မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁၁


ဘုကြည့် မိုက်ကြည့်
ရှိတ်စပီးယား မွေးတဲ့အိမ်ရှိတဲ့ Stratford-upon-Avon မြို့လယ်ခေါင် 

၂၀၁၈ စက်တင်ဘာလကုန် အင်္ဂလန်ကိုသွားလည်တော့ အပြန်မှာ လက်ဆောင်တွေ ဝယ်ကြတယ်။ ၁ ကျပ်တန် ကီးချိန်းလေးတွေ၊ လန်ဒန်အထင်ကရ နေရာ၊ အဆောက်အဦးတွေပါတဲ့ မတ်ခွက်၊ လက်ဖက်ခြောက်ထုပ်။ အဖေက သူ့မြေးအတွက် ဦးထုပ်ဝယ်ဆိုလို့ ဦးထုပ်ဝယ်ကြတော့ အဖေက ပန်းရောင်ဖျော့ဖျော့၊ အပြာရောင်ဖျော့ဖျော့ လန်ဒန်ဦးထုပ် ရွေးပေးတယ်။ မန်ချက်စတာမြို့က အိုးထရန်ဖို့ကွင်းကို သွားလည်တော့ အဖေက မန်ယူမာဖလာ၊ မကြီးက ကျောပိုးအိတ်၊ မောင်မောင့်အတွက် ဦးထုပ်၊ ကိုယ်က ဦးထုပ်၊ ကျောပိုးအိတ်ဝယ်တယ်။ နေရောင်မထိဖို့ ဦးထုပ်အကြီးကြီးတွေ ဆောင်းရတဲ့ကိုယ်ဟာ ကပ်ဦးထုပ်ကို ဆောင်းဖြစ်မှာမဟုတ်လို့ မဝယ်ဖို့မကြီးက တိုက်တွန်းသေးတယ်။ ကိုယ်က အမှတ်တရအဖြစ် ဝယ်ချင်နေတာရယ်၊ ခရီးသွားရင် မိုးရွာတဲ့အခါ ကပ်ဦးထုပ်ဆောင်းတတ်တော့ ဝယ်လိုက်တယ်။ အဖေ ဦးထုပ်ဝယ်ပါလားမေးတော့ သူ့ဆီကနေ တောင်းမဲ့သူတွေ အများကြီး မယူဘူးတဲ့။ တူတော်မောင်က လန်ဒန်ဦးထုပ်ကို သိပ်ကြိုက်တယ် ဖေ့ဖေ့ဦးထုပ်က မလှဘူး သားသားဦးထုပ်က လှတယ်တဲ့။ စည်းကမ်းမရှိ ပစ္စည်းအမြဲပျောက်တတ်တဲ့မောင်မောင် ဘယ်တော့ဦးထုပ် ပျောက်မလဲမသိဘူး။ ယောင်းမက ဟုတ်တယ်အမရေ သူက စည်းကမ်းမရှိဘူး။  နှစ်သောင်းခွဲတောင် ပေးရတာနော် မပျောက်စေနဲ့။ ဘယ်လောက်ခံမလဲ စောင့်ကြည့်ရဦးမယ် ဟွန်း ... ။ မောင်မောင်နဲ့သူ့သား ဦးထုပ်ဘယ်သူအရင် ပျောက်မလဲမသိဘူး။ မောင်မောင် အရင်ပျောက်မှာ သေချာတယ်။ အဲ့ဒီလို  လက်ဆောင်ပေးပြီး ကြိမ်းမောင်းနေတဲ့ အစ်မဖြစ်သူကြောင့် မောင်မောင့်ခမျာ ဦးထုပ်ကို မဆောင်းရဲဘူး သိမ်းထားတယ်တဲ့။

တူတော်မောင်ဟာ ကားကို အင်မတန် သဘောကျတယ်။ အဖေ့ဆီလာတိုင်း ကားရုပ်ဝယ်ပေးဖို့ တောင်းလေ့ရှိတယ်။ ဘိုးအေဖြစ်သူကလည်း တဦးတည်းသော မြေးလေးကို အင်မတန်ချစ်တယ်။ တောင်းတိုင်း ဝယ်ပေးတယ်။ တူတော်မောင်က လူလည် သူ့အမေ၊ အဖေဆီမှာ မတောင်းဘူး ။ သူ့အဖေနဲ့အမေမှာ ပိုက်ဆံမရှိဘူးတဲ့။ ဒီတော့ အဘိုးဆီမှာပဲတောင်းတယ်။ သူ့ပစ္စည်းကိုလည်း သိပ်သိတယ်။ အိမ်အလုပ်တွေကို ကူလုပ်ပေးတယ် (လုပ်တာနည်းနည်း ရှုပ်တာများများနေမှာ)။ တော်ပါသေးရဲ့ ကိုယ့်မောင် သူ့အဖေ မောင်မောင်နဲ့ လုံးဝ လုံးဝ မတူလို့။ အဖေချော အမေချောဆိုတော့ တူတော်မောင်က ခပ်ချောချော အရပ်လည်းရှည်တယ်။ သနပ်ခါးဘဲကြား လိမ်းပေးလို့မရဘူး မှုန်မှုန်လေး လိမ်းပေးရတယ်။ အလှကြိ ုက်တယ် မှန်ကြိုက်တယ်။ မှန်ကြိုက်တာတော့ ကိုယ့်အစ်မ ကြီးတော်ခင်စန်းနဲ့ တူတာနေမှာ။ သူ ကြီးတော် (သူ့အမေရဲ့အစ်မ) နောက်က တကောက်ကောက်လိုက်တယ်။ ချီဖို့လည်း မတောင်းဘူး တနေကုန် လမ်းလျှောက်နိုင်တယ်။ ကြီးတော်တွေဆီက ကောင်းတဲ့အကျင့်တွေ ရထားတယ်။ အဲ့ဒီကြီးတော်နဲ့က တအိမ်တည်း မတည့်အတူနေ။ ကြီးတော်ခင်စန်းကိုတော့ ချစ်တယ် ကြီးတော်ခင်စန်းကလည်း တူတော်မောင်ကို အတော်ချစ်တယ်။ ကြီးတော်စန်းထွန်းက ချစ်တော့ချစ်ပေမဲ့ အပြင်မှာ တခါမှမမြင်ဖူးတော့ ဖာသိဖာသာ။ တူတော်မောင်ကလည်း ကြီးတော်စန်းထွန်းကို စိမ်းနေတယ်။ မောင်မောင်ဟာ သူရန်ကုန်ရောက်ရင် ဗွီဒီယိုကောခေါ် စကားပြောလေ့ရှိတယ်။ တူတော်မောင်က ဒင်ဆမ်းစားချင်လို့ လိုက်ကွျှေးတာတဲ့။ ကြီးကြီးကို နှုတ်ဆက်လိုက်ဆိုတော့ ဘာမှမပြောဘူး။ ဟဲ့ ကလေးက လူကြီးကိုနှုတ်ဆက်လိုက်လို့ ပြောတာကို နှုတ်မဆက်ဘူး။ အဲ့တာ ရိုင်းတယ်နော် လူကြီးကို နှုတ်ဆက်တတ်အောင် သင်ထားဦး။ မောင်မောင်နဲ့ ယောင်းမကိုပြောတော့ ဟုတ်ကဲ့တဲ့။

အဖေ့ဆီလာတိုင်း ကားဝယ်ခိုင်းနေတယ် မဝယ်ခိုင်းနဲ့။ တစ်နှစ်မှာ သင်္ကြန်၊ သီတင်းကျွှတ် အခါကြီးရက်ကြီးတွေမှာ ဝယ်ပေး။ လာတိုင်း ဝယ်ခိုင်းနေလို့ ဖြစ်မလား။ တော်ကြာ ကလေးက လွယ်လွယ်နဲ့ တောင်းတိုင်းရတယ် ထင်သွားဦးမယ်။ အဘိုးကလည်း အလိုလိုက် ကလေးကို ဖျက်ဆီးနေတယ်။ အဖေ့ကို မဝယ်ပေးဖို့ ပြောရဦးမယ်။ မောင်မောင်နဲ့ ယောင်းမကိုလည်း တူတော်မောင် ကားရုပ်မတောင်းဖို့ ဆုံးမခိုင်း။ လန်ဒန်က ပြန်လာတုန်းက ကားရုပ်တောင်းတော့ အဖေက ဘိုးဘိုး လန်ဒန်မှာ လမ်းလျှောက်တာများလွန်းလို့ ဒူးနာနေတယ် လမ်းမလျှောက်နိုင်ဘူးလို့ပြောတော့ မတောင်းတော့ဘူးတဲ့။ တူတော်မောင်က လူလည်ပါဆို။ ကိုယ် မတ်ဆေ့ရိုက်ထားတော့ ကိုယ်ပြောတော့မှာ သိနေတယ်။ ဖုန်းဆက်ရင် အဖေက အမေ့ဆီကို ဖုန်းအရင်ဆုံး လှမ်းပေးတယ်။ အဖေ့ကို ပြောဖို့အချိန်မရှိလိုက်လို့ အမေ့ကိုပြောပြတော့ အမေက ဟုတ်တယ် ဟုတ်တယ်လို့ ထောက်ခံတယ်။ နောက်နေ့ ဖုန်းပြောရင်း အဖေ့ကို ပြောလိုက်တော့ လေသံပျော့လေးနဲ့ နောက်မဝယ်ပေးတော့ပါဘူးတဲ့။ တစ်နှစ်မှ နှစ်ခါလောက်ပဲ ဝယ်ပေး။ ကလေးကို အလိုမလိုက်နဲ့ ဖျက်ဆီးမနေနဲ့ ဟွန်း... ။ အဝေးကြီးမှာနေ၊ ကျန်းမာရေး သိပ်မကောင်းတဲ့ ကိုယ်ဆူသမျှ စောဒကမတက် အင်း အင်း ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောကြတယ်။ ပြီးတော့ သူတို့လုပ်ချင်တာ လုပ်ကြလေသလားမသိ။ အဲ့ဒီလို ကိုယ်က ခပ်ပေပေ ခပ်ဆိုးဆိုး ဆိုးပေကြီးတယောက်ပါဆို။

စန်းထွန်း
ဇန်နဝါရီ ၆၊ ၂၀၁၉ ။

2 comments:



San San Htun said...

လွင်ပြင်လှိုင်းငယ် said...
ဆိုးပေးကြီးအကြောင်းဖတ်သွားပါတယ်
January 8, 2019 at 11:01 PM