ကျူးဘားသွား တောလား - ၃

၂၀၁၉  မေ ၆ တနင်္လာနေ့ ဟိုတယ်ပိုင်ရှင် အန်တီကြီးက သဘောကောင်းတယ်။ ဒါပေမယ့် အင်္ဂလိပ်လို မပြောတတ်ဘူး။ စပိန်စကားနည်းနည်း ပြောတတ်တဲ့ ဝိုင်းပါလို့ နို့မို့မလွယ်ဘူး။ ရေဘူးကုန်နေလို့ ဟိုတယ်နားက စတိုးဆိုင်မှာ သွားဝယ်တာ ဆိုင်အဝင်မှာ လူတွေအုံနေလို့ တန်းစီနေတာလား မသိဘူးဆိုပြီး တန်းစီနေတာ။ နောက်မှ မဟုတ်ဘူး စောင့်နေတာတဲ့ ဆိုင်ထဲဝင်တော့ အိတ်တွေကို အိတ်ထားတဲ့နေရာမှာ ထားခိုင်တယ်။ ဆက်ဆံရေးမကောင်းလို့ ဆူနမ်ကိုပဲ ဝင်ခိုင်းလိုက်ပြီး ကိုယ်တို့နှစ်ယောက်က အပြင်မှာစောင့်နေလိုက်တယ်။ စတိုးဆိုင်ကလည်း ခြောက်တီးခြောက်ချက် ဘာမှမရှိဘူး။ မနက်စောစော မဖွင့်ဘူး ည ၆ နာရီမထိုးခင်ကတည်းက ပိတ်နေပြီ။ ဒီနေ့ ကားဆရာက သူ့အင်္ဂလိပ်စကား မကောင်းဘူး ဝိုင်းက စပိန်စကားနည်းနည်း ပြောတတ်တယ် ဆိုတာနဲ့ စပိန်လိုပဲ ပြောတော့တာပဲ။ ဈေးကြီးတဲ့ အင်္ဂလိပ်တိုးဂိုက်ကို ငှားပါတယ်ဆိုနေမှ စပိန်တိုးဂိုက်ပဲ ဖြစ်နေတယ်။ မိကျောင်းခြံကို ၂ နာရီလောက် မောင်းရတယ်။ ကြာကန်ကြီးကိုဖြတ်၊ အုန်းပင်ပေါ် တက်ထိုင်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ပါးစပ်ကြိုးတုပ်ထားတဲ့ မိကျောင်းသေးသေးလေးကို ကိုင်ပြီးဓာတ်ပုံရိုက်လို့ရတယ်။ သုံးနှစ်သားဆိုပေမဲ့ သွားတွေက လူကိုအန္တရာယ် ပေးနိုင်တယ်တဲ့။ ဝိုင်းက ဘာသာပြန်ပေးတယ် ပြင်သစ်တိုးရစ်တွေ အများကြီး။ မိကျောင်းတကောင် ပေါက်ဖွားလာပုံ အဆင့်ဆင့်ကို ပြထားတယ်။ မိကျောင်းအကြီးကြီးတကောင်ကို လူတယောက်က ဓာတ်ပုံအသေအချာ ရိုက်နေတယ်။ အဲ့ဒီမိကျောင်းက မော်ဒယ်ပို့စ်ပေးနေတဲ့အတိုင်း သေချာကြည့်ပြီး ဓာတ်ပုံအရိုက်ခံနေလို့ မော်ဒယ်ဂဲလ်မိကျောင်းဟ။ မိကျောင်းအရိုးနဲ့ လုပ်ထားတဲ့ လက်ကောက်၊ ဆွဲကြိုးတွေကို ဝိုင်းက အမှတ်တရဝယ်တယ်။ ဝိုင်းက အရောင်တောက်တောက် ကြီးကြီးမားမား လည်ဆွဲတွေကြိုက်တယ်။ သူ့မျက်နှာကကြီးလို့ လည်ဆွဲကြီးကြီးမှ ပေါ်လွင်တယ်တဲ့။ ကိုယ်က သေးသေးလေးတွေ သဘောကျတယ်။ ကိုစရာရီကာက ဝယ်လာတဲ့ အာဂျင်တီနားဆွဲကြိုး၊ အလာစကာကဝယ်လာတဲ့ လက်ကောက်ကွင်းတွေကို ကြိုက်လို့အမြဲဝတ်တယ်။ ကျူးဘားရဲ့ အိမ်သာတွေထဲမှာ တစ်ရှူးမရှိတတ်လို့ တစ်ရှူးဆောင်ရတယ်။ ဗီဇာကဒ်သုံးလို့မရလို့ ငွေသားဆောင်ရတယ်၊ တကိုယ်ရေသုံးပစ္စည်းတွေ ရှားပါးလို့ လုံလုံလောက်လောက် သယ်ရတယ်။ လက်တင်အမေရိကရဲ့ အိမ်သာအများစုဟာ စုပ်ယူအားစနစ်မကောင်းလို့ စက္ကူတွေမထည့်ရဘူး။ ဝိုင်းကမေ့ပြီး ထည့်လိုက်တာ စက္ကူကဆင်းမသွားလို့ ဒီအတိုင်းထားခဲ့ရတာ စိတ်စနိုးစနောင့်ဖြစ်နေလို့ တုတ်တချောင်းကောက်သွားပြီး သွားရှင်းတယ်။ ဝိုင်းက အဲ့ဒီလိုသူ့ကြောင့် သူများစိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။

စိန်ပန်းပင်နီနီရဲရဲတွေ သိပ်လှတယ်။ မြန်မာပြည်ရဲ့နွေရာသီမှာ စိန်ပန်းနီနီရဲရဲတွေ၊ ငုဝါပန်းဝါဝါတွေ ပွင့်တယ်လို့ပြောတော့ ဝိုင်းက ဗီယက်နမ်မှာလည်း အဲ့ဒီအတိုင်းပဲတဲ့။ နီပေါနိုင်ငံသူဆူနမ်က စိန်ပန်းငုဝါပန်းတွေ မမြင်ဖူးဘူး။ ကားမောင်းပြီး ခဏနေတော့ ဝိုင်းက ဘယ်ကိုသွားမှာလဲလို့မေးတော့ ကမ်းခြေတဲ့။ ကမ်းခြေသွားမှာမဟုတ်ဘူး အင်ဒီယန်းကျေးရွာကို သွားမှာလို့ပြောတော့ အင်ဒီယန်းကျေးရွာက မိချောင်းခြံဘေးမှာတဲ့။ လက်မှတ်ဝယ်ပြီး စက်လှေကိုစောင့် ခဏနေတော့ စက်လှေလာတယ်။ မြစ်ချောင်းတလျှောက် စိမ်းလန်းနေပြီး သာယာတယ်။ ကိုယ်က အင်းအိုင်လား၊ မြစ်ချောင်းလား သိချင်တယ်။ ဂူဂယ်မတ်မရတော့ ဘယ်ရောက်နေမှန်း၊ ဘာမှန်းမသိဘူး။ တနာရီအချိန်ပေးတယ် အင်ဒီယန်းရိုးရာအိမ်လေးတွေ တွေ့ရတယ်။ အိမ်တခုထဲဝင်လိုက်တော့ လူရိုင်းပုံဝတ်ဆင်ထားတဲ့ မိန်းကလေး၊ ယောကျာ်းလေးတွေက သစ်ရွက်တွေနဲ့ပုတ်ပြီး ကြိုဆိုတယ်။ မျက်နှာပေါ်ပြာနဲ့ ဆေးခြယ်ပေးတယ်။ ပြီးတော့ ပိုက်ဆံတောင်းတယ် ဝိုင်းက ပိုက်ဆံတကျပ်ပေးလိုက် ဆူနမ်က သုံးကျပ်ပေးလိုက်တဲ့။ သုံးကျပ်ပေးလိုက်တော့ ဝိုင်းကသိပ်မကြိ က်ဘူး အလုပ်မလုပ်ဘဲ အဲ့ဒီလိုတိုးရစ်တွေဆီက အလွယ်တကူ တောင်းစားတဲ့အလုပ်မို့လို့ မပေးချင်တာတဲ့။ သူ အင်ဒိုနီးရှားကိုသွားတုန်းက အင်ဒိုနီးရှားလေဒီပြောတဲ့ စကားကြောင့် တစ်ပေးတဲ့သူ့အမြင် ပြောင်းသွားတယ်။ နေ့လည်စာစားပြီးလို့ တစ်ပေးတဲ့အခါ ဒီလိုနိုင်ငံခြားသားကြောင့် ဝန်ထမ်းတွေက ဒေသခံတွေကို ဝန်ဆောင်မှုမပေးချင်ဘူး။ တစ်ပေးတဲ့နိုင်ငံခြားသားကိုပဲ ဝန်ဆောင်မှုပေးချင်တယ်။ အမှန်က တစ်ပေးပေးမပေးပေး လူတိုင်းကို