ကုမ္ဗဏီကပိုကြီး လစာလည်းပိုကောင်း အခွင့်အရေးများ အစိုးရအလုပ်။ ပြီးတော့ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေရှိတဲ့ရုံး။ ပုံမှန်ဆို ဘက်ဂရောင်းချက်စစ်တာ တပတ်ပဲကြာပေမဲ့ ကိုယ့်မှာတော့ တလနီးပါးကြာတယ်။ တလနို့တစ်ကို ဇွန်လဆန်း အီကွေဒေါခရီးက ပြန်လာမှပဲ နို့တစ်ပေးမယ်လို့ စီစဉ်ထားတာ အီကွေဒေါမသွားဖြစ်ဘဲ မောင်မောင်ဆုံးလို့ ရန်ကုန်ကို ချက်ချင်းပြန်လာခဲ့ရတယ်။ ရန်ကုန်မှာနှစ်ပတ်နေပြီး နယူးယောက်ပြန်ရောက်တာနဲ့ တလနို့တစ်ပေးတယ်။ နာရေးကိစ္စအတွက် ခွင့်နှစ်ပတ်ကို လစာမဲ့ခွင့်လို့ထင်ထားတာ နာရေးခွင့်၊ အားလပ်ရက်ခွင့်၊ ဆေးခွင့်တွေနဲ့ အဲဒီနှစ်ပတ်ကို လစာရအောင် ဟယ်လင်က လုပ်ပေးထားတယ်။ my favorite boss ဂျင်၊ ဂျယ်ရီ၊ ကိတ်၊ လီရာ၊ တော့တင်ဟမ်စပါး အမာခံပရိသတ် ပတ်ထရစ်ရှာတို့နဲ ခွဲခွာရမှာကိုတော့ စိတ်မကောင်းဘူး။ တွေ့ဆုံကြံကြုံကွဲ လူ့ဘဝကြီးမှာ ဆုံတွေ့ရခြင်းဟာ ခွဲခွာရဖို့ပါပဲ။ ပီအေရုံးမှာ ပထမဆုံးရုံးတက်တဲ့နေ့ တရုတ်ကုမ္ဗဏီရုံးဟောင်းက ယန်း၊ မစ်ရှဲ၊ ခဲတန်၊ ဘိုဖူတို့နဲ့ ကြိုဆိုပွဲနေ့လည်စာ စားကြတယ်။ ဘိုဖူနဲ့ကိုယ်က တရုံးတည်း မကြာခဏဆုံတယ်။ အလုပ်ဝင်ပြီး တပတ်အကြာ အောက်ထပ်လေးလွှာ ရုံးအဟောင်းကလူတွေကို သွားတွေ့တယ်။ အိုင်ဒီကဒ်က လေးလွှာတံခါးဖွင့်မရလို့ လူတယောက်ထွက်လာတာနဲ့ အသာလေးလစ်ဝင်လိုက်တယ်။ ပထမဆုံးတွေ့တဲ့သူက မတ်တပ်ရပ်ပြီး စကားပြောနေတဲ့ဂျမား။ အရင်အတိုင်း မပြောင်းမလဲ ဆံပင်ဖြူဖြူ အသားညိုညို အရပ်ရှည်ရှည် မျက်နှာဝိုင်းဝိုင်း ခပ်ဖိုင့်ဖိုင့်။ လှမ်းမခေါ်ဘဲ အသာလေးရပ်ကြည့်နေတာ ခဏနေတော့ ကိုယ့်ကိုလှည့်ကြည့်တယ်။ အံ့အားသင့်သွားပြီး စကားပြောတာရပ်ကာ ကိုယ့်ဆီလာပြီး ပွေ့ဖက်နှုတ်ဆက်တယ်။ မတွေ့တာကြာပြီ မိုင်ဒီရား ... သတိရတယ် ပိုလာလှတယ်။ ကိုယ့်ကို မိုင်ဒီယားလို့ ခေါ်တဲ့နှစ်ယောက်က ဝိုင်းနဲ့ဂျမား။ အပေါ်ထပ်မှာ အလုပ်ရတဲ့အကြောင်းပြောတော့ နေ့လည်ထမင်းလာစားပါလား အမြဲတမ်းကြိုနေတယ်နော် ဟိုတုန်းကလိုပေါ့။ ဂျမားကိုတွေ့ရတော့ ဝမ်းသာမျက်ရည်ဝဲမိတယ်။ ဂျမားက ကိုယ်အလုပ်လုပ်ခဲ့တဲ့ အဖွဲ့ထဲကမဟုတ်ဘူး။ နေ့လည်စာစားဆောင်မှာ ခင်ကြတာ။ မိသားစုနာမည်၊ အီးမေးလ် မသိဘူး။ ရုရှကြီးရှုဒီ၊ ကိုယ့်ကိုထောက်ခံချက်ပေးတဲ့ လင်းမင်၊ မန်နေဂျာဟောင်းဟိုဂမ်လင်း၊ မစ်ရှဲ၊ ခဲတန်၊ ယမ်း၊ ဖိလစ်ပိုင်ကြီးနေသန်။ ရူဒီက မြန်မာတယောက်ရှိတယ်လို့ ပြောတယ်။ လင်းမင်၊ ဟိုဂမ်တို့က ပွေ့ဖက်နှုတ်ဆက်တယ်။ ဟိုဂမ်က ပိုကျန်းမာလာတဲ့ပုံပဲတဲ့။ သွားမနှုတ်ဆက်ရဘဲ ကိုယ့်အသံကြားလို့ အပြေးကလေး ရောက်လာသူက ထိုင်ဝမ်ကြီးဝမ်ချန်။
သြဂုတ် ၂၅ နယူးဂျာဆီဘုန်းကြီးကျောင်း နိဗ္ဗာန်ဈေးပွဲတော်မှာ မခိုင် ရိုက်ပေးတဲ့ဓာတ်ပုံ |
ကိုယ့်ကိုသူတို့သုံးနေတဲ့ ဆော့ဝဲအကြောင်း ရှင်းပြပေးသူ။ ကိုယ့်အင်္ဂလိပ်စာမှားနေရင် အပြေးကလေးလာပြီး အမှန်ပြန်ပေးသူ။ ကိုယ်နဲ့နေ့လည်ထမင်းစားဆောင်မှာ ထမင်းအတူစားလေ့ရှိသူ။ ပီအေရုံးမှာ ကိုယ့်နောက်ဆုံးနေ့ဆိုတာ မသိတဲ့ဂျမားကို ညနေငါးနာရီ အမျိုးသားအိမ်သာမှာတွေ့တဲ့အခါ ပြောပြပြီး ဂျမားကိုကိုယ့်ဆီခေါ်ယူ နှုတ်ဆက်စေခဲ့တဲ့သူ။ ဝမ်ချန်ဟာ အင်မတန်ချစ်ဖို့ကောင်းတယ်။ ကွန်ထရပ်တာ မြန်မာအစ်ကိုကြီးတယောက်နဲ့ မိတ်ဆက်ပေးတယ်။ သူက အိန္ဒိယမြန်မာ သြစတေးလျမှာကြီးတာ။ မြန်မာနာမည် မြန်မာစကားပြောတာကလွဲရင် မြန်မာပုံလုံးဝ မပေါက်ဘူး။ နေသန်က သူ့ background experience က very impressive တဲ့။ စန်းစန်း ... အဲ့ဒီမြန်မာက လူပျိုလူလွတ်ကွ...မင်းလည်း လူလွတ်မဟုတ်လား။ ဟမ်...နေသန်...ဘာတွေပြောနေတာလဲ... သြော် ... လူလွတ်မြန်မာကောင်မလေးသိရင် ပြောပါဟ စပ်ပေးမလို့။ အမလေးနော် .... တကထဲမှပဲ မြားနတ်မောင်နဲ့ လာတွေ့နေတယ်။ ယန်းနဲ့ကိုယ် နှစ်ယောက်သား မပြုံးဘဲဝါးလုံးကွဲ ရယ်လိုက်ကြတာ။ ကိုရီးယားကြီးကင်နဲ့ လမ်းမှာတွေ့တော့ သူကမျက်မှောင်ကုတ်ပြီး စဉ်းစားနေတယ်။ ဒီငတိမလေးကို မြင်ဖူးပါတယ် ဘယ်မှာမြင်ဖူးမှာပါလိမ့်လို့ စဉ်းစားနေတာနေမှာ။ ကိုယ်က စတင်မိတ်ဆက်ပြီး ရုံးအဟောင်းကလူတွေအကြောင်း ပြောကြတယ်။ နေ့လည်ထမင်းစားပြီးရင် မန်ဟက်တန်စကိုင်းလိုင်း မြင်ရတဲ့ကမ်းနားဖက်ကို နာရီဝက်လမ်းလျှောက်ထွက်တယ်။ ဓာတ်လှေကားမှာ ယန်းနဲ့ဆုံတယ် ယန်းလျှာက်နေကြလမ်းအတိုင်း လျှောက်ကြတယ်။ ယန်းက ပိုကီမွန်၊ ကန်ဒီခရှက်ဂိမ်းတွေ ဆော့တယ်။ ကိုယ်က ဂိမ်းတခါမှ မဆော့ဖူးဘူး။ လော်ဘီမှာ ဂျမားနဲ့ဆုံတယ် တခြားတယောက်နဲ့ စကားပြောနေလို့ လှမ်းမနှုတ်ဆက်ဘဲသွားလို့ ဟေ့ စန်းစန်း မိုင်ဒီယား ကြည့်စမ်း ... မြင်ရက်နဲ့မနှုတ်ဆက်ဘူး ဘယ်လစ်ပြေးမလို့လဲ။ ဟမ် ... မဟုတ်ပါဘူး တခြားသူနဲ့ စကားပြောနေလို့ မနှုတ်ဆက်တာပါ။ နေ့လည်ထမင်းလာစားပါဦးကွ...ဟိုးတုန်းကလိုပေါ့...လာမယ် တနေ့နေ့။ တနေ့ အောက်ထပ်ဆင်းပြီး နေ့လည်ထမင်းစားသွားတာ ဂျမားမရှိဘူး။ မြန်မာအစ်ကိုကြီး၊ ဝမ်ချန်၊ လင်းမင်းတို့နဲ့ဆုံတယ်။ ဂျမားက ဂျော်ဒန် အလည်သွားတယ် လေဘာဒေးပိတ်ရက်ပြီးမှ ပြန်လာမယ်တဲ့။ နောက်ဆို အောက်ထပ်ဆင်းပြီး ဂျမားနဲ့ ထမင်းအတူသွားစားဦးမယ်။ ဂျမားဟာ ဗဟုသုတအင်မတန်ကြွယ်တဲ့သူ ဘယ်အကြောင်းအရာမဆို ပြောဆိုဆွေးနွေးနိုင်တယ်။ သူ့မှာ ပြောစရာမရှိဘူးဆိုတာ မရှိဘူး။ ပြောတာတွေကလည်း အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ ၁၉၇၉ နိုဝင်ဘာကနေ ၁၉၈၁ ဇန်နဝါရီအထိ အီရန်က အမေရိကန်သံရုံးကို ၄၄၄ ရက် ဝိုင်းထားတယ်။ အမေရိကန်တွေ အီရန်ကို ရွံကြောက်တာပေါ့။ ဂျမား လူဝီစီးယားနားကို ကျောင်းလာတက်တော့ သူ့ကို အီရန်ထင်ပြီး ကြောက်ကြတယ်တဲ့။ စန်းစန်း အဲ့ဒီတုန်းက မင်းမွေးတောင်မွေးဦးမယ် မထင်ဘူး အင်း.. မမွေးသေးဘူး။
အဲ့ဒီလို ကိုယ်မကြားဖူးတဲ့ အကြောင်းတွေမှ အများကြီး အများကြီး။ လော်ဘီထဲမှာဆုံတဲ့ အန်ကယ်ကြီးက ကိုယ့်ကိုအင်တန်းဆင်းတဲ့ ကျောင်းသူလားလို့မေးလို့ ပြုံးစိစိဖြစ်နေတယ်။ အလဲ့...တော်တော်နုတဲ့ ငါပါလား။ ကျောင်းတက်တုန်းက ကိုယ်နဲ့ရာမား ဝိုင်၊ ဘီယာဝယ်ရင် အိုင်ဒီတောင်းတယ် ၁၈ နှစ်အောက်ထင်လို့။ ဆူနမ်ဝယ်ရင် အိုင်ဒီမတောင်ဘူး အန်တီကြီးလို့ စကြတယ်။ နေ့လည်စာစားပြီးရင် လမ်းသွားလျှောက်တဲ့ ဆိပ်ကမ်းလေးကို သင်္ဘောကျတယ်။ မန်ဟက်တန်စကိုင်းလိုင်းကို မြင်ရတယ်။ လေပြေလေညှင်းလေးက ပွတ်သပ်ကျီဆယ်သွားတာကို သဘောကျတယ်။ လှိုင်းပုတ်သံ၊ သင်္ဘောသံ၊ ဇင်ယော်သံတွေ ကြားရတယ်။ ရေပြင်ကြီးနဲ့ ကောင်းကင်ပြာပြာကို မြင်ရတာ ငြိမ်းချမ်းတယ်။ သစ်ပင်စိမ်းစိမ်းလေးတွေ ရှိနေရင် သိပ်ကောင်းမှာ။ အဲဒီကိုသွားတိုင်း မောင်မောင့်ကို သတိရလို့ မျက်ရည်ကျတယ်။ ခုအလုပ်ထဲမှာ ကိုယ်နဲ့အတူတွဲလုပ်ရတဲ့သူက အသက် ၆၀ ရုရှအမျိုးသမီး ရေဘက်ကာ။ စတွေ့တာနဲ့ မပြုံးပြဘူး မကူညီဘူး။ ဟင်... လာပြန်ပြီ ဟယ်လင်။ စကားပြောတာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မပြောဘူး။ မန်နေဂျာကို ရေဘက်ကာက ခရီးကပြန်လာခါစ နေမကောင်းလို့နဲ့တူတယ် တမျိုးပဲလို့ ပြောလိုက်တယ်။ set up လုပ်ပေးဖို့ အကူအညီတောင်းတာ မကူညီဘူး။ ကိုယ်ဆို ဂျယ်ရီ၊ ကိတ် စဝင်တုန်းက ကိုယ်ကူညီလုပ်ကိုင်ပေးနိုင်တာ၊ ကိုယ်သိတာ အကုန်ပြောပြတယ်။ လူတိုင်း ကိုယ့်လို ကူညီပေးမယ် စိတ်ကောင်းရှိမယ် မထင်နဲ့လို့ ဝိုင်းပြောတာ အမှန်ပဲ။ ရေဘက်ကာ ရေးထားတဲ့ဟာကို ကိုယ်က testing လုပ်ရတယ်။ ကိုယ်မေးတဲ့အီးမေးလ်တွေကို အကြောင်းမပြန်လို့ မနေနိုင်တဲ့ မန်နေဂျာက ရေဘက်ကာ စန်းစန်းအီးမေးလ်တွေကို အကြောင်းပြန်ပါလို့ အီးမေးလ်ပို့တယ်။ ရေဘက်ကာ ရေးထားတဲ့ application အတွက် requirement document ရေးရမယ် စန်းစန်း ရေဘက်ကာနဲ့ပေါင်းပြီးရေးတဲ့။ .Net နဲ့ မရေးတတ်တဲ့ဟာကိုတဲ့။ စိတ်မရှည်နိုင်တော့တဲ့ မန်နေဂျာက ရေဘက်ကာ ဘာပရိုဂရမ်းမင်းနဲ့မှ ရေးခိုင်းတာမဟုတ်ဘူး အင်္ဂလိပ်လိုရေးခိုင်းတာ။ စန်းစန်း မင်း ရေးတတ်တယ်မလား ရေးတတ်တယ်။ ရေဘတ်ကာက အဲ့ဒါဆို သူ့ကိုဘာလို့ ဝင်ပါခိုင်းတာလဲ။ ရေဘက်ကာ မင်းကပရိုဂရမ်မာဆိုတော့ မင်းအသိဆုံး မင်းပဲ ရေးမယ်ဆိုရင်လည်းရတယ်။ ရေးမလားဆိုတော့လည်း ဘာမှမပြော စန်းစန်းကို ရေးခိုင်းရမလားဆိုတော့လည်း ဘာမှမပြော နှစ်ယောက်ပေါင်းရေးမလားဆိုတော့လည်း ဘာမှမပြော တော်တော်ပြောရဆိုရ လက်ပေါက်ကပ်တဲ့သူပဲ။ နောက်ဆုံးတော့ စန်းစန်း ပထမဆုံးအကြမ်းရေး ပြီးရင်ထပ်ထည့်မယ်။ စိတ်ကြည်တဲ့အချိန်ဆို ပြုံးပြတယ် ကိုယ့်မှာ ရေဘက်ကာ့အခြေအနေကိုကြည့်ပြီး နှုတ်ဆက်စကားပြောရတယ်။ ဟမ်မလေး ... ဟမ်လင်နောက်တယောက် လာပြန်ပြီ မန်နေဂျာမဟုတ်လို့ တော်သေးတယ်။ နေရာတိုင်းမှာ ဟမ်လင်တယောက်တော့ ရှိမှာပဲလေ။ ချော့တန်ချော့ ချဲတန်ချဲ နေတတ်ထိုင်တတ် ပေါင်းသင်းတတ်ဖို့လည်း လိုသေးတယ်။ ပီအေရုံးမှာ ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ်ကချစ်တဲ့သူတွေနဲ့ ဆုံတွေ့ရတာ ပျော်ရွှင်စရာပါပဲ။
စန်းထွန်း
စက်တင်ဘာ ၄၊ ၂၀၁၉ ။
ပီအေရုံးမှ မိတ်ဆွေများ - ၁
ပီအေရုံးမှ မိတ်ဆွေများ - ၂
မျက်လုံးလေးမှိတ်ပြီး နားစွင့်လိုက်တဲ့အခါ လေတိုးနေတာတွေ လှိုင်းပုတ်သံတွေ စင်ရော်ငှက်အော်သံတွေ ကြားရတယ် မန်ဟက်တန်စကိုင်းလိုင်းကို မြင်ရတဲ့ ကိုယ်တို့ရုံးနားက Pier |
လီယာနဲ့ကိတ်ပေးတဲ့ ပို့စကဒ်တွေ |
No comments:
Post a Comment