အင်္ဂလန်သွား တောလား - ၃

မနက်မိုးလင်းခါနီး အိမ်မက်မက်တယ် မှောင်မဲအလုံပိတ်ထားတဲ့ အခန်းထဲမှာ အသက်ရှူမဝဖြစ်နေတယ်။ အခန်းအပြင်ထွက်မှဆိုပြီး ထွက်လိုက်တော့ နဖူးနဲ့ကုတင်ဘောင်နံရံ ဆောင့်မိလို့ အောင်မလေး ... သေပါပြီ။ အဖေက သမီး ဘာဖြစ်တာလဲ ကိုယ်ကုတင်ပေါ်က ပြုတ်ကျပြီထင်နေတာ။ မနေ့က Tower of London  နှိပ်စက်ဆောင်ကို ဝင်ကြည့်ပြီးတော့ မှောင်မဲအလုံပိတ်အခန်းထဲ ရောက်နေသလိုမျိုး အိမ်မက်မက်တာ။ မနှစ်က အိပ်မပျော်လို့ Melatonin သောက်တာ မှောင်မဲအလုံပိတ်အခန်းထဲမှာ အပြင်ကို ဘယ်လိုထွက်ရမှန်းမသိ ဖြစ်နေတဲ့အိမ်မက် မက်တယ်။ နောက်နေ့ ဆက်သောက်တော့ မှောင်မဲအလုံပိတ်အခန်းထဲမှာ အခန်းထဲကနေ ထွက်ဖို့ကြိုးစားရင်း အိပ်ခန်းတံခါးကို ဝင်ဆောင့်တော့မှ အိမ်မက်မက်ပြီး လမ်းလျှောက်နေမှန်းသိတယ်။ အဲ့ဒီကတည်းက မက်လာတိုနီမသောက်တော့ဘူး အိပ်မပျော်ရင် မက်ဂနီဆီယမ်သောက်တယ်။ ၂၀၁၈ အောက်တိုဘာ ၂ အင်္ဂါနေ့ မနက် ၆ နာရီလောက်နိုး ရေချိုး မနက်စာအဖြစ် မနေ့ကဝယ်လာတဲ့ ထမင်းကို အဖေတို့သယ်လာတဲ့ ငါးကျီးကြော်၊ ငံပြာရည်ကြော်တို့နဲ့ စားတယ်။ ထမင်းက ကောက်ညှင်းလို စီးစီးပိုင်ပိုင် ထွေးထွေးအိအိလေး။ ဘိုစာတွေထက် အဲဒီလိုလေးစားရမှ ဗိုက်ဝသလို နေသာထိုင်သာရှိတယ်။ ဘူဖေးခန်းထဲက ရေနွေး ၂ ခွက်တောင်းပြီး လက်ဖက်ရည်ဖျော်သောက်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာကို အဖေတို့ကိုပြတယ်။ ကင်းခရော့ခ်ဘူတာကနေ ချယ်ဆီးကွင်းရှိတဲ့ Fulham Broadway ဘူတာကို မိနစ် ၄၀ လောက်ဝေးတယ်။ ချယ်ဆီးကွင်းက ဘူတာကနေ ဆယ်မိနစ်လောက်ပဲ ဝေးတယ်။ အဝင်ဂိတ်နားကနံရံမှာ ချယ်ဆီးဘောလုံးသမားပုံတွေ တွေ့ရတဲ့အခါ အဖေက သူ့ဘော်ဒါတွေကို တွေ့ရသလိုမျိုး။ ကိုယ်တို့ကို နာမည်၊ နိုင်ငံပြောပြတယ်။ လန်ဒန်ပတ်စ်ပြလိုက်တော့  နေ့လည် ၁၂ နာရီမှာ တိုးရှိတယ်။ ထိုင်ခုံမှာထိုင်ပြီး စောင့်လို့ရသလို ပြတိုက်ထဲသွားလည်ပြီးမှ ပြန်လာလို့ရတယ်။ ပြတိုက်ထဲ သွားလည်ကြတယ် ဆုတံဆိပ်တွေ၊ အားကစားသမားအကြောင်းတွေ၊ ဗွီဒီယိုတွေနဲ့ ရှင်းပြတယ်။ ချယ်ဆီးကွင်းတိုးစတော့ တိုးဂိုက်က ကွင်းထဲကထိုင်ခုံမှာ ထိုင်ခိုင်းပြီး ဘယ်နိုင်ငံလာတာလဲမေးတယ်။ ချယ်ဆီးအသင်းသမိုင်းကြောင်း၊ မန်နေဂျာသတင်းစာ ရှင်းလင်းခန်း၊ ဘောလုံးသမားတွေ အဝတ်လဲခန်းအကြောင်းတွေ ပြောပြတယ်။ ချယ်ဆီးအားပေးတဲ့သူကတသင်း၊ အားမပေးသူကတသင်း နှစ်သင်းတန်းစီပြီး ကွင်းထဲကိုသွားတဲ့အခါ ချယ်ဆီးကလပ်အသင်း သီချင်းဖွင့်ပေးထားတယ်။

ကိုယ်တို့တွေ တနေရာကနေ တနေရာကူးတိုင်း ဝန်ထမ်းတယောက်က လူစေ့မစေ့ ရေတွက်တယ်။ တိုးက ၄၅ မိနစ်လောက်ကြာတယ်။ ချယ်ဆီးအသင်း တံဆိပ်ပါတဲ့ဟာတွေ ဝယ်ချင်ပေမဲ့ ဈေးကြီးလို့မဝယ်တော့ဘူး။ လန်ဒန်ပတ်စ်နဲ့ ချယ်ဆီကွင်း၊ အာစင်နယ်ကွင်းတွေ သွားလည်လို့ရတယ် ဘယ်ကွင်းသွားလည်ချင်လဲလို့ အဖေ့ကိုမေးတော့ ချယ်ဆီကွင်းတဲ့။ ဘူတာရုံနားက လျှော့ပင်းမောလ်မှာ အိမ်သာရှာကြတော့ အောက်ထပ်မှာ ပိတ်ထားတယ်။ လန်ဒန်မှာ အိမ်သာတခါဝင် ၂၅ ဆင့်ပေးရတယ်။ အဝင်ဝမှာ အကြွေစေ့လဲပေးတဲ့ စက်ရှိတယ်။ ဝက်စ်မင်စတာအမ်ဘီ ဘူတာရောက်တော့ နေ့လည် ၂ နာရီ။ ဗိုက်ဆာရင် ကိုယ်သယ်လာတဲ့ အစေ့အနှံ nuts တွေစားကြတယ်။  မနက်က ဗိုက်ကားအောင် စားခဲ့ကြတော့ တအားကြီးတော့ မဆာဘူး။ ဝက်စ်မင်စတာအမ်ဘီ ဘုရားရှိခိုးကျောင်း အဝင်ဝမှာ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီး။ အထဲမှာ အတော်ခမ်းနားတယ် ဓာတ်ပုံရိုက်ခွင့်မရှိဘူး။ ကိုယ်ရောက်ဖူးသမျှ ဘုရားရှိခိုးကျောင်းတွေထဲမှာ အခမ်းနားဆုံး အလှပဆုံးပဲ။ အဖေနဲ့အမေက ညောင်းလို့ထိုင်ကြတယ် ကိုယ်တို့ညီအစ်မနှစ်ယောက်က audio guide နဲ့ အနှံ့လျှောက်ကြည့်တယ်။ အထွက်မှာ အိမ်သာတွေ့တော့ ပိုက်ဆံမပေးရတဲ့ အိမ်သာတွေ့တုန်း ဝင်ထားမှဆိုပြီး ဝင်ကြတယ်။ ဝက်စ်မင်စတာအမ်ဘီကနေ Churchill War Rooms ကို ၁၀ မိနစ်လောက်ပဲဝေးတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြေအောက်အခန်းတွေထဲမှာ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာ ပြသထားတယ်။ ဗြိတိသျှဝန်ကြီးချုပ်ချာချေးဟာ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှာ ဗြိတိသျှတွေနိုင်အောင် ဦးဆောင်ခဲ့တဲ့သူ။ တလောကကြည့်ဖူးတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံ Dunkirk ကမ်းခြေကနေ ဆုတ်ခွာဖို့ စောင့်နေတဲ့ ဗြိတိသျှ၊ ပြင်သစ်၊ ဘယ်ဂျီယမ်၊ ဒတ်ချ်စစ်သားတွေပေါ် ဂျာမန်လေယာဉ်တွေက ဗုံးကြဲတော့ အသက်ဘေးအတွက် ဘယ်လိုလွတ်မြောက်အောင် ကြိုးစားရုန်းကန်ခဲ့ရသလဲဆိုတာ ရိုက်ကူးထားတဲ့ Dunkirk ရုပ်ရှင်အဆုံးမှာ ချာချေးရဲ့ သမိုင်းဝင်မိန့်ခွန်းနဲ့ အဆုံးသတ်ထားတယ်။

"We shall fight on the seas and oceans,
we shall fight on the beaches,
we shall fight on the landing grounds,
we shall fight in the fields and int the streets,
we shall fight on the landing grounds,
we shall fight in the fields and in the streets,
we shall fight in the hills"

လန်ဒန်မြေအောက်ရထား underground 
သူ့ဘော်ဒါတွေကို တွေ့ရသလိုမျိုးပဲ ဘောလုံးသမားနာမည်၊ ဘယ်နိုင်ငံကဆိုတာ အကုန်သိတယ်

လန်ဒန်ပတ်စ်နဲ့ ဝင်လို့ရလို့ ဘာမင်ကမ်နန်းတော် သွားတဲ့လမ်းမှာရှိလို့ လမ်းကြံကြုံလို့သာ ဝင်ကြည့်တာ။ Churchill War Rooms ကို သိပ်မကြိုက်လှဘူး။ St James စိန့်ဂျိန်းပန်းခြံကိုဖြတ်ကျော်ပြီး ဘာမင်ကမ်းနန်းတော်ဆီ သွားတဲ့လမ်းလေးက အင်မတန်သာယာတယ်။ စိန့်ဂျိန်းရေကန်မှာ ငှက်တွေ၊ ဘဲတွေ အေးအေးလူလူ ကူးခတ်ဆော့ကစား နေကြတယ်။ ဘာမင်ကမ်နန်းတော်ဆီကို ၁၅ မိနစ်လောက် လျှောက်ရတယ်။ နန်းတော်ရှေ့က တံခါးနားမှာ လူတွေကြိတ်ကြိတ်တိုး။ တံခါးဝရှေ့မှာ အလှည့်ကျဓာတ်ပုံရိုက်ရတယ်။ စိန့်ပေါလ်ဘုရားကျောင်းကို သွားနိုင်သေးလားမေးတော့ မသွားနိုင်တော့ဘူး အတော်ညောင်းနေပြီတဲ့။ ကဲ ... ဒီနေ့တာ့ လန်ဒန်ပတ်စ်နဲ့ လေးနေရာလည်ပြီးပြီ မနေ့ကလည်း လေးနေရာလည်တယ်။ တခုကိုဝင်ခွင့် အနည်းဆုံး ၂၀ လေးနေရာဆိုတော့ ၁၀၀ တွက်ချေကိုက်တယ်။ အမလေး ... တွက်ခြေကိုက်အောင် တန်အောင် အသည်းအသန်လည်ရတာများ လူတွေမှာ ဖပ်ဖပ်ကိုမောလို့ အဖေကပြောတော့ ရယ်လိုက်ရတာ။ Green ပန်းခြံကို ဖြတ်ကျော်ပြီး Green Park ဘူတာရောက်တော့ ကိုသက်ထွေးအဖေက အိမ်သာသွားချင်တယ်။ ကိုယ်နဲ့အမေက ဘူတာမှာ ထိုင်ပြီးစောင့်။ ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ ကိုယ်တို့ကို လန်ဒန်သူလန်ဒန်သားတွေ မသိမသာ ကြည့်သွားကြတယ်။ ကြည့်ပါစေ ပင်ပန်းလွန်းညောင်းလွန်းလို့ ဘာကိုမှဂရုမစိုက်နိုင်တော့ဘူး။ အိမ်သာအထွက်တံခါးဝက လော့ခ်ကျနေလို့ မကြီးက ဘူတာရုံဝန်ထမ်းကို သွားခေါ်ပြီးဖွင့်ခိုင်းရတာတဲ့။ အဲ့ဒါကြောင့် ကြာပါတယ်ထင်နေတာ။ ဒီနေ့လည်း နေ့လည်စာနဲ့ ညနေစာကို ကင်းခရော့ခ်ဘူတာနားက စားနေကျ ယိုးဒယားဆိုင်မှာပဲ စားကြတယ်။ မနက်ဖြန်မနက်စာအတွက် ထမင်းကြော်နှစ်ဘူး ဝယ်လိုက်တယ်။ နောက်နေ့ စကော့တလန် အက်ဒင်ဘာ့ခ်မြို့ကို သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၉ ။

မန်နေဂျာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ နေရာ manager's press room 
ဗွီအိုင်ပီထိုင်ခုံ
ဝက်မင်စတာအမ်ဘီ Westminister Abbey ဘုရားရှိဦးကျောင်း ကိုယ်ရောက်ဖူးသမျှ ဘုရားကျောင်းထဲမှာ
အလှဆုံးအခမ်းနားဆုံးပဲ အထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိဘူး
ညာဖက်အောက်နား အမိုးလေးက Churchill War Rooms 
စိန့်ဂျိန်း St. James ပန်းခြံ ဘာကင်ဟမ်နန်းတော်ဆီ သွားတဲ့လမ်း
အေးအေးလူလူပဲ

ဘာကင်ဟမ်နန်းတော်

No comments: