို့လေးကသေးသေးလေး တိုးရစ်တွေများတယ်။ မိန်းလမ်းမတလျှောက် လက်ဆောင်ပစ္စည်းရောင်းတယ့်ဆိုင်တွေ အပြည့်။ Susitna ၊Chulitna၊ တာကီတီနာမြစ် သုံးခုဆုံတဲ့ နေရာကနေ တာကီတီနာမြစ်လမ်းဘေးတလျှောက် ထရေးလမ်းလေးက အင်မတန်သာယာတယ်။ မက်ကင်လေတောင်ဆီက ရေခဲတွေ ဖုံးလွှမ်းနေတဲ့ တောင်တွေကို မြင်ရတယ်။ အမေရိကန်တွေဟာ အင်မတန်ဖော်ရွေတယ် သိသိမသိသိ ပြံးပြနှုတ်ဆက် စကားစမြည်ပြောတတ်တယ်။ ဒေသခံအင်ဒီယန်းနဲ့တူတဲ့ ကောင်လေးတယောက်နဲ့ စကားစမြည်ပြောဖြစ်တော့ သူက ဖိလစ်ပိုင်ကို သွားလည်ချင်တာတဲ့။ မြို့ထဲမှာ ရေခဲမုန့်ရောင်းတယ် သူ့ဆိုင်ကို ဝင်လည်ပါ။ မြို့ထဲက ဘယ်စားသောက်ဆိုင်တွေက ကောင်းတယ်လို့ အကြံပေးတယ်။ ရထားလမ်းကျော်သွားပြီးရင် ဘာတွေရှိလဲမေးတော့ ထရေးလမ်းက သာယာတယ်လို့ပြောတယ်။
အတင်းတွန်းတိုက် ပြေးလွှားဆော့လာပြီး သခင်ရှေ့ရောက်နေတဲ့ ခွေးနှစ်ကောင် လမ်းနှစ်ခွရောက်တော့ ဘယ်သွားရမှန်းမသိဘူး။ သူ့သခင်က ညာကွေ့လို့ အော်လိုက်တာနဲ့ ညာဖက်ကွေ့သွားကြလို့ ဟယ် ... သူ့သခင်စကား နားလည်တယ်တော့။ ကိုယ်က ခွေးချစ်သူ တရုတ်ခွေးနှစ်မှာ မွေးတဲ့သူ အိမ်ပိုင်ရင်၊ အငြိမ်းစားယူရင် ခွေးနှစ်ကောင်၊ ကြောင်တစ်ကောင်၊ ငှက်တစ်ကောင်မွေးမယ်လို့ စိတ်ကူးထားတယ်။ ဝိုင်းတို့ ညီအစ်မက တိရစ္ဆာန် မချစ်ဘူး အင်မတန်ကြောက်တယ်။ ခွေးအနားလာရင် ပြေးတော့တာပဲ သူတို့ငယ်ငယ်တုန်းက အိမ်နားကခွေးကိုက်လို့ လူသေသွားတယ်တဲ့။ တာကီတီနာမြစ်ဘေးတလျှောက် ငါးမျှားတဲ့သူ၊ ရေကူးနေတဲ့ခွေးတွေ တွေ့တယ်။ မြစ်ရေက ဝါထိန်နေတယ်။ ရထားသံလမ်း ဖြတ်နေတုန်း တဖက်ကမ်းကနေ RV ကားမောင်းလာတာ မြင်ရတော့ ရှောင်တိမ်းစရာ လမ်းမရှိဘူး။ လာလမ်းအတိုင်းပြန်လျှောက်။ ထရေးလမ်းက သာယာပါတယ် ဒါပေမဲ့ မြစ်၊ တောင်တွေကို မမြင်ရဘူး။ ဟန်က တချိန်ချိန်မှာ မြစ်ဆီကွေ့သွားမယ့် ထရေးလမ်းတွေ့မယ် ထင်နေတာ။ မြစ်ရေစီးသံလည်း မကြားရ၊ ရေခဲတောင်တွေလည်း မမြင်ရ၊ ရထားသံလမ်းအတိုင်း သွားနေတာ မြစ်ဆီရောက်မယ် မထင်ဘူး။ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့အချိန် နေ့လည် ၁ နာရီခွဲနေပြီဆိုတော့ ပြန်လှည့်မှဖြစ်တော့မယ်။ အလာစကာတိုးအင်ထရာဗယ်က စီစဉ်ပေးတဲ့ ဂျက်ဘုတ်မစီးတာ မှန်သွားတယ်။ ၇၅ ကျပ်ကနေ ၂၀၀ ပေးရပြီး ဘုတ်ပေါ်ကနေ ဓာတ်ပုံကောင်းကောင်း ရိုက်လို့ရမှာမဟုတ်ဘူး။ ကိုယ့်ဘာသာ လမ်းလျှောက်ပြီး ရှုခင်းကြည့် ဓာတ်ပုံရိုက်ရတာက ပိုကောင်းတယ်။ ဟန်က firedweed မတ်ခွက်လေး ဝယ်တယ် ၂၅ ကျပ်ပေးရတယ် အတော်လေးလှတယ် made in china ။ တိုးရစ်အဘွားကြီးတစ်ယောက် ကျောက်တုံးကို ခလုတ်ဝင်တိုက်ပြီး လဲကျသွားလို့ သူ့ဘော်ဒါတွေ၊ ဖြတ်သွားဖြတ်လာတွေက ဝိုင်းကူထူပေးကြတယ်။ အတော်နာသွားတယ်ထင်တယ် မထနိုင်ဘူး။ နေ့လည် ၂ နာရီ ဗိုက်ဆာနေပြီမို့လို့ စားသောက်ဆိုင်တွေ လိုက်ကြည့်ပြီး အားလုံးညွှန်တယ့် Wildflower Cafe ကို ရွေးလိုက်တယ်။ မိသားစုစတိုင်မို့လို့ ထိုင်ချင်တယ့်နေရာထိုင်တယ့်။ ထိုင်ခုံနေရာချပေးပါလို့ပြောတော့ ကြိုက်တယ့်နေရာထိုင်။ အမေရိကန်အစားအစာ ဆန်းဒွတ်ပဲ မှာလိုက်တယ်။ ဒီတခါတော့ နှစ်ပွဲဝယ်ပြီးသုံးယောက်စားလို့ မရတော့ဘူး။
တာကီတီနာမြစ်ကမ်းဘေးကနေ မြင်ရတဲ့ရှုခင်း အင်မတန်သာယာတယ်
အရာအားလုံးကို အလာစကာပြည်နယ်ဆီ တင်ပို့ရတော့ အစစအရာရာ ဈေးကြီးတယ်။ ဟင်းပွဲတွေက တယောက်စာ စားလောက်ရုံပဲ။ ပြည်မက ဆန်းဒွတ်တွေဆို မနက်၊ ည နှစ်ခါစားရတယ်။ စားသောက်ပြီးတော့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေ ဝင်ကြည့်ကြတယ်။ အက်စမိုးလက်မှုပစ္စည်း၊ မြေထည်တွေ အင်မတန်လှတယ်၊ အင်မတန်ဈေးကြီးတယ်။ လက်ဆောင်ပေးဖို့ lip balm လေးတွေဝယ်တယ်။ လွန်ခဲ့တယ် နှစ်ပေါင်းနှစ်ဆယ်လောက်က ယောကျ်ားခြေထောက်နာနေလို့ မိန်းမက လိမ်းဆေးလုပ်ပေးတာ သူငယ်ချင်းအပေါင်းအသင်းတွေကကြိုက်လို့ လုပ်ပေးရာကတဆင့် စီးပွားရေးစတင်ခဲ့တာပါတဲ့။ Devil Club ဆိုတာ နာကျင်ကိုက်ခဲရင် လိမ်းကြတဲ့အပင်တစ်မျိုး အလာစကာပြည်နယ်မှာပဲရှိတယ်။ နာကျင်ကိုက်ခဲရင် လိမ်းတာနဲ့လိုးရှင်းနှစ်မျိုး ဝယ်တယ်။ ဆိုင်ရှင်ဦးလေးက မြန်မာဆိုတာသိတယ် ခရူသင်္ဘောမှာ အလုပ်လုပ်ဖူးတယ်။ သူ့အချစ်ဆုံးသူငယ်ချင်းက မြန်မာ၊ အိန္ဒိယနဲ့မြန်မာကို သွားလည်မလို့တဲ့။ မြန်မာလို့ပြောလိုက်ရင် မသိတာများတဲ့လူတွေထဲမှာ မြန်မာကိုသိတယ် အချစ်ဆုံးသူငယ်ချင်းကမြန်မာလို့ ပြောတဲ့သူ ရှားရှားပါးပါး ဒီတခါပဲကြုံဖူးတယ်။ ဟိုတယ်က မြို့ပြင်မှာ ဟိုတယ်နားမှာ ဘာမှရှိပုံမရဘူး ညနေစာဝယ်သွားမှဖြစ်မယ်။ Spanich Bread ကားလေးက bread ဝယ်လိုက်တယ်။ လမ်းတလျှောက် တွေ့တယ့်လက်ဆောင်ပစ္စည်းဆိုင်တွေ ဝင်ကြည့်။ မရောက်သေးတဲ့ တာကီတီနာမြစ်ကမ်းဘေးက ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ မြစ်ကမ်းဘေးက အိမ်သေးသေးလေးတွေ ချစ်စရာလေး။ တာကီတီနာရိမ်းဂျားစတေးရှင်မှာ မှတ်ပုံတင်ပြီးမှ ဒန်နာလီဘေ့စ်ကမ့်ကို လေယာဉ်နဲ့သွား။ အဲ့ဒီကနေ မြောက်အမေရိကားမှာ အမြင့်ဆုံးတောင်ဒန်နာလီတောင်ထိပ်ကို တက်ဖို့ ၂ ပတ်ကနေ ၃ ပတ်ကြာတယ်။ နှစ်ဆယ်ရာခိုင်နှုန်းပဲ အောင်မြင်ကြတယ်။ ဒန်နာလီဆိုတာ အတာဘန်စကန်ဘာသာစကားနဲ့ အမြင့်ဆုံးလို့ အဓိပ္ဗာယ်ရပါတယ်။ ဒန်နာလီတောင်တက်တဲ့အကြောင်း ၁၅ မိနစ်စာဗွီဒီယို အဆုံးကနေ ဝင်ကြည့်တယ်။ တောင်တက်အဝတ်အစား ဝတ်ထားတဲ့ အငြိမ်းစားလင်မယားက ဗွီဒီယိုအရမ်းကောင်းတယ် အစအဆုံးကြည့်ပါလို့ တိုက်တွန်းတယ်။ အမျိုးသားဥယျာဉ်ဝန်ထမ်းအမျိုးသမီးက ဗွီဒီယိုပြန်လာဖွင့်ပေးတယ်။ ဒန်နာလီတောင်တက်ဖို့ အောက်ဆီဂျင်ဘူးတွေ မလိုဘူး။ တောင်ခြေကနေ တဖြည်းဖြည်းတက်လာရင်း အမြင့်ရောက်လာလေ လေထဲမှာအောက်ဆီဂျင် နည်းလာတာကို အဆုတ်က ခံနိုင်ရည်ရှိလာတယ်။ တောင်တက်တာ အင်မတန်ခက်ခဲတဲ့အလုပ် ကိုယ်မလုပ်နိုင်တဲ့အလုပ်ဆိုတော့ တောင်တက်တဲ့သူတိုင်းကို လေးစားအားကျတယ်။ ဧည့်ခန်းထဲမှာ တောင်ထိပ်ရောက်တဲ့ တောင်တက်သမားတွေရဲ့ နိုင်ငံအလံလေးတွေ ချိတ်ထားတယ်။
မြောက်တာကီတီနာ တည်းခိုခန်း ပြန်ရောက်တော့ ညနေလေးနာရီ ကျော်နေပြီ။ လင်ဒါက ကားလမ်းဘေးက ဗျူးပွိုင့်မှာ ရပ်ပေးပြီး ဓာတ်ပုံရိုက်ပေးတယ်။ ၁၀ မိနစ်လောက်မောင်းပြီးတော့ လမ်းသွယ်လေးထဲဝင်ပြီး အိမ်နံပါတ်တွေကြည့်တာ မတွေ့။ လင်ဒါက ဖုန်းခေါ်ပြီးမေးတော့ အမေရိကန်အလံ ထောင်ထားတဲ့ဝင်းထဲမှာ။ ဝင်းထဲမှာ အိမ်သုံးလုံးရှိတယ် ကားမရပ်ထားတဲ့အိမ်ပဲ ဖြစ်ရမယ်။ အိမ်တံခါး passcode ကို လင်ဒါက ပြောပြပြီးဖွင့် တံခါးပြန်ပိတ်ပြီး ကိုယ်တို့ကိုဖွင့်ခိုင်းကြည့်။ အိမ်လေးက သေးသေးကျဉ်းကျဉ်း သန့်ရှင်းတယ်။ ခုတင်က နှစ်ယောက်အိပ်မွေ့ယာ ကိုယ်က ဧည့်ခန်းက ဆိုဖာပေါ်မှာ အိပ်ရင်ရပါတယ်။ အိုး ... အဲ့ဒီလို ဘယ်ဖြစ်ပါ့မလဲဆိုပြီး လင်ဒါက ဟိုတယ်ပိုင်ရှင်ကို ဖုန်းခေါ်ပြီးမေးကြည့်တော့ ဆိုဖာအောက်ကနေ ထုတ်လိုက်ရင် တယောက်အိတ်ကုတင်လေး ဖြစ်လာပါတယ်။ ကိုယ်တို့အားလုံး အဆင်ပြေချောမွေ့တယ်ဆိုတာ သေချာမှ လင်ဒါပြန်သွားတယ်။ မနက်ဖြန်မနက် ၉  နာရီခွဲ လာကြိုမယ် အဆင်သင့်ဖြစ်ရင် မတ်ဆေ့ပို့လိုက် ဆယ့်ငါးမိနစ်နဲ့ ရောက်လာမယ်။ တံခါးဖွင့်ထားလို့ ခြင်တွေဝင်လာတယ် ခြင်တွေက အကောင်ကြီးလိုက်တာ။ လာကိုက်တယ့်ခြင်တွေကို တဘမ်းဘမ်းနဲ့ ရိုက်ကြတယ်။ ဝိုင်းက ကိုယ်တို့ဟိုတယ်ဘွတ်တုန်းက ဟိုတယ်က မြို့ထဲမှာဆိုလို့ဘွတ်တာ စာရွက်မှာလည်း မြို့ထဲမှာလို့ပြတယ်။ ဂူဂယ်မှာ ရှာကြည့်လိုက်တော့ ခု မြို့ထဲကနေ လေးမိုင်ဝေးတယ်လို့ မြေပုံမှာပြနေတယ်။ ကိုယ်တို့ဘွတ်ပြီးတယ့်အချိန်မှာ တယောက်ယောက်က မြေပုံလိပ်စာမှားနေတယ်လို့ ပြောလို့ပြင်လိုက်တာဖြစ်မယ်။ ည ၆ နာရီကနေ ၉  နာရီထိ တာကီတီနာရေကန်သုံးကန် သုံးမိုင်ဟိုက်ကင်း၊ နောက်နေ့မနက် ဟိုတယ်ကနေ တစ်မိုင်လမ်းလျှောက်ပြီး သွားခဲ့တဲ့ Fish Lake ၊ ၈ နာရီ ရထားစီးပြီး ဖဲဘန့်မြို့မသွားခင် တာကီတီနာမြို့ထဲ ထပ်သွားလည်တယ့် အကြောင်းတွေကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
သြဂုတ် ၁၉ ၊ ၂၀၁၈။
Wildflower Cafe မှာ စားခဲ့တဲ့ နေ့လည်စာ
မြောက်အမေရိကားမှာ အမြင့်ဆုံးတောင် ဒန်နာလီကို မတက်ခင် တာကီတီနာရိမ်းဂျားစတေးရှင်မှာ မှတ်ပုံတင်ရတယ်
ပြီးမှ ဘေ့စ်ကမ့်ကို လေယာဉ်နဲ့သွားပြီး ၂ ပတ်ကနေ ၃ ပတ် တက်ရတယ် ၂၀ ရာခိုင်နှုန်းပဲ အောင်မြင်ပါတယ်
ဒန်နာလီဆိုတာ အတာဘက်စကန်ဘာသာစကားနဲ့ အမြင့်ဆုံးလို့ အဓိပ္ဗာယ်ရပါတယ်
အရင်တုန်းက မက်ကင်လေတောင်လို့ ခေါ်ပါတယ်
ညစာဝယ်ခဲ့တဲ့ဆိုင် အင်မတန်စားကောင်းတယ်
အလာစကာကပန်းတွေ အရောင်အသွေးတောက်တောက်နဲ့ အင်မတန်လှတယ်
ကိုယ်တွေ့ဖူးသမျှ လမ်းဘေးပန်းတွေထဲမှာ အလှဆုံးပဲ ရာသီဥတု၊ သဘာဝပန်းကျင်ကြောင့် ဖြစ်မယ်ထင်တယ်
3 comments:
Anonymous said...
hsumyat
Anonymous said...
ချစ်သော မမအိုင်အိုရာ
San San Htun said...
Anonymous said...
အိမ်လေးတွေချစ်စရာလေးရယ် တနေ့ရောက်အောက်သွားလည်ဦးမယ်..။ မျှော်နေတယ်နော် အမစန်းထွန်း
hsumyat
August 19, 2018 at 10:43 PM
Anonymous said...
အားကျလိုက်တာ စန်းထွန်းလေးရေ။
ခရီးဝေးမသွားရတာကြာလှပြီ။
စန်းထွန်း စာလေးတွေဖတ်ရတာ ကိုယ်တိုင်သွားနေရသလို စိတ်လှုပ်ရှားမိပါတယ်ကွယ်။
ချစ်သော မမအိုင်အိုရာ
August 28, 2018 at 2:03 PM