ငယ်ငယ်တုန်းက အိမ်မှာ ဖိနပ်ကို ညီညီညာညာချွှပ်ဖို့၊ ထမင်းစားရင် အသံပျပ်ပျပ် မမြည်စေနဲ့၊ ဟင်းချိုသောက်ရင် ရှူးရှူးအသံ မမြည်စေနဲ့၊ ထမင်းစားတဲ့အခါ မဖိတ်စေနဲ့၊ ခြေနင်းတာ ဖွဖွလေးနင်းဖို့၊ တံခါးတွေပိတ်တဲ့အခါ အသံမမြည်စေဖို့၊ လက်နှစ်ဖက်နဲ့ယူဖို့ အမြဲဆုံးမတယ်။ တတ်နိုင်သမျှ လိုက်နာပါတယ်။ ဂျပန်အိမ်မှာတုန်းက အိမ်ရှင်ကောင်လေးဟာ မနက်၁နာရီလောက် အိမ်ပြန်ရောက်လို့ ချက်ပြုတ်ရင် နံရံကပ်ဗီရိုတံခါးကို တအားဆောင့်ပိတ်လေ့ရှိတယ်။ တံခါးဆောင့်ပိတ်သံကြောင့် တခါတလေ အိပ်ယာက လန့်နိုးတယ်။ နယူးဂျာဆီအိမ်မှာတုန်းက ကိုယ့်အိပ်ခန်းအပေါ်ထပ်က တရုတ်မဟာ ည ၁၁ နာရီခွဲလောက် ပြန်ရောက်တယ်။ ခြေနင်းသံပြင်းလွန်းလို့ ကိုယ့်ဘေးနား လာလျှောက်နေသလား ထင်ရတယ်။ အိပ်ယာကနေ လန့်နိုးတယ်။ ခဏနေရင် တရုတ်မအိပ်မှာပါဆိုပြီး သည်းခံနေတာ။ ဘာတွေလုပ်နေမှန်းမသိ ခုံရွှေ့သံ၊ ခြေနင်းသံ တဒုန်းဒုန်း တော်တော်နဲ့မအိပ်။ သည်းမခံနိုင်တဲ့အဆုံး အောက်ကနေ တံမြက်စည်းနဲ့ တဒုန်းဒုန်းထု။ တံမြက်စည်းနဲ့ တဒုန်းဒုန်းထုနေတာကို သိရဲ့လားမသိ။ နောက်ဆုံး တရုတ်မက ငြိမ်သွားလို့လား ကိုယ်တို့ကပဲ တအားအိပ်ချင်နေလို့လားမသိ အိပ်ပျော်သွားတယ်။ အိမ်ရှင်ကို တရုတ်မပြန်လာရင်သိတယ် ဟိုးအဝေးကြီးကနေ ခြေနင်းသံကြားရတယ်။ ခြေသံပြင်းလို့ အိပ်လို့မရဘူးလို့ တိုင်လိုက်တယ်။ အိမ်ရှင်ပြောလို့နဲ့ တူပါရဲ့ အခန်းထဲမဝင်ရင် ဖိနပ်ချွှပ်သံ ကြားရတယ်။ ခုအိမ်မှာလည်း အိမ်ရှင်လာရင် ခြေနင်းသံခပ်ပြင်းပြင်း ကြားရတယ်။ တော်သေးတာက အိမ်ရှင်က တပတ်မှာတရက် ခဏပဲလာလို့။ တရားစခန်းဝင်တော့ ဘုန်းကြီးကျောင်းမှာ မနက်လေးနာရီလောက်ကတည်းက ခြေနင်းသံ တဒုန်းဒုန်းကြားရလို့ နိုးတယ်။ လူသေးသလောက် ခြေနင်းသံကြမ်းတဲ့ အန်တီကြီးကို ဒေါ်ဒုန်းလို့ နာမည်ဝှက်ပေးထားတယ်။ ရုံးကမန်နေဂျာမဟယ်လင်လည်း မိုက်ခရိုဝေ့၊ အိမ်သာတံခါး၊ အခန်းအဝင်ကတံခါးတွေကို ဆောင့်ပိတ်တာများ လန့်စရာ။ အတော်ကြမ်းတမ်းတဲ့ မိန်းမ။ ခြေသံပြင်းပြင်း၊ တံခါးဆောင့်ပိတ်သံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတော့ ခြေသံမပြင်းဖို့၊ တံခါးဆောင့်မပိတ်ဖို့ တတ်နိုင်သမျှ ရှောင်ကြည်မိတယ်။
Happy New Year !
ကျန်းမာပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ။
စန်းထွန်း
ဒီဇင်ဘာ ၃၀၊ ၂၀၁၈။
No comments:
Post a Comment