အင်္ဂလန်သွား တောလား - ၁

၂၀၁၇ ဒီဇင်ဘာ ဆူနမ် အင်္ဂလန်သွားလည်ပြီး သူ့အစ်မအိမ်မှာ တလကျော် နေခဲ့တယ်။ ဆူနမ်ရေ လန်ဒန်တံတားနား မသွားနဲ့နော် ဗုံးပေါက်၊ အကြမ်းဖက်တိုက်ခိုက်တိုင်း လန်ဒန်တံတားပေါ်မှာချည်းပဲ။ ဆူနမ် လန်ဒန်မှာ ဘယ်မှလည်း မရောက်ဖြစ်ဘူး။ အားရင် သူ့အမျိုးတွေနဲ့ ဖဲရိုက်နေတာချည်းပဲ။ အမလေး ... ဆူနမ်တို့များ လန်ဒန်မှာ တလကျော်နေတာ ဘယ်မှမရောက်ဖြစ်ဘူး။ ကိုယ်သာ သူ့နေရာမှာဆိုရင် အင်္ဂလန်တခွင် ပြဲပြဲစင်၊ စကော့တလန်၊ အိုင်ယာလန်ပါ သွားလည်ဖြစ်မှာ။ လိုက်မပို့လည်း ကိုယ့်ဘာသာသွားမှာပေါ့ နောက်တခေါက်ရောက်ဖို့ဆိုတာ ဘယ်တော့မှန်းမသိ။ ၂၀၁၈ မတ်လ ပေါ်တိုရီကိုခရီးမှာတုန်းက ဝိုင်းကပြောတယ် သြဂုတ်လ အင်္ဂလန်မှာ သင်တန်းသွားတက်ဖို့ရှိတယ်။ သင်တန်းပြီးတဲ့အခါ လေးရက်လောက်ဆက်နေပြီး လန်ဒန်၊ စကော့တလန်ကို သွားလည်ဖို့ စီစဉ်ထားတယ်။ လေယာဉ်ခက ၅၀၀၊ ဟိုတယ်၊ တိုး၊ စားသောက်စရိတ် ထောင့်သုံးရာလောက် ကုန်မယ်။ ဇူလှိုင်လမှာ အလာစကာကို ၁၂ ရက် ခရီး စီစဉ်ထားပြီးပြီ။ သြဂုတ်လမှာ အင်္ဂလန်ထပ်သွားမယ်ဆိုရင် ခရီးစဉ်တွေ ဆက်နေတယ် ပိုက်ဆံအရမ်းကုန်တယ် မလိုက်တော့ဘူး။ ဇွန်လမှာ အမ်းထရူး အင်္ဂလန်သွားလည်တယ် လန်ဒန်မှာ သူ့အစ်ကို၊ ဝမ်းကွဲအမျိုးတွေ ရှိတယ်။ အလာစကာခရီးမှာ ဝိုင်းအဆွယ်ကောင်းတာနဲ့ အင်္ဂလန်လိုက်မယ် ဖြစ်သွားရော။ အင်္ဂလန်ကို တနေ့သွားလည်မယ် စိတ်ကူးထားပေမဲ့ ဘယ်တော့သွားဖြစ်မယ်မှန်း မသိဘူး။ အခု အဖော်ကောင်းတုန်း လိုက်သွားဦးမှ။ ဒီလိုနဲ့ ဗီဇာလျှောက်၊ ပုံမှန်ဗီဇာက ၂ ပတ်ကြာတယ်၊ တရက်တည်းနဲ့ ဗီဇာလုပ်ရင်လည်းရတယ် ဈေး၃ဆကြီးတယ်။ ဈေးအသက်သာဆုံး နော်ဝေဂျီယမ်အဲလိုင်းဘွတ်၊ ဟိုစတယ် ၁၆ ယောက် စုပေါင်းခန်းမှာ ၄ရက်၊ ဝင်ဆာနန်းတော်တိုး၊ Lake District တိုး၊ စကော့တလန် အက်ဒင်ဘာ့ခ် ရထားလတ်မှတ်ဘွတ်။ တိုးတွေဘွတ်တော့ ရက်မှားသွားလို့ ပြန်ပြင်ခိုင်းတာ Lake District တိုးက ရက်ပြင်လို့မရဘူးဆိုလို့ လန်ဒန်တိုးကုမ္ဗဏီကိုဖုန်းခေါ်၊ Viator တိုးကိုဖုန်းခေါ်။ မနေ့ကမှဘွတ်တာ ဒီနေ့ပြင်လို့မရဘူးဆိုတာ အဓိပ္ဗာယ်မရှိလိုက်တာ၊ Customer is always right လေသံခပ်တင်းတင်း ပြောသင့်တာပြောနဲ့ နောက်ဆုံးမှာတော့ အဆင်ပြေသွားတယ်။ ကဲ ... ဗီဇာပဲလိုတော့တယ် ဗီဇာက တပတ်ခွဲနဲ့ရပါ့မလား။ ထင်တဲ့အတိုင်း ဗီဇာက နှစ်ပတ်ကျော်မှ ရလာတော့ မမှီတော့ဘူး။ လေယာဉ်ခဆုံး၊ ပြန်ရတဲ့ဟာတွေလည်းပြန်ရ၊ မရတာတွေလည်းမရ။ သူများကိုဆိုရင် ဘဲရီးဘဲရီးစတူးပစ်လို့ပြောမလားမသိ ကိုယ်တိုင်ဖြစ်နေတော့ ဒီအမှားကနေ နောက်ကိုမမှားအောင် သင်ခန်းစာယူရမယ် ဖြစ်သွားရော။

အင်္ဂလန်ဗီဇာခ၊ နေ့တဝက်ခွင့်ယူပြီး ယူအက်စ်စီအိုင်အက်စ် အမေရိကန်လူဝင်မှုကြီးကြပ်ရေးရုံးမှာ လက်ဗွေသွားနှိပ်။ အချိန်ကုန်ငွေကုန်ထားတဲ့ အင်္ဂလန်ဗီဇာမကုန်ခင် အင်္ဂလန်သွားမှဖြစ်မယ် အင်္ဂလန် တယောက်တည်းသွားလို့ ဖြစ်ပါ့မလား။ ဘာလို့မဖြစ်ရမှာလဲ ဒါ ကိုယ့်ရဲ့ ပထမဆုံး ဥရောပ တစ်ယောက်တည်းခရီးစဉ် ဘာမှမဖြစ်ဘူး စိတ်ချ။ ဒီလိုနဲ့ စက်တင်ဘာလကုန်မှာ သွားဖို့ လေယာဉ်လတ်မှတ် ဘွတ်လိုက်တယ်။ စနေနေ့သွားပြီး တနင်္ဂနွေနေ့ ပြန်လာမယ် အင်္ဂလန်မှာတပတ်။ ဝင်ဆာတိုး၊ Lake District တိုး၊ အက်ဒင်ဘာ့ခ်သွားမယ်၊ ပြတိုက်တွေ သွားမယ်။ လန်ဒန်ပြတိုက်တွေ နာမည်ကြီးတယ် မင်းတော့ ပြတိုက်ကနေ ခွာချင်မှာမဟုတ်ဘူး။ လန်ဒန်မှာ ရထားစီးရတာ အဆင်ပြေတယ်။ ဟိုစတယ် ၁၆ ယောက်ခန်းမှာ အိပ်ရတာ တံခါးဆောင့်ပိတ်သံတွေကြောင့် နည်းနည်းတော့ အဆင်မပြေဘူး။ ပိုက်ဆံသက်သာချင်ရင်တော့ ဒုက္ခနည်းနည်း ခံရမှာပေါ့။ အဖေက မန်ချက်စတာယူနိုက်တက် အမာခံပရိတ်သတ် သူ့ အိမ်မက်က မန်ယူကွင်းကို သွားလည်ပြီး ဘောလုံးပွဲ ကြည့်ချင်တာ။ ကိုယ်တယောက်တည်း သွားမဲ့အစား အဖေနဲ့အမေ့ကို ခေါ်လိုက်မယ်၊ အဖေ့ကို မန်ယူကွင်း လိုက်ပို့မယ်။ အဖေ  စက်တင်ဘာလကုန် သမီး အင်္ဂလန်ကို တပတ်သွားလည်မလို့ လိုက်မလား။ အမလေး ... သိပ်မလိုက်ချင်ရှာဘူး ချက်ချင်းပဲ လိုက်မယ် ... လိုက်မယ်တဲ့။ ဒီတော့ အင်္ဂလန်ဗီဇာလျှောက်ဖို့လုပ် ဖောင်တင် လက်ဗွေသွားနှိပ် စာရွက်စာတမ်းတွေကို ထိုင်းရုံးကိုပို့ရတယ်။ လန်ဒန်ဗီဇာက အမေရိကန်ဗီဇာလျှောက်တာနဲ့ အတူတူပဲ ယူအက်စ်ဗီဇာလိုတော့ အင်တာဗျူးမဝင်ရဘူး။ ယူအက်စ်ဒေါ်လာမှာပါတဲ့ နံပါတ်တွေကို မှတ်ထားတယ်တဲ့။ ကိုယ်စပွန်ဆာလုပ်၊ လူကြီးတွေဆိုတော့ ဗီဇာရမှာ သေချာတယ်။ တခါတည်း မကြီးကို လိုက်ပါလားပြောတော့ ပိုက်ဆံမရှိဘူးတဲ့။ အမေက အမေတို့မှာလည်း ပိုက်ဆံမရှိပါဘူး ဒါပေမဲ့ သူ့ဘာသာဖြစ်သွားတာပဲ ဒီလိုခရီးအတူထွက်ဖို့ဆိုတာ အင်မတန်ခက်ပါဘိလို့ ပြောတာနဲ့ လိုက်မယ်ဖြစ်သွားရော။ မကြီးက ဖိလစ်ပိုင်ရုံးကို တင်ရတယ် နှစ်ပတ်အတွင်း ရပါ့မလား စိတ်ပူနေတာ တပတ်ခွဲနဲ့ရတယ်။ ဗီဇာရပြီဆိုတော့ ဈေးသက်သာတဲ့ လေယာဉ်လတ်မှတ်ရှာ ဆန်းဖားတိုးကမ္ဗဏီကို ဆက်သွယ်လိုက်တော့ ထိုင်းအဲဝေးမှာ ပရိုမိုးရှင်းရှိတယ် နောက်တပတ်ကျရော သုံးရာဈေးတက်သွားရော။ မကြီးလည်း ထိုင်းအဲဝေးဝယ်တယ် ဘန်ကောက်မှာ ထရန်စစ်လေးနာရီလောက်ထိုင်ပြီး ရန်ကုန်ကနေလာတဲ့ အဖေတို့လေယာဉ်ကိုစောင့်။ လန်ဒန်ကိုတော့ လေယာဉ်တစီးထဲ ဒီတော့စိတ်မပူရတော့ဘူးပေါ့။ ဗီဇာ၊ လေယာဉ်လတ်မှတ် ဘွတ်ပြီးပြီဆိုတော့ ဘယ်ကိုသွားလည်ကြမလဲ။ မန်ချက်စတာ၊ အက်ဒင်ဘာ့ခ်၊ လန်ဒန် ၂ ရက် ကိုယ့်ဘာသာ သွားလည်မယ် တိုး၂ခုဝယ်မယ်။ အက်ဒင်ဘာ့ခ်ကို သွားတဲ့ရထားဟာ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေဆို ဈေးသက်သာတယ်။  အက်ဒင်ဘာ့ခ်၊ မန်ချက်စတာ ရထားလတ်မှတ်တွေကို trainline ကနေ ဘွတ်တယ်။

လန်ဒန်ဟီးသရိုးလေဆိပ် တာမင်နယ် ၂
စက်တင်ဘာ ၃၁ ၂၀၁၈ တနင်္ဂနွေနေ့ ည ၈ နာရီ 

အရင်ဘွတ်ဖူးတဲ့ ဟိုစတယ်မှာ လေးယောက်ခန်းမရလို့ ကင်းခရော့စ်ဘူတာကနေ ဆယ်မိနစ်လောက်ဝေးတဲ့ ဟိုစတယ်မှာ လေးယောက်ခန်းရတယ်။ ကင်းခရော့စ်မှာ မြေအောက်ရထားတွေစုံပြီး National Rail နယ်တွေသွားတဲ့ရထားဘူတာရှိတော့ သွားရေးလာရေး အတော်အဆင်ပြေတယ်။ ဟိုစတယ်ကိုဘွတ်တော့ စင်္ကာပူကနေဘွတ်ရင် သက်သာတယ်။ တနင်္လာ၊ အင်္ဂါ လန်ဒန်၊ ဗုဒ္ဓဟူး မန်ချက်စတာ၊ ကြာသပတေး အက်ဒင်ဘာ့ခ်၊ သောကြာ၊ စနေ တိုး၂တိုး။ လန်ဒန်ပတ်စ်နဲ့ လည်လို့ရတဲ့နေရာတွေကို ဘယ်လိုလည်ပတ်သင့်သလဲ ဆိုတာတွေကို အင်တာနက်မှာရှာ။ မြေပုံကြည့်၊ ဘယ်တွေသွားမလဲ၊ ဘယ်ဘူတာနဲ့နီးလဲ၊ ဘယ်လိုသွားရမယ်ဆိုတာ အစီအစဉ်ဆွဲ။ တိုး ၂ ခုရွေး မကြီး ဘယ်သွားချင်လည်းရွေးခိုင်း။ စနေနေ့ညဆိုရင် လေယာဉ်စီးရတော့မယ် ဗုဒ္ဓဟူးနေ့အထိ တိုး၂ခု မဘွတ်ရသေးဘူး။ မေးလိုက်ရင် နေပါဦး အီးညှောင့်အီးညှောင့်နဲ့စိတ်မရှည်တော့ဘူး အော်ပြောတော့ ဘာလို့အော်နေတာလဲတဲ့။ မအော်ရင် အီးညှောင့်အီးညှောင့် လုပ်နေဦးမှာ အော်မှပဲ တိုးဝယ်ဖြစ်တော့တယ်။ လန်ဒန်ပတ်စ်၊ တိုး၂ခုဘွတ်တော့လည်း စင်္ကာပူဖက်ကနေဘွတ်ရင် သက်သာတယ်။ မကြီးက ဈေးသက်သာတာ ရှာဖွေရာမှာတော်ပြီး ကိုယ်က ဘယ်ကနေ ဘယ်လိုသွားမယ် မြေပုံကြည့် ကျွှမ်းကျင်တယ်။ ဒီလောက် ဆော်သြနေတာတောင် လန်ဒန်ပတ်စ်ကို သောကြာနေ့ညမှဘွတ်တယ်။ ဒီတော့ ရုံးကနေ ပရင့်မထုတ်ခဲ့ရဘူး။ စနေနေ့လည့် လန်ဒန်ပတ်စ်ကို အိမ်မှာပရင့်ထုတ်တော့ အဆင်မပြေဘူး။ ခုအိမ်က နေရာကျဉ်းတော့ ပရင့်တာကို စတိုခန်းထဲ ထည့်ထားတယ်။ ပရင့်ထုတ်လို့မရဘူး error တက်နေတယ်။ ည ၉  နာရီ ချက်ကင်ဝင်တော့ ဘတ်ဂျက်လက်မှတ်မို့လို့ ဟမ်းကမ်ရီနဲ့ ကျောပိုးအိတ် အားလုံးစုစုပေါင်း ဆယ်ပေါင်ပဲ သယ်လို့ရတယ်။ ဟမ် ... ဒီဟမ်းကမ်ရီအိတ်၊ ကျောပိုးအိတ်နဲ့ ခရီးသွားလာတာကြာပြီ။ အလာစကာသွားတုန်းကထက်အောင် ပစ္စည်းက နည်းနေသေးတယ်။ ကိုယ့်အဝတ်အစားကနည်းနည်း၊ အဖေ့အတွက် ဒေါင်းကုတ်၊ အဖေကြိုက်တဲ့ Old Town Milk Tea တထုပ်၊ အဖေ၊ အမေ၊ မကြီးအတွက် မာဖလာ၊ လက်အိတ်၊ ခြေအိတ်၊ သူတို့ကိုပေးမဲ့ လက်ဆောင်ပစ္စည်း၊ ဗိုက်ဆာရင်စားဖို့ nuts တွေ။ ချက်ကင်မဝင်လို့လဲမဖြစ်ဆိုတော့ ၁၀၀ ပေးလိုက်ရတယ်။ စောစောစီးစီး အွန်လိုက်ကနေ ချက်ကင်ဝင်ရင် ၃၅ ကျပ်ပဲ ပေးရတယ်တဲ့။ သေချာမကြည့် မပြင်ဆင်တဲ့ အကျိုးကျေးဇူးတွေ စတူးပစ်လို့ ၁၀၀ ပေးလိုက်ရတော့ ဗိုက်ဆာရင်စားဖို့ သယ်လာတဲ့ ကန်စွန်းပြုတ်တောင် မစားနိုင်တော့ဘူး။ လန်ဒန်ကို ၆ နာရီစီးရတယ် လန်ဒန်က နယူးယောက်ထက် ၅ နာရီစောတယ်။ တနင်္ဂနွေနေ့လည် ၁၁ နာရီရောက်တယ် အင်မီဂရေးရှင်းဝင်တော့ နယူးယောက်မှာ ဘာလုပ်သလဲမေးတယ်။ ဂရင်းကဒ်နောက်ဖက်က စတစ်ကာကို မှန်ဘီလူးနဲ့ အသေအချာကြည့်တယ် ဒီလိုစစ်တာ တခါမှမမြင်ဖူးဘူး။ မင်း ယူကေဗီဇာရတာကြာပြီ ဘာလို့ခုမှ လာတာလဲတဲ့။ ကိုယ့်မိဘတွေရဲ့ဗီဇာကို စောင့်နေတာ ဒီနေ့သူတို့လန်ဒန် လာလိမ့်မယ် ဒုန်းဆို ဗီဇာထုပေးလိုက်တယ်။

ဝိုင်းပြောတဲ့အတိုင်း oyster card ကဒ်ဝယ်တော့ မြေအောက်ရထားကဒ်ကို ဗစ်တိုးရီးယားဘူတာမှာဝယ် ခု Getwick လေဆိပ်ကနေ ဗစ်တိုးရီးယားဘူတာအထိ ရထားလက်မှတ်ဝယ်တဲ့။ ၄၅ မိနစ်လောက် စီးရတယ် ဗစ်တိုးရီးယားဘူတာမှာ oyster card လေးကဒ်ဝယ် ၃၀ ထည့်။ ပြီးတော့ ကင်းခရော့ကိုသွား အင်တာနက်ကဒ် မဝယ်ထားတော့ ဖုန်းနဲ့ ဂူဂယ်မတ်မှာ ရှာလို့မရဘူး။ လုံခြုံရေးကိုမေးတော့ ဟိုဖက်မှာတဲ့ ဘာဂါကင်းရှေ့မှာ ဆေးလိပ်သောက်နေတဲ့ ဝန်ထမ်းကိုမေးတော့ ဂူဂယ်မတ်မှာ ရှာပေးတယ်။ သွားရမဲ့လမ်းက အကွေ့အကောက်များတော့ သူလည်းမညွှန်တတ်ဘူး။ ဦးနှောက်ထဲမှာ မှတ်ထားလိုက်တယ် မှတ်မိသလောက်သွား ဈေးဆိုင်ကိုမေးနဲ့ ၁၀ မိနစ်နဲ့ရောက်မဲ့ခရီးက မိနစ် ၂၀ နဲ့မှရောက်တယ်။ ခဏနား တရုတ်တန်းမှာ လန်ဒန်ပတ်စ်သွားထုတ်တော့ လည်နေတာ ၁၀ မိနစ်လောက်။ မေးတော့လည်း ဘယ်သူမှမသိဘူး ဒီဖက်ခြမ်းမှာ မဟုတ်လောက်ဘူး ဟိုဖက်ခြမ်းမှာထင်တယ် သွားရှာတော့မှတွေ့တယ်။ ပရင့်ထုတ်တဲ့စာရွက်နဲ့မှ ရမယ်တဲ့ ပရင့်ဘယ်မှာထုတ်လို့ရလဲမေးတော့ ဟိုဖက်ကအင်တာနက်ကဖေးဆိုင်မှာ ထုတ်လို့ရတယ်။ ဂျီမေးလ်ကနေ ထုတ်တော့ လုံခြံ ုရေးအရ ကိုယ့်ဖုန်းကို verficiation code ပို့ပေးမယ်တဲ့။ မဖြစ်ဘူး ကိုယ့်ဖုန်းက No service အဲ့ဒါဆို ဟိုးနားကဟိုတယ်မှာ အင်တာနက်ဖရီးရတယ် အဲ့ဒီကိုသွားပြီး ဆိုင်အီးမေးလ်ကိုပို့။ သူပြောတဲ့ဟိုတယ်မတွေ့လို့ သွားပြန်မေး ရှာမတွေ့တော့ ဘာဂါကင်းဆိုင်ထဲဝင်ပြီး အီးမေးလ်ပို့။ စောစောစီးစီး သောကြာနေ့မနက်ကတည်းကပို့လို့ ရုံးမှာပရင့်ထုတ်ခဲ့ရရင် ဒီလိုဒုက္ခကြံကြုံမှာမဟုတ်ဘူး။ ခုတော့ အီးညှောင့်အီးညှောင့် အချိန်ဆွဲလို့ ကိုယ့်မှာဟိုပြေးဒီပြေး။ လုပက်စ် flare ဖြစ်နေလို့ ကိုယ်လက်တွေနာနေတော့ ပိုပင်ပန်းတယ်။ ပရင့်ထုတ်ပြီးလို့ သွားထုတ်တော့ မနက်ဖြန်မှ ထုတ်လို့ရမယ်တဲ့။ ဟီးသရိုးလေဆိပ်ကို ၄၅ မိနစ်လောက် စီးရတယ်။ နှစ်နာရီလောက် စောရောက်နေတာ့ ငိုက်ရင်းစောင့် သူတို့အင်မီဂရေးရှင်းဝင်နေတုန်း ဘိုင်ဘာကနေ အဆက်အသွယ်ရတယ်။ တနာရီလောက် ကြာတော့မှ ထွက်လာကြတယ်။ လန်ဒန်မတ်ထရို app ကို ဖုန်းမှာဒေါင်းလုပ်ချထားတာ အတော်အဆင်ပြေတယ်။ ရထားလက်မှတ်ဖြတ်တော့မှ ကိုယ့်ကဒ် ပျောက်နေမှန်းသိတယ်။ ဖုန်းကိုထုတ်လိုက်ထည့်လိုက် လုပ်နေတုန်း ကျသွားတာဖြစ်မယ်။ ကိုယ်ဟာ ပစ္စည်းပျောက်ခဲတဲ့သူပါ ပိုက်ဆံထက် နမော်နမဲ့နိုင်တာကို  စိတ်ထဲမကောင်းတာ။ အဖေနဲ့အမေဟာ နိုင်ငံခြားခရီးသွားနေကြဆိုတော့ သူတို့ကြည့်ရတာ အေးအေးဆေးဆေး သက်တောင့်သက်သာပဲ။ မြေအောက်ရထားက ထွက်တာနဲ့အေးလို့ ဒေါင်းကုတ်ဝတ်၊ မာဖလာပတ်၊ ဦးထုပ်ဆောင်း။ အဖေဆို ထခုန်နေတယ် ချမ်းလို့တဲ့။

သူတို့တသက်မှာ ဒီဟာအချမ်းဆုံးပဲတဲ့ နယူးယောက်ဆောင်းက ဒီထက်နှစ်ဆအေးတယ်။ အမလေး ... အဲ့ဒါဆို နယူးယောက်ကို ဆောင်းတွင်းလာနိုင်မယ် မထင်ဘူး။ ဆောင်းတွင်းတခါလောက် ခေါ်ဦးမယ် နှင်းမြင်ဖူးအောင်လို့။ အိပ်စင်နှစ်ထပ်နဲ့ဟိုစတယ်အခန်းက အတော်ကျဉ်းတယ်။ ဟိုစတယ်မှာ အိပ်ရုံပဲအိပ်တာပဲ သူများနဲ့ မရှယ်ရတာ အတော်ဟုတ်နေပြီ ပိုက်ဆံသက်သာဖို့က အဓိကမဟုတ်လား။ ဗိုက်ဆာလားမေးတော့ မဆာဘူးတဲ့ ထိုင်းအဲဝေးက အများကြီး‌ကျွှေးလိုက်တယ်။ ကိုယ့်လေယာဉ်လက်မှတ်က ဘတ်ဂျက်လက်မှတ်ဆိုတော့ ဘာမှမ‌ကျွှေးဘူး ဝယ်စားလို့ရတယ် ၄၅ ကျပ်။ ကိုယ်ကတော့ မနက်စာ၊ ညစာလွတ် ပင်ပန်းပြီးမစားနိုင် အဖေတို့ သယ်လာတဲ့ ယောင်းမပေးလိုက်တဲ့ မုန့်ဖက်ထုပ်တထုပ်စား။ မုန့်ဖက်ထုပ် အထုပ်၃၀ထည့်ပေးလိုက်တယ်တဲ့ ဘာလို့ဒီလောက်အများကြီး သယ်လာတာလဲ။ ဟိုစတယ်မှာ ရေခဲသေတ္တာမရှိတော့ သိမ်းထားလို့မရ။ ပင်ပန်းလို့ စောစောအိပ်ကြတယ် နောက်နေ့ လန်ဒန်ဘယ်နေရာတွေ သွားလည်သလဲဆိုတာ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ ဒီပို့စ်တင်တဲ့အချိန်မှာ ကိုယ်ဟာ ရန်ကုန်မြို့ဆီ သွားနေတဲ့လေယာဉ်ပေါ်မှာ ရှိနေမှာပါ။ ရန်ကုန်မှာ ၂ ပတ်ကျော် ကြာမှာပါ။ ၈ နှစ်ကြာမှ ပြည်တော်ပြန်တဲ့ခရီးဆိုတော့ ရန်ကုန်ဘာတွေများ ပြောင်းလဲနေမှာပါလိမ့်။ ပြန်လာမှပဲ ရန်ကုန်သွားတောလား ပို့စ်တွေ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၉ ။

2 comments:

စံပယ္ခ်ိဳ said...

အင်္ဂလန်ရောက်ခဲ့ပြီ

San San Htun said...

စံပယ်ချို said...
အင်္ဂလန်ရောက်ခဲ့ပြီ
February 7, 2019 at 12:38 AM