၂၀၁၉ မေ ၅ တနင်္ဂနွေနေ့ သွားရောက်လည်ပတ်မဲ့ နေရာကတော့ Havana ဟာဗားနားမြို့ အနောက်ဖက် ၁၈၄ ကီလိုမီတာအဝေး ၂ နာရီခွဲလောက် မောင်းရတဲ့ Viñales Valley ဗင်နာလပ်တောင်ကြားလွင်ပြင်ပါ။ တိုးဂိုက်နဲ့ မနက် ၇ နာရီခွဲဆုံဖို့ချိန်းထားတော့ ၁၀ မိနစ်အလိုမှာ ဝိုင်းက လမ်းမပေါ်ဆင်းပြီး တိုးဂိုက်ကို စောင့်ချင်နေပြီ။ ဆူနမ်က နေဦး အိမ်သာဝင်လိုက်ဦးမယ်ဆိုလို့ စောင့်ရသေးတယ်။ ဆူနမ်ဟာ ရောက်ရာအရပ်မှာ အိမ်သာအရင်ပြေးတယ်။ အိပ်မပျော်ရင် အိမ်သာခဏခဏသွားတယ်။ ဘတ်စ်ကားထိုင်ခုံ နေရာကျယ်ဝန်းတာထက် အိမ်သာနေရာ ကျယ်ဝန်းတာက သူ့အတွက် အရေးကြီးတယ်။ ဆူနမ်နဲ့ရာမားက အပြင်သွားခါနီးရင် ဘာတွေလုပ် ဘာတွေရှာ ဘာတွေကြာမှန်းမသိ ကြာတတ်တယ်။ ၇ နာရီခွဲဆို ၈ နာရီပဲ။ ဝိုင်းနဲ့ကိုယ်က မြန်တယ် ကိစ္စရှင်းတယ် ၇ နာရီခွဲဆို မခွဲခင်ကတည်းက ရယ်ဒီ။ ကားဆရာရဲ့ အင်္ဂလိပ်စကား မဆိုးဘူး။ ဟာဗားနားဟာ ရန်ကုန်နဲ့တူတယ် ရန်ကုန်လောက် အမှိုက်မရှိဘူး။ အမေရိကန်သံရုံးဟောင်း၊ ဟာဗားနားမှာ အကြီးဆုံးသံရုံးဖြစ်တဲ့ ရုရှသံရုံးကိုပြတယ်။ သိပ်မကြာခင်ဘဲ ကားထိုးရပ်သွားတယ်။ ကားဆရာက အဖုံးဖွင့်ပြီး စမ်းကြည့် စက်နှိုးကြည့် နောက်ဆုံးလုံးဝနှိုးလို့မရတော့ သူ့သူငယ်ချင်းဆီ ဖုန်းဆက်တယ်။ မိနစ် ၂၀ ကြာတော့ သူ့သူငယ်ချင်းကား ရောက်လာတယ်။ သူကပဲ ဗင်နာလပ်ကို လိုက်ပို့ပေးမယ် ဒါပေမဲ့ အင်္ဂလိပ်စကား မပြောတတ်ဘူး။ စပိန်စကားသင်နေတဲ့ဝိုင်းက ဘာသာပြန်ပေးရတယ်။ လမ်းတလျှောက် မြင်ရတဲ့ရှုခင်းတွေက မြန်မာပြည်နဲ့တူတယ်။ အုန်းပင်စိမ်းစိမ်း၊ စိမ်းလန်းနေတဲ့စိုက်ခင်းတွေ။ ဟိုင်းဝေးလမ်းမကြီးမှာ ကားသိပ်မရှိဘူး။ တနာရီခွဲလောက်ကြာတော့ ကော်ဖီဆိုင်မှာ ခဏရပ်ပေးတယ်။ ဆူနမ်က အိမ်သာအရင်ပြေးတယ် ဝင်ကြေးပေးရတယ်။ ဗိုက်ဆာနေပေမဲ့ ဆန်းဒွတ်ကလည်း စားလို့ကောင်းမဲ့ပုံမပေါ်ဘူး။ ကိုယ်ယူလာတဲ့ အစေ့အနှံပဲ စားတော့တယ်။ အစာတောင်းနေတဲ့ လမ်းဘေးခွေးလေးတွေကို နှုတ်ဆက်တာ တကောင်က အကျီစားသန်ပြီး ခြေထောက်ကိုလိုက်ဆွဲနေလို့ ပတ်ပြေးရတယ်။ ခွေးကြောက်တတ်တဲ့ဝိုင်းက ခွေးမြင်တာနဲ့ ပြေးတော့တာပဲ။ ကားဆရာကို ဒီကားက ဘာအမျိုးအစားလဲလို့ မေးတော့ ၁၉၅၄ Chevy Bel Air ၆၄ နှစ်ရှိပြီတဲ့။ ဘုရားရေ ... ကားက အဖေ့ထက်တောင် အသက်ကြီးနေပါလား။ ခုထိကောင်းသေးတယ်တဲ့။
ပထမဆုံးသွားရောက်တဲ့နေရာက ဆေးရွက်ကြီးစိုက်ခင်း။ ကျူးဘားဆေးပြင်းလိပ်က ကမ္ဘာကျော်ပါတယ်။ တောင်ကြားလွင်ပြင်ရဲ့ မြေ၊ ရေကြောင့် ဗင်နာလပ်ဆေးပြင်းလိပ်က အကောင်းဆုံးလို့ ဆိုကြတယ်။ ပိုးသတ်ဆေး၊ မြေသြဇာမသုံးတဲ့ အော်ဂင်းနစ် တစ်နှစ်မှာတစ်ကြိမ်သာ စိုက်ပါတယ်။ ဆေးရွက်ကြီး ရိတ်သိမ်းပြီးတဲ့အခါ ပြောင်းဖူးစိုက်ပါတယ်။ ဆေးရွက်ကြီးတွေကို တွဲလျောင်းလေးတွေထား အခြောက်ခံပြီး အထက်အောက် ပြောင်းပေးပါမှ အခြောက်ညီပါတယ်။ အရွက်နုမှာ နာကိုးတင်းဓာတ်အများဆုံးပါပြီး အောက်ဆုံးအရွက်ရင့်မှာ အနည်းဆုံးပါပါတယ်။ အခြောက်ခံထားတဲ့ ဆေးရွက်ကြီးတွေဟာ ကျွှပ်ဆပ်နေလို့ ဆေးပြင်းလိပ် လိပ်လို့မရသေးပါဘူး။ ဆေးရွက်ကြီးခြောက်တွေကို အစီအရီထည့် ပြီးရင် အရွက်ခြောက်တွေနဲ့ပတ် ခြောက်သွေ့မသွားအောင် ဗနီကာဖြန်းပေးရတယ်။ အရိုးတွေဖြတ်ပြီး အရွက်တွေကို လိမ့်ကာလိမ့်ကာ ဆေးပြင်းလိပ် လိပ်ပါတယ်။ မြန်မာဆေးပေါ့လိပ်အထဲမှာ ပြောင်းဖူးအမှုန့်တွေ ထည့်ပေမဲ့ ကျူးဘားဆေးပြင်းလိပ်မှာတော့ ဆေးရွက်ကြီးသီးသန့်ပဲ ထည့်တယ်။ ယာခင်းထဲကထွက်တဲ့ ဆေးပြင်းလိပ် ၈၀ ရာခိုင်နှုန်းကို အစိုးရဆီကိုပဲ ရောင်းရတယ်။ ရောင်းချင်တဲ့ကုန်သည်ဆီကို ရောင်းလို့မရဘူး။ လယ်မြေကိုလည်း လယ်သမား မပိုင်ဘူး အစိုးရဆီက ငှားတာတဲ့။ လယ်မစိုက်ရင် လယ်မြေပေါ်မှာ နေခွင့်မရှိတော့ဘူး။ ဆူနမ်က အံ့အားတွေသင့်လို့ တခါမှမကြားဖူးလို့တဲ့။ ကိုယ်က ဆိုရှယ်လစ်၊ ကွန်မြူနစ်အကြောင်း ကြားဖူးတယ်။ ဆိုရှယ်လစ်ခေတ်တုန်းက သမဝါယမဆိုင်တွေမှာ တန်းစီရတယ် ခွဲတမ်းချပေးတယ်။ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဝိုင်းက နားလည်တယ်။ ဗီယက်နမ်က အရင်ကကွန်မြူနစ် အစိုးရပိုင်ချည်းပဲ။ ခုတော့ ဈေးကွက်စီးပွားရေးစနစ် ဈေးပိုပေးတဲ့ကုန်သည်ဆီ ရောင်းလို့ရတယ်။ ရှင်းပြပေးတဲ့ အထက်တန်းကျောင်းသားလေးရဲ့ အင်္ဂလိပ်စာ အတော်ကောင်းတယ်။ သူက နယူးယောက်က ဘိုရိုငါးခုဖြစ်တဲ့ ကွင်း၊ ဘရွှတ်ကလင်း၊ မန်ဟက်တန်၊ ဘရောင်း၊ စတေတန်အိုင်လန်ကို သိတယ် ကျောင်းမှာသင်ရတယ်တဲ့။ ဆေးပြင်းလိပ်ကို အားပေးချင်ပေမဲ့ ကိုယ်ကဆေးလိပ်နံ့မခံနိုင် ဆေးပြင်းလိပ်ပေးရမဲ့သူလည်း မရှိဘူး။ ပျားရည်ကို အားပေးချင်ပေမဲ့ ဟမ်းကမ်ရီထဲ သယ်ဖို့အဆင်မပြေဘူး။ မြင်းစီးမလား ဝိုင်းကစီးကြည့်ချင်တယ် ကြောက်လည်းကြောက်တယ်။
|
ဆေးရွက်ကြီးစိုက်ခင်း ခုတော့ ပြောင်းဖူးစိုက်ခင်း |
|
ဆေးရွှက်ကြီးတွေကို သဘာဝနည်းနဲ့ အခြောက်ခံတယ်...အခြောက်ညီအောင် အပေါ်အောက် လှည့်ပေးရတယ် |
|
အနုဆုံးအရွှက်မှာ နာကိုတင်းဓာတ် အများဆုံးပါပြီး အရင့်ဆုံးမှာ အနည်းဆုံး |
|
အရိုးတွေဖြတ်ပြီး လက်နဲ့လိပ်ကာလိပ်ကာ ဆေးပြင်းလိပ်လုပ်..အထဲမှာလည်း ဆေးရွှက်ကြီးပဲထည့်တယ်...
ကျူးဘားဆေးပြင်းလိပ်က ကမ္ဘာကျော်... |
|
ဈေးကွက်ထဲမှာ ရောင်းချဖို့အသင့်ဖြစ်နေတဲ့ ဆေးပြင်းလိပ် |
ဆူနမ်နဲ့ကိုယ်က ဂရိတ်စမုတ်ကီး အမျိုးသားဥယျာဉ်မှာ စီးဖူးတယ်။ မြင်းတွေက လေ့ကျင့်သင်ကြားပေးထားတာမို့ နားလည်တယ်။ ညာကွေ့ချင်ရင် ညာဖက်ဆွဲလိုက် ဘယ်ကွေ့ချင်ရင် ဘယ်ဖက်ဆွဲလိုက် ရပ်ချင်ရင် ဗိုက်ကိုကန်လိုက်။ အဲ့ဒီတုန်းက ကိုယ့်မြင်းက သွားနေကျလမ်းကြောင်းကနေ ခွဲထွက်ပြီး မြက်တွေစားနေလို့ ကိုယ့်မှာကြောက်လန့်ပြီး ဘာတွေလုပ်ရမှန်းမသိ။ တိုးဂိုက်ပေးတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်တော့မှ အဆင်ပြေသွားတယ်။ အံမယ် ... ကိုယ်နောက်က ရာမားမြင်းက ကိုယ့်မြင်းအကြောင်း သိလို့နဲ့တူတယ်။ နောက်ကနေ ခပ်ခွာခွာနေတယ် ကျော်တက်မသွားဘူး။ တောတောင်တွေထဲ မြင်းစီးရတာ အတွေ့အကြုံအသစ်တမျိုး။ တနာရီလောက်ပဲစီးတာ နောက်နေ့ကျတော့ ပေါင်ကွနေတယ်။ ဗင်နာလပ်လွင်ပြင်တပတ် တနာရီလောက် မြင်းစီးရမယ် တိုးဂိုက်က အစပိုင်းပဲလိုက်မှာ။ နောက်ပိုင်း ကိုယ့်ဘာသာ စီးရမယ်။ လွင်ပြင်မြေပြန့်ဆိုတော့ ဘာအခက်အခဲမှ မရှိလောက်ဘူး။ ခဏစမ်းစီးကြည့် အဆင်ပြေရင် တနာရီစီးမယ်။ မြင်းပေါ်တက်ဖို့ကို အတော်အဆင်မပြေဘူး မြင်းကလည်း အမြင့်ကြီး။ ဒုန်းစိုင်းပြေးသွားတဲ့ မြင်းကိုလည်းတွေ့ရော ဝိုင်းက မစီးတော့ဘူးတဲ့။ ဂရိတ်စမုတ်ကီမှာစီးတုန်းက လှေကားထစ်လေးနဲ့တက်တော့ ဒီလောက်မြင့်မှန်းမသိဘူး။ ဆေးပြင်းလိပ်ပြတဲ့ အထက်တန်းကျောင်းသားလေးကိုတော့ မြင်းပေါ်တက်ဖို့ ထိုင်ခုံ၊ လှေကားထစ်လေးတွေ လုပ်ပေးထားသင့်တယ်လို့ အကြံပေးခဲ့တယ်။ ဒုတိယသွားရောက်တဲ့နေရာကတော့ Cueva el Indio အင်ဒီယန်းလှိုဏ်ဂူထဲမှာ စက်လှေစီးတာ။ တိုးရစ်တွေများတယ် ရာသီဥတုက အတော်ပူတယ် အင်းဆက်တွေကိုက်လို့ ယားကျိကျိ။ လှိုဏ်ဂူထဲမှာ စက်လှေစီးတာ ၁၅ မိနစ်လောက်ပဲ။ မြန်မာပြည်က ကြံရည်ညှစ်စက်လိုမျိုးနဲ့ညှစ်တဲ့ ကြံရည်သောက်တယ်။ လက်တင်အမေရိကမှာ နာမည်ကျော်ဖျော်ရည်က piña colada ပျင်ညာ ကိုလာဒါ နာနတ်သီး၊ အုန်းသီးဖျော်ရည်။ ရမ်ထည့်မလားမေးနေလို့ မထည့်ဘူး ကိုယ်သောက်နေတဲ့ဆေးတွေကြောင့် ရမ်၊ အရက်၊ ဘီယာသောက်လို့မရဘူး။ ကိုယ်ကလည်း အရက်မကြိုက်ဘူး အဲ ... ဝိုင်တော့ ကြိုက်တယ်။ အမှတ်တရအရုပ်လေးတွေ ရောင်းတဲ့ဆိုင်တွေ လိုက်ကြည့်သေးတယ် ။ ကြိုက်တာတခုမှ မတွေ့ဘူး သွားရောက်လည်ပတ်တဲ့နေရာကနေ အမှတ်တရပစ္စည်း တခုတော့ မဖြစ်မနေဝယ်တယ် အမှတ်တရပေါ့။
ကျူးဘားစာက လက်တင်အမေရိကစတိုင် အဝါရောင်ဆန်၊ ကန်စွန်းဥ၊ မြောက်ဥ၊ ဆီမပါဖွယ်တယ်တယ်၊ ခြောက်တောက်တောက်။ စားလို့တော့ မဆိုးပါဘူး အကြိုက်ကြီးတော့ မဟုတ်ဘူး။ နောက်ဆုံးသွားရောက်တဲ့နေရာက Mural de la Prehistoria သမိုင်းမတင်ခင်ခေတ်က ကျောက်ဆောင်နံရံမှာ ရေးဆွဲထားတဲ့ ပန်းချီကား။ ဘယ်တုန်းက ဘယ်သူတွေ ဘယ်လိုအဓိအပ္ဗာယ်နဲ့ ရေးဆွဲထားတယ်ဆိုတာ မသိဘူး။ အဝေးကနေပဲ ဓာတ်ပုံရိုက်ခဲ့တယ်။ ဟိုတယ်နားက ဆိုင်မှာ ညနေစာသွားစားတယ် စားလို့အတော်ကောင်းတယ်။ ပင်ပန်းလို့နဲ့တူတယ် ညကျတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ ကိုယ်လက်မကိုက်ခဲ မနာကျင် ခြေလက်မယောင် နေလို့ကောင်း။ နယူးယောက်မှာနဲ့တခြားစီ ဝိုင်းကတောင် ပြောနေတယ် ချက်ခြင်းကြီးကို မယုံချင်စရာ ညာခဲ့လေသလားလို့တောင် ထင်ရတယ်တဲ့။ ကိုယ်လား ခရီးသွားနေရင် ကျန်းမာနေတယ် တလတခါ ခရီးထွက်ပေးရင် ဆရာဝန်သွားပြစရာမလိုဘူး။ နောက်နေ့မှာတော့ မိကျောင်းမွေးမြူရေးခြံ၊ အင်ဒီယန်းကျေးရွာ၊ Playa Larga ကမ်းခြေတို့ကို သွားရောက်လည်ပတ်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၁၁၊ ၂၀၁၉ ။
|
အင်ဒီယန်းလှိုဏ်ဂူထဲမှာ စက်လှေစီးကြတယ် |
|
ပင်ညှာကိုလာဒါ နာနတ်သီး အုန်းသီးဖျော်ရည် |
|
ကျူးဘား နေ့လည်စာ |
|
သမိုင်းမတင်မှီခေတ်က ပန်းချီ |
|
ဗင်နာလပ်တောင်ကြားလွင်ပြင် |
|
Three Musketters
(ပြင်သစ်စာရေးဆရာ အလက်စန္ဒားဒူးမားရဲ့ သူရဲကောင်းသုံးယောက် ဝထ္ထု) |
|
ဟာဗားနားဆီအပြန် သာယာလှပတဲ့ ဗင်နာလပ်တောင်ကြားလွင်ပြင် |
No comments:
Post a Comment