ဟိုတယ်ရောက်တော့ တရေးအိပ် နိုးလာတော့ ရေချိုးပြီးတော့ ဘယ်ကိုသွားလည်ကြမလဲလို့ တိုင်ပင်ကြတယ်။ ညနေစောင်းဆိုတော့ ဆီရာတယ်မြို့ထဲ ကမ်းနားဖက်တလျှောက် လမ်းလျှောက်ကြမယ်။ Pike Place Market ကို သွားလည်ကြတယ်။ လမ်းလျှောက်ရင် ၄၅ မိနစ်လောက်ပဲ လျှောက်ရမှာဆိုတော့ လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လမ်းမှားဖို့အကြောင်းမရှိဘူး လမ်းမကြီးတွေဟာ တန်းတန်းဖြူးဖြူးကြီးတွေ။ ပင်လယ်ကမ်းခြေ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဆီရာတယ်ဟာ အင်မတန်သာယာပါတယ်။ ကမ်းနားလမ်းတလျှောက် ဆိုင်တန်းတွေအများကြီး ပင်လယ်ကမ်းခြေမြို့ဆိုတော့ ပင်လယ်စာပေါတယ်။ တိုက်အမြင့်ကြီးတွေ မရှိဘူး သန့်ရှင်းအေးချမ်းတဲ့ မြို့ကလေး။ ကိုယ်ကျောင်းတက်နေတုန်းက ကျောင်းမြိ ကလွဲရင် ကျန်တဲ့မြို့ အကုန်ကြီးတယ်။ နယူးယောက်မှာနေတော့ နယူးယောက်ကလွဲရင် ကျန်တဲ့မြို့ အကုန်သေးတယ်။ ရေသတ္တဝါပြတိုက်၊ ခရူသင်္ဘောတွေ မစီးတော့ပါဘူး အလာစကာမှာ စီးခဲ့ပြီးပြီ။ Seattle Eye လို့ ထင်နေတာ Seattle Great Wheel တဲ့ မစီးရဲပါဘူး။ ကမ်းစပ်တလျှောက်က စားသောက်ဆိုင်တွေမှာ ကြိတ်ကြိတ်တိုး။ ကမ်းနားဖက်က ဘုတ်တွေ၊ ကမ်းခြေအလှကို ဓာတ်ပုံရိုက်ပြီးပြီဆိုတော့ တောင်ကုန်းပေါ် ပြန်တက်ကြတယ်။ တောင်ကုန်းပေါ်တက်ဖို့ ဓာတ်လှေကားတွေ၊ လှေကားတွေရှိတယ်။ တောင်ကုန်းပေါ်က စားသောက်ဆိုင်လေးတွေက သေးသေးကျဉ်းကျဉ်းလေးတွေ။ ရှုခင်းကောင်းတော့ ဈေးကြီးမှာ အဲ့ဒီမှာမစားဘူး။ နာမည်ကျော် Pike Place Market ကို သွားလည်ကြတယ်။ စတာ့ဘာ့ခ်ဆိုင်မှာ လူတန်းကြီးက အရှည်ကြီး ဟန်က အဲ့ဒီဆိုင်က ပထမဆုံးဖွင့်တဲ့ စတားဘာ့ခ်ဆိုင်။ ဟာ ... အဲ့ဒါဆို တခုခုသွားစားမလား ကော်ဖီမကြိုက်တဲ့သူတွေ၊ တန်းစီပြီးအချိန်မကုန်ချင်တာနဲ့ မဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ ရေခဲမုန့်ဆိုင်တွေ့တော့ ရေခဲမုန့်ဝင်စားကြတယ် မဆိုးပါဘူး။ အလာစကာ Portage မှာ စားခဲ့တဲ့ Mountain Huckleberry ရေခဲမုန့်ဟာ ကိုယ်စားဖူးသမျှ ရေခဲမုန့်တွေထဲမှာ အကောင်းဆုံးပဲ။ ဈေးတန်းထဲကို လျှောက်ကြည့် လော့စတာတွေတွေ့လို့ ဓာတ်ပုံရိုက်တာကို သူများတွေအလုပ်ရှုပ်နေတာကို ဓာတ်ပုံရိုက်တယ် ဘာညာနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။ အသီးဝယ်ဖို့ ကိုင်ကြည့်တာကို မထိနဲ့မကိုင်နဲ့ပြောလို့ အရင်က ၆ လုံးလောက် ဝယ်မလို့ဟာ ခုတော့၃လုံးပဲဝယ်တော့တယ်။ အသီးဝယ်ပါတယ်ဆိုမှ အနာအဆာပါမပါ ကိုင်ကြည့်တာ ပုံမှန်ပဲကို။ အဲ့ဒီဈေးကလူတွေ အင်မတန်ရိုင်းတယ်။ ဗိုက်ဆာလာပြီမို့လို့ စားသောက်ဆိုင်ရှာတာ ဂျပန်ဆိုင်တဆိုင်တွေ့တယ်။ ဝိုင်းနဲ့ဟန် တိုင်ပင်ပြီးမှာတယ် စားကောင်းတယ်။ ကမ်းခြေတလျှောက် လမ်းလျှောက်ပြီးပြန်တော့ နေဝင်ဆည်းဆာကို တွေ့ရတယ်။
စန်းစန်း မင်း ခရီးသွားဘလော့ဂါဆို ဘလော့ကနေ ပိုက်ဆံမရဘူးလား။ ဟင့်အင်း ... တပြားမှမရဘူး ခုတောင် ဘလော့ကိုလူလာမဖတ်တာ တခါလာဖတ် တကျပ်ကောက်ရင် ဘယ်သူမှလာဖတ်မှာ မဟုတ်ဘူး။ ဗီယက်နမ်မှာဆို ခရီးသွားဘလော့ဂါတွေ သိပ်ဝင်ငွေကောင်းတာ။ အစ်ကိုကြီးတယောက်ဆို ခရီးသွားကုမ္ဗဏီထောင်၊ သူ့ဘလော့ဂါမှာ ကြေငြာပေးရင် ကြေငြာခရတယ်။ သူက အလာစကာ iditarod ပြိုင်ပွဲမှာ ဝင်ပြိုင်တာ။ Central America ဖက်ကို ဆိုင်ကယ်နဲ့ခရီးသွားနေတဲ့ ဘလော့ဂါဆိုရင် followers တွေ သောင်းချီတယ်။ မင်း ဖေ့ဘွတ်မှာ အရင်နာမည်ကြီးအောင် လုပ်ရမယ် ပြီးရင် ခရီးသွားကုမ္ဗဏီထောင်။ အေး ... ကိုယ် ခရီးသွားကုမ္ဗဏီထောင်ရင် မင်းတို့ကို MD ရာထူးပေးမယ်။ ဟိုတယ်ရောက်တာနဲ့ အထုပ်သိမ်း တချိုးတည်းအိပ်တော့တာပဲ။ နောက်နေ့မနက် မနက်စာကို ဒီဟိုတယ်ရဲ့ ပါတနာ တခြားဟိုတယ်မှာ သွားစားရတယ်။ ပြီးတော့ ဆီရာတယ်အိုင်ကွန် Space Needle ဆီကို လမ်းလျှောက်သွားကြတယ်။ အဝေးကနေပဲ ဓာတ်ပုံရိုက်ပြီး အပေါ်မတက်တော့ပါဘူး။ Pop Culture ပြတိုက်ဒီဇိုင်းက ထူးဆန်းတယ်။ Duck boat ကို ဓာတ်ပုံစောင့်ရိုက်တယ် Duck boat တခါမှမစီးရသေးဘူး။ ပြီးတော့ ဟိုတယ်ကိုလမ်းလျှောက်ပြန် ကားလမ်းတွေရှင်းတယ် သန့်ရှင်းသန့်ရပ်တယ်။ ဟိုတယ်ကနေ အူဘာစီးပြီး မြို့ထဲကဘူတာဆင်းတာ ၉ ကျပ်ပေးရတယ်။ မြို့ထဲကနေ လေဆိပ်ကို ရထားခ ၃ ကျပ်။ တက္ကစီငှားရင် အနည်းဆုံး ၆၀ ကျော်။ တက္ကစီခဈေးကြီးမှာပေါ့ မြို့ထဲကနေ လေဆိပ်ကို တော်တော်ဝေးတာကိုး ရထားနဲ့တောင် နာရီဝက်ကျော်ကျော် မောင်းရတယ်။ ချက်ကင်ဝင်တော့ ဝင်လို့မရဘူး။ လိုင်းတိုတဲ့နေရာကိုစီပြီးမှ ချက်ကင်ဝင်လို့မရတဲ့သူတွေက အစိမ်းလိုင်းမှာစီတဲ့။ လုံးဝမရွေ့တဲ့လိုင်းကနေ ဟိုဖက်လိုင်းပြော။ အတူထိုင်ချင်ရင် နောက်ဆုံးခုံပဲရတယ် ကိုယ့်ဟမ်းကယ်ရီက နည်းနည်းကြီးနေလို့ ချက်ကင်ဝင်ရမယ် ၂၅ ကျပ်တဲ့။ ဝန်ထမ်းက သဘောကောင်းတယ် ကိုယ်တို့ကနောက်ဆုံးခုံ အပေါ်မှာတင်စရာ ကေဘင်မရှိလို့ ကိုယ့်လက်ကေ့အိတ်ကို ဖရီးချက်ကင်ဝင်ပေးမယ်တဲ့။ ဝိုင်းက ဟာ ... အဲ့ဒါဆိုရင် သူတို့လက်ကေ့အိတ်လည်း ချက်ကင်ဝင်လို့ရလာလို့မေးတော့ ရတယ်တဲ့။
လုံခြုံရေးဖြတ်ဖို့ တန်းစီတာ လူတန်းကြီးက အရှည်ကြီး။ ကြည့်ရတာ လေဆိပ်ထဲမှာတင် ကိုယ်တို့ တမိုင်ခွဲလောက် လျှောက်ပြီးနေပြီထင်တယ်။
အလာစကာ အဲယားလိုင်းက ပေးထားတဲ့ အစားအသောက်ကူပွန် ၃ ရှိတယ်။ Beagle ၊ ငှက်ပျောသီး၊ ရေသန့်ဗူး၊ ဆူရှီ၊ စတားဘာ့ခ်က ကိတ်မုန့်တွေဝယ်တယ် ဗိုက်ကားနေအောင် စားရပါတယ်။ လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာမို့လို့ အာမခံဆီမှာ ကလိမ်းလို့ရပါတယ်။ ကလိမ်းတင်တော့ လေယာဉ်ဖျက်သိမ်းတယ်ဆိုတဲ့ အထောက်အထားလိုတယ်။ လေကြောင်းလိုင်းကလည်း ထုတ်မပေး။ flight tracker ဆိုဒ်မှာ လေယာဉ်နံပါတ်၊ နေ့ရက်အချိန်ရိုက်ထည့်လိုက်တာနဲ့ လေယာဉ် status ကိုပြတယ်။ အဲ့ဒါကို screen shot ရိုက်ပြီးတင်၊ ဟိုတယ်ခ၊ အူဘာခ၊ ရထားခ အကုန်ပြရတော့ ကိုယ်တို့တွေ ဆီရာတယ်ကို ပိုက်ဆံတပြားမှ မကုန်ကျဘဲ လည်ပတ်ခဲ့ရတယ် ဆိုပါတော့။ ဆီရာတယ်ကနေ နေ့လည် ၂ နာရီထွက်ခွာလာတဲ့ လေယာဉ်ဟာ နယူးယောက်ကို ည ၈ နာရီမှာ ရောက်ပါတယ်။ အိမ်ရောက်တော့ ည ၁၁ နာရီ ရုံးထဗင်းဘူးအတွက် မြန်တာလေးလုပ်။ ခွင့်တွေမရှိတော့လို့ ခွင့်ယူပြီးနားခွင့်မရှိ။ အလာစကာ ၁၂ ရက်ခရီးစဉ် ဒီမှာပဲပြီးဆုံးပါပြီ။ အင်္ဂလန်သွားတောလားကတော့ နောက်မှပဲတင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
ဒီဇင်ဘာ ၁၊ ၂၀၁၈။
2 comments:
Anonymous said...
နောက်ပိုစ့်များလည်း စောင့်မျှော်လျှက်ပါ
December 3, 2018 at 5:13 AM
Post a Comment