ဝန်ဆောင်မှုအကောင်းဆုံး ပေးရမှာ။ အမေရိကန်မှာတော့ စားသောက်ကုန်လုပ်ငန်းဝန်ထမ်းတွေဟာ အခြေခံလစာနည်းတော့ တစ်ကိုပဲမျှော်ကိုးကြတယ်။ အစားအသောက်ရွေး fast food ကြိုက်တဲ့ဆူနမ်၊ fast food မစား ကျန်းမာရေးနဲ့ ညီညွှတ်တာစား အားမနားတတ်တဲ့ဝိုင်း၊ ဒီနှစ်ယောက်ကြားထဲမှာ သူများနဲ့လိုက်လျောညီထွေ နေတတ်တဲ့ကိုယ်က ဘာလာလာအိုကေ။ ကိုယ်က ဘာမဆိုအကုန်စားနိုင်၊ အကုန်ကြိုက်တဲ့ ကောင်းတဲ့ညဉ်ကလေးကို အမေ့ဆီက ရထားတယ်။ Playa Larga ကမ်းခြေဟာ အင်မတန်လှတယ်။ စိမ်းပြာနေတဲ့ရေပြင်၊ ပင်လယ်နံ့၊ လှိုင်းပုတ်သံ၊ ကျောက်ဆောင်တွေရှိတဲ့သဲသောင်။ အိုး ... ဟိုင်းကြီးနဲ့ သိပ်တူတာပဲ။ ဆူနမ်က ပင်လယ်နံ့ကို ခေါင်းမူးတယ်တဲ့။ ကိုယ်က ရွှံ့ဗွက်၊ ကျောက်ဆောင်တွေပေါ်မှာ မယိုင်မလဲ ခပ်မြန်မြန် လျှောက်နိုင်တယ် ဟိုင်းကြီးကျွှန်းသူကိုး။

မိချောင်းခြံ
ကြာကန်
ကြာပန်းလေးတွေ သဘောကျတယ်...အိုးအကြီးကြီးနဲ့ ကြာပန်းစိုက်ချင်တယ်...
တို့များငယ်ငယ်တုန်းက အုန်းပင်ပေါ်တက်ပြီး ခုန်နေတော့တာ...
သုံးနှစ်သား သေးသေးလေးပေမဲ့ အထင်မသေးနဲ့...ပါးစပ်ကြိုးတုပ်ထားရတယ် ကိုက်မှာစိုးလို့....

ဝိုင်းနဲ့ကိုယ်က ယောဂပို့စ်တွေ လုပ်ကြတယ်။ ဝိုင်းက သူသိတဲ့ ခက်တဲ့ယောဂပို့စ်တွေ လုပ်ပြတယ်။ ကိုယ် တနေ့ကို ဆယ်မိနစ်အကြောလျှော့ ယောဂလေ့ကျင့်ခန်းလုပ်တယ်၊ တနေ့တနာရီ လမ်းလျှောက်တယ်။ အရင်တုန်းက အပြေးလေ့ကျင့်ပေမဲ့ ခုတော့ မလေ့ကျင့်နိုင်သေးဘူး။ ဝိုင်းက အားရင် ပိတ်ရက်တွေဆို အားကစားရုံသွားတယ်။ ဇွမ်းဘား၊ အက၊ ယောဂသင်တန်းတွေ တက်တယ်။ သူတက်ချင်တာက သံတိုင်ကို ဖက်တွယ်ပြီးကတဲ့ အားကစားလုပ်ချင်တာတဲ့။ ဆူနမ့်အိမ်မှာတုန်းက ကိုယ်တို့နှစ်ယောက် prunk လက်နှစ်ဖက် ခြေနှစ်ဖက်ထောက်ပြီး တကိုယ်လုံးကိုထိန်းတဲ့ လေ့ကျင့်ခန်းလုပ်တာ ပြိ ုင်ကြတယ်။ ဆူနမ်က ကိုယ့်ခန္ဓာကိုယ်အနေအထားက ပိုမှန်တယ်တဲ့။ ဆူနမ့်မှာ လှေလှော်တဲ့စက်၊ စက်ဘီးစက်၊ ဝိတ်ပြားကလေးတွေ၊ စက်ဘီးရှိတယ်။ မြေအောက်ထပ်က အားကစားရုံအငယ်စားလေးပဲ။ သူ့အိမ်ပတ်လည်မှာ ဟိုက်ကင်းထွက်ဖို့၊ စက်ဘီးစီးဖို့ နေရာတွေမှ အများကြီး။ ကိုယ်တွေဆိုရင် အဲ့ဒီလိုသာယာအေးချမ်း စိမ်းလန်းတဲ့နေရာကို နေ့တိုင်းသွားနေတော့မှာ။ သစ်ပင်အောက်မှာ အေးအေးဆေးဆေး ထိုင်နားကြတယ်။ အဲဒီလို လေတဟူးဟူးတိုက်တဲ့နေရာဆိုရင် လဲလျောင်းပြီးစာဖတ် မျက်စိညောင်းရင် အိပ်ချင်နေမိတော့တာပဲ။ အတော်လေးကြာတော့ တခြားဖက်ခြမ်းကို လမ်းလျှောက်ကြတယ်။ အဲ့ဒီဖက်ခြမ်းက သဲသောင်တွေနဲ့ လမ်းလျှောက်လို့ ပိုကောင်းတယ်။ မနေ့ကစားတဲ့ ဟိုတယ်နားက စားသောက်ဆိုင်မှာပဲ ညနေစာသွားစားတယ်။ မီးပျက်နေလို့ ညနေစာမရသေးဘူးတဲ့။ ကမ်းခြေက ထိုင်ခုံလေးတွေမှာထိုင်ပြီး စောင့်နေတာ မီးလာလို့ ဟေးခနဲအော်ကြတယ်။ သြော် ... မြန်မာပြည်အတိုင်းပါလား မီးလာရင် ပျော်ရတယ်။ ကိုယ်တို့ဝိုင်းမှာ သီချင်းလာဆိုပြီး တစ်ဖ်မပေးလို့ မျက်နှာထိမျက်နှာထားပြတယ်။ ကိုယ်တို့ကို ဆိုရမလားလို့လည်းမမေး အတင်းဆိုအတင်းတောင်းတာကို မကြိုက်လို့ကို မပေးတာတဲ့။ ဆူနမ်က ပေးချင်ပေမဲ့ ဝိုင်းက မပေးချင်ဘူး ဝိုင်းက မလုပ်သင့်ဘူးထင်ရင် ပြတ်ပြတ်သားသားပြောတယ်။ သူတို့ဆိုသွားတဲ့သီချင်းက ကျူးဘားရဲ့ နာမည်ကျော် Guantanamera ကွမ်တာနာမယ်ရာသီချင်း။ ဒီသီချင်းကို ခဏခဏကြားဖူးပေမဲ့ ဘာအဓိပ္ဗာယ်မှန်း မသိဘူး။ နယူးယောက်ရောက်မှ ပြန်ရှာကြည့်ဦးမယ်။ နာမည်အကြီးဆုံး ကျူးဘားသီချင်း ကျူးဘားကဗျာဆရာ ဟိုဆေးမာတီရဲ့ ကဗျာ။ ကွမ်တာနာမိုဒေသရဲ့ မိန်းကလေးတယောက်အကြောင်း ရေးဖွဲ့ထားတာ။ ၁၉၆၃ ကာနေဂျီဟောမှာ အမေရိကန်အဆိုအဖွဲ့ The Sandpipers ဆိုရာက အင်တာနေရှင်နယ်မှာ ဟစ်ဖြစ်ခဲ့တဲ့သီချင်းပါတဲ့။ ကျူးဘားက ပြန်လာတော့မှ တယောသင်တန်းဘေးက ကျူးဘားစားသောက်ဆိုင်နာမည်က ကွမ်တာနာမယ်ရာမှန်း သတိထားမိတယ်။ နောက်နေ့ ဟာဗားနားအရှေ့ဖက်ကမ်းခြေ၊ ညနေစောင်းမှာ ဟာဗားနားမြိ ု့စီးတီးတိုးအကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ ဒီပို့စ်တင်တဲ့အချိန်ဆိုရင် သုံးရက်ခရီးထွက်ဖို့အတွက် ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ကို ရောက်နေပါပြီ။ ကော်လိုရာဒိုသွား တောလားပို့စ်တွေ နောက်မှပဲတင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၁၄၊ ၂၀၁၉ ။

စိန်ပန်းနီနီရဲရဲ
ကောင်းကင်ပြာနဲ့ စိန်ပန်းနီနီရဲရဲ ...အိုင်ဖုန်း  Portrait နဲ့ရိုက်တာ...
အင်ဒီယန်းကျေးရွာ...

No comments: