တနာရီခွဲလောက်စီးပြီးတော့ နောက်ဘတ်စ်ကားတစီး ပြောင်းရတယ်။ ဘတ်စ်မြေပုံကြည့်၊ မကြီးဝယ်လာတဲ့ ဆင်းကဒ်ထည့်ထားလို့ ဖုန်းမှာဂူဂယ်မတ်ရတယ်။ လန်ဒန်တာဝါကို နေ့လည် ၁ နာရီခွဲလောက်မှာ ရောက်သွားတော့ ဗိုက်ဆာနေကြပြီ။ လမ်းဘေးဆိုင်ကနေ ဟော့ဒေါ့၊ ခရိုဆွန်၊ ကော်ဖီဝယ်သောက်ကြတယ်။ လန်ဒန်ပတ်စ်နဲ့ဆို တန်းစီစရာမလိုဘူး။ လန်ဒန်တာဝါမှာ White Tower နဲ့ Jewels of The Crowns တွေကို မဖြစ်မနေ လည်ရမယ်တဲ့။ လူတွေကြိတ်ကြိတ်တိုးနေတဲ့ Execution Tower ကို ဝင်လည်တယ်။ မှောင်မည်းကြပ်ညှပ်နေတဲ့ အခန်းတွေထဲမှာ ဘယ်လိုနှိပ်စက်ညှင်းပန်းတယ်ဆိုတာ သရုပ်ပြထားတယ်။ White Tower က လှေကားထစ် ၄၀၀ တက်ရမယ်ဆိုတော့ အဖေတို့က မတက်တော့ဘူး အောက်မှာစောင့်နေမယ်တဲ့။ အဖေတို့ မလိုက်သာမှန်သွားတယ် ကိုယ်တောင် ဟိုက်နေအောင် တက်ရတာ။ ရှေးတုန်းကသုံးတဲ့ သံချပ်ကာ၊ ဓားတွေကို မြင်ရတဲ့အခါ အဖေတို့ကို မြင်ဖူးစေချင်တယ်။ ဒီလိုသံချပ်ကာတွေကို ရုပ်ရှင်ထဲမှာသာ မြင်ဖူးတာ ခုအပြင်မှာ ပထမဆုံးမြင်ဖူးတာပဲ။ ကလေးအတွက် သံချပ်ကာလည်းရှိတယ်။ အတော်လေးမှာပဲ သံချပ်ကာဝတ်ဖို့ဆိုရင် ဘော်ဒီတောင့်မှဖြစ်မယ်။ စောင့်နေမယ်လို့ပြောထားတဲ့နေရာမှာ အဖေတို့ကိုမတွေ့လို့ စိတ်ပူသွားတယ်။ ပတ်ရှာကြည့်လိုက်တော့ လေကွယ်တဲ့နေရာနားမှာ ထိုင်နေကြတယ်။ Jewels of The Crowns မှာတော့ ဘုရင်အဆက်ဆက် ဆောင်းခဲ့ကြတဲ့ သရဖူတွေပြထားတယ်။ လမ်းလျှောက်ဖို့ မလိုဘူး အလိုအလျောက် ရွေ့နေတဲ့ပေါ်မှာ ရပ်ရတယ်။ ပတ္တမြားငမောက်ကို ဘယ်မှာများ ထားတာပါလိမ့်။ အိမ်သာတွေ့တုန်းလေး အိမ်သာဝင် ထိုင်ခုံနားမှာ အမြောက်တွေတွေ့တယ်။ ဝန်ထမ်းတွေ ဝတ်ထားတဲ့ ရှေးဟောင်းဝတ်စုံလေးတွေက အင်မတန်လှတယ်။ ခံတပ်အုတ်တံတိုင်းပေါ်တက်ပြီး ဓာတ်ပုံရိုက်မလို့ဟာ တာဝါပိတ်တော့မယ်။ အုတ်တံတိုင်းကလည်း တလမ်းပဲသွားလို့ရတယ်။ ကိုယ်တို့သွားလို့ရတဲ့ဖက်က သစ်ပင်တွေနဲ့ ကွယ်နေလို့ Tower of Bridge ကို မမြင်ရဘူး။ လန်ဒန်တာဝါကနေ သိမ်းစ်မြစ်ဖက်ကိုလမ်းလျှောက် Tower of Bridge နဲ့ဓာတ်ပုံရိုက်။ မိသားစုပုံရိုက်ချင်ပေမဲ့ လူတွေကလည်း သူတို့ဘာသာ ဓာတ်ပုံရိုက်ဖို့ အလုပ်ရှုပ်နေကြတာနဲ့ အကူအညီမတောင်းတော့ဘူး။ မကြီးက လန်ဒန်မလာခင်နေ့ကမှ သွားဝယ်ထားတဲ့ tripod ထောင်ပြီး ဓာတ်ပုံရိုက်တယ်။ Tower of Bridge တံတားဟာ အင်မတန်ခန့်ညားလှပတယ်။
ဝက်မင်စတာအမ်ဘီ ဆိုင်းဘုတ်နဲ့ |
ဝက်မင်စတာအမ်ဘီ ပိတ်ထားလို့ လူရှင်းနေတာ |
ဝက်မင်စတာအမ်ဘီ |
ဝက်မင်စတာအမ်ဘီ ခမ်းနားလှပတဲ့ ဘုရားကျောင်း |
ဝက်မင်စတာအမ်ဘီရှေ့ |
အဲ့ဒီကနေ Shard View ကို ရထားစီး ရောက်တော့ အဖေက အပေါ်မတက်တော့ဘူး ညောင်းလို့တဲ့။ အောက်ပဲရောက်နေပြီ အပေါ်မတက်ချင်လို့ ဖြစ်မလားလို့ အမေကပြောတော့မှ တက်မယ်တဲ့။ Shard View ပေါ်ကနေ နေဝင်ချိန် လန်ဒန်တမြို့လုံး ၃၆၀ ဒီဂရီ ပတ်ပတ်လည် မြင်ရတဲ့ရှုခင်းကလှတယ်။ ညောင်းလွန်းလို့ ခြေပစ်လက်ပစ်ကို ကြမ်းပြင်ပေါ် ထိုင်နေကြတာ။ ၁၅ မိနစ်လောက် ထိုင်ပြီးတဲ့အချိန် နေဝင်ဆည်းဆာကို ကြည့်ဖို့လာတဲ့သူတွေ များလာတော့ ဝန်ထမ်းကလာပြီး လူတွေများလာလို့ ထကြည့်ပါလားလို့ ပြောလာတယ်။ ဘိုတွေကတော့ ဘီယာ၊ ဝိုင်၊ ကော်ဖီခွက်လေးကိုင်ပြီး နေဝင်ဆည်းဆာကို တစိမ့်စိမ့်ကြည့်ရှုခံစားကြတယ်။ ကိုယ်တွေကတော့ လူတွေကြားထဲ တိုးဝှေ့ပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားတယ်။ ဆိုင်ကဟာတွေ ဝယ်စားမှ ထိုင်ခုံမှာထိုင်ခွင့်ရှိတယ်။ အပေါ်ဆုံးထပ်ကို တက်ကြည့်တော့ အမိုးဖွင့်ထားလို့ လေကောင်းလေသန့်ရပေမဲ့ အေးလို့ပြန်ဆင်းပြေးရတယ်။ Shard View ကနေ လုပ်ပေးတဲ့ ဓာတ်ပုံစာအုပ်လေးက လှပေမဲ့ဈေးကြီးလို့ မဝယ်တော့ဘူး။ ဒီနေ့ လန်ဒန်ပတ်စ်နဲ့လည်ရမဲ့ဟာတွေ လည်ပြီးပြီ ဗိုက်ကလည်း အတော်ဆာနေပြီဆိုတော့ ကင်းခရော့ခ်ကိုပြန်။ ယိုးဒယားထမင်းဆိုင်မှာ မနက်စာနဲ့ညစာ ပေါင်းစားကြတယ်။ နောက်နေ့မနက်စားဖို့ ထမင်း ၂ ဘူးဝယ်တယ်။ ဟိုစတယ်ကို ပြန်ရောက်တဲ့အချိန်က ည ၁၀ နာရီ တချိုးတည်း တန်းအိပ်တော့တာပဲ။ နောက်နေ့ လန်ဒန်ဘယ်နေရာတွေ သွားလည်သလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
ဖေဖေါ်ဝါရီ ၉ ၊ ၂၀၁၉ ။
လန်ဒန်အိုင်း London Eye |
London Eye |
လန်ဒန်မှာပဲ တွေ့ရလေ့ရှိတဲ့ တယ်လီဖုန်းရုံ |
နှစ်ထပ်ဘတ်စ်ကားပေါ်ကနေ မြင်ရတဲ့ သိမ်းမြစ်နဲ့ ပါလီမန် ညာဖက်က အမည်းရောင် ငြမ်းဆင်ထားတာ နာမည်ကျော် Big Ben နာရီစင် |
Tower of London |
White Tower |
Jewels of Crowns အထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိ |
Tower of Bridge |
Tower of Bridge |
အမြင့်ကြောက်တတ်တဲ့သူ မကြောက်အောင် လေ့ကျင့်နေတာ |
Tower of Bridge ကနေ မြင်ရတဲ့ Shard View |
Tower of London ကနေ မြင်ရတဲ့ Shard View |
Tower of Bridge ကနေ မြင်ရတဲ့ Tower of London |
Shard View ကနေ မြင်ရတဲ့ Tower of Bridge |
Shard View ကနေ မြင်ရတဲ့ သိမ်းစ်မြစ် |
Shard View ကနေ မြင်ရတဲ့ လန်ဒန်ညနေဆည်းဆာ |
အမျိုးသမီးနဲ့ ကလေး သံချပ်ကာဝတ်စုံ |
အမျိုးသား သံချပ်ကာဝတ်စုံ |
စစ်မြင်းမှာလည်း သံချပ်ကာဝတ်စုံနဲ့ |
No comments:
Post a Comment