ဝိုင်းလို တနိုင်ငံလုံးမှာ ဆုမရတော့ ဝိုင်းက ကိုယ့်တူမကို ကိုယ်ချစ်ပါတယ်။ ဒါပေမယ့် ကိုယ့်တူမဖြစ်ရဲ့သားနဲ့ ဘာလို့မတော်မထက်မြက်ရတာလဲဆိုတာ နားမလည်နိုင်တော့ဘူး။ လက်ခံဖို့အတော်ကြိုးစားလိုက်ရတယ်။ သူ့အမေကလည်း စည်းကမ်းမတည်းကျပ်ဘူး။ မေးလိုက်ရင် သူ့သမီး တော်တယ်ဆိုတာကြီးပဲ။ အယ်မလေး ... မင်းက ခုမှ ကိုယ်ကလွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက လက်ခံဖို့အတော်ကြိုးစားခဲ့ရတာ။ ကိုယ့်အဖေဆိုရင် လှေလေးတစီးကနေ သင်္ဘောတွေ အများကြီးပိုင်အောင် ကြိုးစားခဲ့တဲ့သူ။ ကိုယ့်အမေဆိုရင် မကုန်သင့်တာ မကုန်ရအောင် သိမ်းဆည်းတာ အရမ်းတော်တဲ့သူ၊ အလုပ်အရမ်းလုပ်တဲ့သူ။ အမေက ရေဒီယိုမှာ ဖူးဘရိုက်စကော်လားရှစ်တွေ ခေါ်နေတယ်လို့ကြားရင် ကိုယ့်ကိုဝင်ဖြေခိုင်းတယ်။ ဒီလိုထက်မြက်တဲ့မိဘနှစ်ပါးကနေ ဒီလိုချာတူးလန်တဲ့ မောင်မောင် ထွက်လာတာ ကိုယ်ဖြင့်မယုံနိုင်ဘူး။ ကိုယ်တို့ညီအစ်မနှစ်ယောက်ဆို နှစ်တိုင်းဆုတက်ယူရတယ်။ မောင်မောင်ကျတော့ စာမေးပွဲတွေကျလို့ ဆရာမကခေါ်တွေ့။ ဆယ်တန်းစတက်တော့ ဂုဏ်ထူးနှစ်လုံးထွက်မယ်လို့ ပြောနေလို့ နင့်လိုကြိုးစားမှုနဲ့ ဂုဏ်ထူးထွက်မယ်ဆို လူတိုင်းဂုဏ်ထူးထွက်နေမှာပေါ့လို့ ပြောယူရတယ်။ ဆယ်တန်းစာမေးပွဲလည်း ဖြေရော မအောင်တော့ပါဘူး ခြစ်ချတော့မယ် လုပ်နေလို့ ခြစ်တော့မချပါနဲ့ ရသလောက်ဖြေပါလို့ ပြောယူရတယ်။ ကိုယ်တို့ညီအစ်မတွေ ဆယ်တန်းအောင်တာ မိဘတွေ ဘာမှမသိလိုက်ရဘူး။ မောင်မောင့်အလှည့်ကျတော့ ကျူရှင်ကို အဝေးကြီးမှာ မထားရဲဘူး လမ်းထိပ်မှာ နှစ်ယောက်ဝိုင်းထားတယ်။ ဒါတောင် ကျူရှင်ကိုမရောက်သေးလို့ ဆရာမကဖုန်းလှမ်းဆက်တယ်။ စာကြည့်ဖို့ကို တအိမ်လုံးက ဝိုင်းဆူရတယ်။ ကံကောင်းလို့ ဆယ်တန်းကို တစ်နှစ်တည်းနဲ့အောင်တယ်။ တက္ကသိုလ်တက်ဖို့စောင့်နေချိန် အင်္ဂလိပ်စာသင်တန်းတွေတက်ဖို့ လိုက်အပ်ပေးတာ တစ်ရက်ပဲသွားတက်တယ်။ နောက်ရက်ဆို သွားမတက်တော့ဘူး။
ဒေးမှာ မေဂျာတွေပြောင်း ဒေးကနေ အဝေးသင်ပြောင်း စာမေးပွဲတွေဖြေသွားတာ မသိလိုက်။ ပထမနှစ်ကို လေးနှစ်တက်တယ် ခုထိဘွဲ့မရသေးဘူး။ ဂိမ်းဆိုင်မှာ လိုက်ခေါ်ရင်ရှက်တယ် ဘောလုံးပွဲအကြောင်းကိုတော့ အကုန်သိတယ်။ ကိုယ့်မောင်ပဲ အဲ့ဒီလိုဖြစ်တယ်ထင်နေတာ မကြီးသူငယ်ချင်းမောင်လည်း အဲ့ဒီလိုပဲ။ ခေတ်ကိုက အဲ့ဒီလိုဖြစ်ကုန်တာလား မသိတော့ဘူး။ မောင်မောင့်ကို စင်္ကာပူမှာကျောင်းတက်မလား ကိုယ်တို့ညီအစ်မ ထောက်ပံ့မယ်ပြောတော့ ဟင့်အင့်းတဲ့။ နိုင်ငံခြားမှာ ပညာသင်ဖို့ အရည်အချင်းမရှိသလို နိုင်ငံခြားမှာ ဘော်ကြော့နေလို့မရဘူး ပင်ပန်းတယ်ဆိုတာ သူသိတယ်။ မောင်မောင့်မိန်းမက ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း။ ဝင်ငွေသိပ်မကောင်းတဲ့ ကျူရှင်ဆရာမဆိုတော့ မကြီးက သူ့ဘွဲ့ကို နှမြောနေတယ်။ သင်တန်းတွေတက်ပြီး အိုင်တီအလုပ်လုပ်ရင် ဝင်ငွေနည်းနည်းကောင်းမှာကိုး။ ကလေးတဖက်၊ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပေမဲ့ ဘတ်စ်ကားမစီးတတ်တဲ့ ရန်ကုန်သူဆိုတော့ ဘယ်လိုလုပ်သင်တန်းတက်နိုင်မှာလဲ။ ဟဲ့ ... သွားပြောမနေနဲ့ ကိုယ့်မောင်ကိုတောင် ဘွဲ့ရအောင်လုပ်လို့ ပြောလို့ရတာမဟုတ်ဘူး။ သူ့အစ်မတွေလောက် မတော်မထက်မြက် မကြိုးစားတဲ့မောင်မောင်ကို နားလည်လက်ခံပေးနိုင်ဖို့ ကြိုးစားခဲ့ရတယ်။ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ အခွင့်အရေးရှိပေမယ့် မတက်၊ မကြိုးစားတဲ့သူကို တွေ့ရတဲ့အခါ မချင့်မရဲဖြစ်မိပေမယ့် ကိုယ်ကအစားဝင်ပြီး ကျောင်းတက်ပေးလို့ရတာမဟုတ်။ ကိုယ့်မောင်နှမတွေကို နိုင်ငံခြားမှာ ကျောင်းတက်စေချင်ပေမဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မျိုသိပ်လို့ သူတို့ကမှ မတက်ချင်တာ မကြိုးစားချင်တာပါလားလို့ လက်ခံရတယ်။ ကိုယ့်မောင်နှမပေမယ့် မတော် မထက်မြက်ရကောင်းလားဆိုတဲ့ ဒေါသစိတ်ကလေးကို မျိုသိပ်လို့ အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့လည်း လိုသေးတယ်။
စန်းထွန်း
ဇန်နဝါရီ ၂၆၊ ၂၀၁၈။
၂၀၁၈ စက်တင်ဘာ Central Park ထဲက English Garden ကို သွားတုန်းက ရိုက်ထားတဲ့ပုံပါ ရေစက်ကလေးတွေ လွင့်နေတာလေးကို သိပ်သဘောကျတာပဲ |
No comments:
Post a Comment