ကျူးဘားသွား တောလား - ၁

ဝိုင်းရဲ့အခန်းဖော်တရုတ်မ ကျူးဘားကို တပတ်သွားလည်ပြီးကတည်းက ကျူးဘားကို သွားလည်ချင်နေတာ။ တရုတ်ပြည်ကို ခရီးထွက်နေတဲ့ ဝိုင်းက WeChat ကနေ ဖုန်းလှမ်းခေါ်တယ်။ ပင်ပန်းလွန်းလို့ ပြန်ရောက်တာနဲ့ ကျူးဘားကို သွားလည်ရအောင်တဲ့။ အိုကေ .. သွားလည်ကြမယ် လေယာဉ်ခသက်သာတဲ့အချိန်ကိုရှာ ဘယ်နှစ်ရက်ခရီးထွက်မလဲလို့ ဆုံးဖြတ်ပြီး လေယာဉ်လတ်မှတ် ဝယ်လိုက်တယ်။ ဟိုတယ်ကို ဘွက်ကင်းဒေါ့ကွန်းဆိုဒ်ကနေ ဘွတ်လို့ရပေမဲ့ တိုးကျတော့ ဟိုတယ်ကနေတဆင့် ဘွတ်ရတယ်။ ၂၀၁၈ မတ်လ ကိုစကာရီကာ၊ ပနားမားခရီးကအပြန် ဆူနမ်နဲ့ကိုယ် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ရန်ဖြစ်ပြီးတော့ မခေါ် ကြတာ တစ်နှစ်ရှိပြီ။ ဆူနမ်က ကိုယ့်ကို ဖေ့ဘွတ်၊ ဘိုင်ဘာမှာ ဘလော့ထားပေမဲ့ ဝိုင်းနဲ့တော့ အဆက်အသွယ်မပြတ်ဘူး။ ဝိုင်းက မင်းတို့နှစ်ယောက်က ခင်ဖို့ကောင်းတယ်၊ ကူညီတတ်တယ်၊ ကြင်နာတတ်တယ်။ သူငယ်ချင်းနှစ်ယောက် မခေါ်မပြောဖြစ်နေတာ စိတ်မကောင်းဘူးဆိုပြီး ဆူနမ့်ကို စန်းစန်းက သူ့အမှားကိုသိနေပြီ ခွှင့်လွှတ်ပေးဖို့ပြောတယ်။ ဆူနမ်က တောင်းပန်တဲ့စာကို ဖေ့ဘွတ်၊ ဘိုင်ဘာကနေ မပို့နဲ့ ဘလော့ထားတယ် အီးမေးလ်နဲ့ပို့။ ဆူနမ်တို့ ကိုယ့်ကိုဘယ်လောက်ကူညီခဲ့လဲ၊ ကိုယ့်အပေါ်ဘယ်လောက်ကောင်းလဲဆိုတာ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေ သိကြပါတယ်။ ကိုယ့်အမှားကိုလည်း သိပါတယ် နောင်တရပါတယ် နောက်တခါ ဘယ်တော့မှ မဖြစ်စေရပါဘူး ခွှင့်လွှတ်ပါလို့ တောင်းပန်စာအရှည်ကြီးရေးပြီး အီးမေးလ်ပို့လိုက်တယ်။ ပထမဆုံးအကြိမ်မို့လို့ ခွှင့်လွှတ်လိုက်မယ် နောက်ကိုဘယ်သူ့ကိုမှ အဲ့ဒီလိုမပြောနဲ့တဲ့။ နောက်နှစ်ပတ်အကြာမှာ ကျူးဘားကို သွားလည်မလို့ လိုက်မလားမေးတော့ ဗီဇာကိစ္စအဆင်ပြေရင် လိုက်မယ်တဲ့။ တရုတ်၊ ဗီယက်နမ်ဆိုရင် ဗီဇာမလိုဘူး ကျန်တဲ့နိုင်ငံသားတွေဆိုရင် လေဆိပ်မှာ တိုးရစ်ကဒ်ဝယ်ရတယ်။ ဗီဇာကလွယ်တော့ ဆူနမ်က လိုက်မယ်တဲ့။ ဟိုတယ်က လူတယောက်ထပ်တိုးလည်း အဆင်ပြေတယ်။ ဟိုတယ်ကို ဆက်သွယ်ပြီး ကိုယ်တို့သွားချင်တဲ့နေရာ၊ သူတို့အကြံပေးတဲ့နေရာတွေကို ဆွေးနွေးကြတယ်။ ကိုယ်နဲ့ဝိုင်း ခရီးအစီအစဉ်ဆွဲတာမြန်တယ် လေယာဉ်ခသက်သာတဲ့အချိန်ရှာ၊ ဘယ်နှစ်ရက်ခရီးလို့ဆုံးဖြတ်။ ဈေးသက်သာတဲ့ မြို့လယ်ကောင်က ဟိုတယ်ရှာ၊ တိုးတွေရှာ။ ခရီးစဉ်အစအဆုံး အစီအစဉ်ဆွဲတာ အလွန်ဆုံးနှစ်နာရီလောက်ပဲ။ အလာစကာခရီးကတော့ နည်းနည်းကြာတယ် လေးနာရီလောက် အချိန်ပေးရတယ်။ ဆူနမ်က အသေးစိတ်သမား ခရီးတခုကို တလခွဲလောက် ရှာလို့မဆုံး စီစဉ်လို့ကို မဆုံးတော့ဘူး။

ည ၁၁ နာရီလောက်မှ တိုးဂိုက်နဲ့ တိုးတွေအကြောင်း ဆွေးနွေးကြတဲ့အခါ ကိုယ်ကနေသိပ်မကောင်း စောစောအိပ်ရလို့ ပါဝင်မဆွေးနွေးနိုင်ဘူး။ ဆူနမ်က တိုးခရီးစဉ် အသေးစိတ်မေးနေလို့ တိုးဂိုက်က စိတ်ဆိုးသွားတယ်။ သူတို့က အလုပ်လုပ်တာ ပရော်ဖက်ရှင်နယ်ဆန်တယ်၊ ဒီခရီးစဉ်ကို သူစီစဉ်ပေးဖို့ဆိုတာ မသေချာဘူးတဲ့။ မနက် ၁ နာရီအထိ ဆွေးနွေးလို့မပြီးလို့ ဝိုင်း အတော်စိတ်ညစ်သွားတယ်။ ဆူနမ်က တိုးဂိုက်ကို စကားမပြောချင်လို့ သူမေးချင်တာ၊ ပြောချင်တာတွေကို ကိုယ့်ဆီအီးမေးလ်ပို့။ ကိုယ်က အဲ့ဒါတွေကို ကော်ပီကူးပြီး တိုးဂိုက်ဆီပို့။ ဝိုင်းနဲ့ကိုယ် တိုးဂိုက်နဲ့ဆူနမ်ကြား ဗျာများရတယ်။ ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားမြို့ဆီကို တိုက်ရိုက်လေယာဉ်ရှိပေမဲ့ ဈေးကြီးတယ်။ နယူးယောက်ကနေ မီယာမီ၊ မီယာမီကနေ ဟာဗားနား လေယာဉ်က ဈေးသက်သာတယ်။ ဝါရှင်တန်ဒီစီကနေ ဟာဗားနားသွားတဲ့လေယာဉ်တွေက ဈေးကြီးအချိန်ကြာလို့ ဆူနမ်က နယူးယောက်ကိုပဲ လာတော့မယ်တဲ့။ ကျူးဘားမသွားခင်နေ့ ဗာဂျီးနီးယားကနေ ငါးနာရီ ဘတ်စ်ကားစီးလာတဲ့ ဆူနမ်ကို ည ၁၁ နာရီ ကိုယ်တို့နှစ်ယောက် သွားကြိုတယ်။ မေ ၄ ရက်နေ့ မနက် ဂျက်ဆင်ဟိုက်က ဆူနမ်အကြိုက်ဆုံး နီပေါဆိုင်မှာ သွားစားကြတယ်။ ဆူနမ်တို့ ဒဲလာဝဲယားပြည်နယ်က အက်စမီတာမန်ချေးအိမ်ကို လာလည်ရင် နှစ်နာရီကားမောင်းပြီး နယူးယောက်ကို လာလည်တယ်။ နယူးယောက်ကိုလာတာ တိုင်းစကွဲယား၊ လစ်ဘာတီကို လာလည်တာ မဟုတ်ဘူး။ ဂျက်ဆင်ဟိုက်ကိုပဲလာတာ တနေကုန်တဆိုင်ဝင်တဆိုင်ထွက် စားတယ်လို့ပြောတာကို ဝိုင်းကနောက်နေတယ်ထင်တာ။ နောက်တော့ တကယ်ဖြစ်နေတယ် ဆူနမ်က ဒီစီစားသောက်ဆိုင်မှာ နှစ်နာရီစောင့်ရဖူးတယ်တဲ့။ ဝိုင်းနဲ့ကိုယ် တခါပဲ ဒင်ဆမ်းဆိုင်မှာ တနာရီစောင့်ဖူးတယ်။ အစားအသောက်အတွက် နာရီဝက်လောက်တောင် အချိန်မပေးချင်ဘူး။ SouthWest ၊ JetBlue ၊ Delta ၊ American လေကြောင်းလိုင်းမှာတွေမှာ ကျူးဘားတိုးရစ်ကဒ်ကို ၅၀ကျပ်ပေးပြီး ဝယ်လို့ရတယ်။ အဲ့ဒီလေကြောင်းလိုင်းကို မစီးရင်တော့ အွန်လိုင်းကနေ ဝယ်လို့ရတယ်။ ၈၅ ကျပ်ပေးရတယ် Fedex နဲ့ အိမ်အရောက်ပို့ပေးတယ်။ တိုးရစ်ကဒ်ကို သတိထားပြီး ဖြည့်ရတယ် မှားသွားရင် အသစ်ထပ်ဝယ်ရ ပိုက်ဆံထပ်ကုန်မယ်။ မီယာမီကနေ ကျူးဘားကို မိုင်၁၀၀ကျော်ဝေးတယ် တနာရီစီးရတယ်။ ရာသီဥတုက စင်္ကာပူရာသီဥတုနဲ့တူတယ် စံတော်ချိန်က နယူးယောက်စံတော်ချိန်နဲ့အတူတူပဲ။

ဗီနာလပ်ကိုသွားဖို့ ရယ်ဒီ
ဟာဗားနားမြို့တော် မာလေကွမ်းလမ်းမ

ကျောပိုးအိတ်ပဲဆိုတော့မြန်တယ် အင်မီဂရေးရှင်းမှာ အက်စ်ပန်ညော်လို့မေးတော့ ခေါင်းခါပြလိုက်တယ်။ ဘားမားဆိုတော့ သိတယ် ဝဲကမ်းတူကျူးဘားတဲ့။ လေဆိပ်ကအစိုးရပိုင်ငွေလဲကောင်တာမှာ ယူရို ၂၀၀ လဲကြတယ်။ အမေရိကန်ဒေါ်လာဆိုရင် ၃ ရာခိုင်နှုန်းပိုပေးရတယ်။ နိုင်ငံခြားသားတွေက CUC Peso Convertable ငွေပဲ သုံးရတယ်။ 1 CUC ဟာ 1 USD နဲ့ ညီမျှတယ်။ ဒေသခံတွေကတော့ CUP Peso Cubano ငွေ သုံးကြတယ်။ လူအုပ်ကြားထဲမှာ ကိုယ့်နာမည်ရေးထားတဲ့ စာရွက်လေးကိုင်ထားတဲ့သူကို ရှာဖွေကြတော့ မတွေ့ဘူး။ ခဏနေမှတွေ့တယ် လေဆိပ်က မသားနားဘူး ကားပါကင်က မှောင်နေတယ်။ လမ်းတလျှောက် လမ်းမီးထိန်လင်းမနေဘူး တချို့နေရာတွေမှာ မီးပြတ်နေတယ်။ ဟင်... ရန်ကုန်ကတောင် သာသေးတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဆီ သွားလည်တုန်းက ကိုယ့်နိုင်ငံထက်သာတဲ့ နိုင်ငံချည်းပဲဆိုတော့ အတော်စိတ်ပျက်သွားဖူးတယ်။ ခုမှပဲ ကိုယ့်နိုင်ငံထက်ဆိုးတဲ့ နိုင်ငံတွေ့တော့ အားတက်မိသွားတယ်။ ဝိုင်းက ကျူးဘားထက် မြန်မာနိုင်ငံက သာတယ်ဆိုတာကို လက်မခံဘူး။ ကျူးဘားက အလယ်အလတ်ဝင်ငွေရှိတဲ့နိုင်ငံ မြန်မာနိုင်ငံက အောက်ဆုံးမှာ။ အမှန်တရားဆိုပေမဲ့ အောင့်သက်သက်နဲ့ လက်ခံလိုက်ရတယ်။ ဘယ်တော့များမှ ကြွယ်ဝချမ်းသာတဲ့နိုင်ငံ၊ အောက်ကျနောက်ကျမနိုင်၊ မျက်နှာမငယ်တဲ့နိုင်ငံ၊ လူတိုင်းသိတဲ့နိုင်ငံ ဖြစ်မလဲမသိဘူးနော်။ ဟိုတယ်ရှေ့ရောက်တော့ မေးမြန်းနေတုန်း ဧည့်ကြိုကောင်မလေးက ထွက်သွားတဲ့တက္ကစီကို လိုက်တားတယ်။ ဒါပေမဲ့ မရလိုက်ဘူး ခုရောက်နေတာ ကိုယ်တို့တည်းမဲ့ဟိုတယ် မဟုတ်ဘူး။ အမှတ် ၁၁ ပေမဲ့ မာလေကွမ်းလမ်းမပေါ်မှာ မဟုတ်ဘူးတဲ့။ ဘုရားရေ ... ကားဆရာက မှားချပေးခဲ့တယ် အဲ့ဒီတက္ကစီက ဟိုတယ်က စီစဉ်ပေးတာ။ ကားသမားက ဟိုတယ်လိပ်စာ မသိဘူးလား။ ကိုယ်တို့ကလည်း အိမ်နံပါတ်ကိုသာစစ်သာ လမ်းကိုမစစ်မိလိုက်ဘူး။ ကိုယ်တို့တည်းရမဲ့ဟိုတယ်က ဒီကနေလမ်းလျှောက်ရင် မိနစ်နှစ်ဆယ် ကားနဲ့ဆို ငါးမိနစ်။ တက္ကစီငှားပေးဖို့ အကူအညီတောင်းတော့ လမ်းပေါ်ကနေတွေ့တဲ့ တက္ကစီကိုလမ်းပြတားပြီး ငှားပေးတယ် ၅ စီယူစီ ကျမယ်။ ဝိုင်းက မစီးဘူး လမ်းလျှောက်မယ် လမ်းပေါ်ကနေတွေ့တဲ့ တက္ကစီကိုလမ်းပြတားငှားတာ စိတ်မချရဘူးတဲ့။ ဒီတော့ မာလေကွမ်းလမ်းတလျှောက် လမ်းလျှောက်ကြတာပေါ့။ ပင်လယ်ကမ်းစပ်တလျှောက်က လမ်းကလေးမှာ ငါးမျှားနေကြသူ၊ လမ်းလျှောက်ကြသူ၊ ထိုင်ပြီးလေညှင်းခံနေကြသူတွေ အများကြီး။ လမ်းတလျှောက်မှာ တွေ့ရတဲ့ ရုပ်တုတွေ လက်ရာမြောက်တယ်။

အိမ်တွေက အိုဟောင်း လမ်းတွေက အမှိုက်တွေနဲ့ ညစ်ပတ်နေပေမဲ့ လူတွေက ပျော်ပျော်နေတတ်တဲ့ပုံပဲ။ ရာသီဥတုက အိုက်စပ်နေလို့ ‌ချွှေးတဒီးဒီးကျတယ်။ ဟာဗားနားမှာ လုပ်ရမဲ့အရာတွေထဲမှာ မာလေကွမ်းလမ်းပေါ်မှာ လမ်းလျှောက်တာပါတယ်။ ကိုယ်တို့တော့ ဟာဗားနားကို ခြေချတာနဲ့ မာလေကွမ်းလမ်းပေါ်မှာ လမ်းလျှောက်နေရပြီ။ ကျူးဘားမှာ အင်တာနက်ရှိတော့ရှိတယ် ရှားတယ် အင်တာနက်ကဒ်ဝယ်သုံးရတယ်။ အင်တာနက်ကနှေးသလို ဈေးလည်းကြီးတယ်။ ဆူနမ်ပြောလို့ maps.me ကနေ ကျူးဘားမြေပုံကို ဒေါင်းလုပ်ချလာတာ အတော်အဆင်ပြေတယ်။ offline ဖြစ်လည်း ရောက်တဲ့နေရာကိုပြပေးတယ်။ ငွေလဲတုန်းက ပိုက်ဆံ ၂၀ လိုနေလို့ ဆူနမ်က နှစ်ခါတောင် ပြန်တောင်းရတယ်တဲ့။ အဲ့ဒီတော့မှ ငွေကိုစစ်လိုက်တာ ဝိုင်းမှာ ၁၀ လိုနေတယ်။ ကိုယ်ကတော့ ကံကောင်းစွာနဲ့ လိုမနေဘူး။ တယောက်ထဲဖြစ်ရင် မတော်တဆဖြစ်တာလို့ လက်ခံနိုင်ပေမဲ့ နှစ်ယောက်ဖြစ်တာဆိုတော့ ဒါတမင်သက်သက်လုပ်တာပဲ။ အင်တာနေရှင်နယ်လေဆိပ်က ငွေလဲကောင်တာမှာဖြစ်တာဆိုတော့ အထင်သေးစရာပဲ။ ကားသမားကလည်း နေရာမှားချပေးတယ်။ ဒါမျိုးတခြားနိုင်ငံမှာ ဖြစ်မှာမဟုတ်ဘူး။ ကျူးဘားတွေရဲ့ တွေးခေါ်ပုံ လုပ်ကိုင်ပုံတွေ သတိထားရမယ်။ ကိုယ်တို့တည်းတဲ့ဟိုတယ်က အိမ်ရဲ့အပေါ်ထပ် အခန်းကိုငှားတာ Breakfast & Bed လိုပေါ့။ အဲယားကွန်း၊ ရေပူရေအေးရတယ်။ သိပ်အကောင်းကြီးမဟုတ်ပေမဲ့ သန့်ရှင်းသပ်ရပ်တယ်။ ပင်ပန်းလွန်းလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာများ လှုပ်တောင်မလှုပ်ဘူးတဲ့။ ဟယ်လင်ကြောင့် စိတ်ဖိစီးပြီး လုပက်စ်က အဆုတ်ကိုတိုက်နေလို့ ကျောအောင့် ခေါင်းငုံ့လို့မရဘူး။ အိပ်ရင် ခေါင်းအုံးနှစ်လုံး ဆင့်အိပ်ရတယ်။ ကျူဘားမသွားခင် ကိုယ်လက်တွေကိုက်ခဲ ခြေလက်တွေယောင်နေလို့ ကျူးဘားတောင် သွားဖြစ်ပါ့မလား စိုးရိမ်နေတာ။ ဝိုင်းက နေ့တိုင်း ကိုက်သလား ယောင်သလား သတင်းမေးတယ်။ နေမကောင်းရင် ဟိုတယ်မှာပဲ နေခဲ့မယ်လို့တွေးထားတာ မကိုက်ခဲဘဲ နေကာင်းနေတယ်။ နေရာအသစ်ရောက်ရင် အိပ်မပျော်၊ ကား၊ ရထား၊ လေယာဉ်ပေါ်မှာ မအိပ်တတ်၊ အအိပ်နည်းတဲ့ ဆူနမ်က မနက် ၅ နာရီကတည်းကထပြီး မာလေကွမ်းလမ်းမှာ လမ်းလျှောက်နေတယ်။ မနက် ၆ နာရီကျော်မှ နေထွက်တာတဲ့။ ၂၀၁၉  မေ ၅ သွားရောက်လည်ပတ်မဲ့နေရာကတော့ ကျူးဘားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ဗင်နာလပ်လွင်ပြင်ချိုင့်ဝှမ်း။ ဗင်နာလပ်မှာ ဘယ်နေရာတွေ သွားလည်သလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၈၊ ၂၀၁၉ ။

ဟာဗားနားမြို့တော် မာလေကွမ်းလမ်းမ
မာလေကွမ်းလမ်းမကနေ မြင်ရတဲ့ ညနေဆည်းဆာ
ငါးမျှားနေသူများ
အိမ်မျက်နှာစာမှာ ဆွဲထားတဲ့ လက်ရာမြောက်တဲ့ ပန်းချီ

No comments: