လူစီတာ ...

လူစီတာ Lucita ဆိုတာ ကိုယ့်ကလိုင်းရင့်ရုံးက အက်စတီမိတ်တာ Estimator တစ်ယောက်ဖြစ်တဲ့ ဖိလစ်ပိုင်အန်တီကြီး။ အသက်က ငါးဆယ်ကျော်၊ အရပ်ကငါးပေ၊ အသားညိုညို၊ သေးကွေးတဲ့ ခန္ဓာကိုယ်ပိုင်ရှင်။ အမြဲတမ်းတက်ကြွ လန်းဆန်းနေတတ်တယ်။ ဆော့ဝဲမှာ ပြသနာရှိနေရင် အက်စတီမိတ်တာချုပ်၊ အက်စတီမိတ်တာတွေ ကိုယ့်ဆီကိုလာပြီး ဖြေရှင်းခိုင်းတော့ အက်စတီမိတ်တာတွေနဲ့ ရင်းနှီးနေတာပေါ့။ ပရိုဂရမ်းမင်း ပြသနာတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်ပေမဲ့ တချို့ပြသနာတွေကို တခြားဌာနကို လွှဲပေးသင့်တာလွှဲပေး၊ ပရောဂျက်ရည်ညွှန်းစာအုပ်ထဲမှာ မပါတဲ့လောဂျစ်တွေ လာမေးရင် ကိုယ့်မှာ coding ၊ database ထဲ ခေါင်းစိုက်ပြီး အဖြေရှာ၊ တခါတလေ စာရွက်ကို ပရင့်လုပ်တာ format ကြီးက ဘယ်လိုကြီး ဖြစ်နေတာတုန်း ဆိုတာက ရှိသေးတယ်။ ဟေ့ အဲဒါ ငါ့ဆော့ဝဲပြသနာ မဟုတ်ဘူး နင့်ကွန်ပျူတာက printer settings က ပြသနာ။ အဲဒီလို အက်စတီမိတ်တာတွေနဲ့ ငြင်းခုန်ရန်ဖြစ်၊ ကိုယ်မသိတာတွေကို မေးမြန်းပြီးသင်ယူ၊ ရက်စ်လို့ ပြောသင့်တဲ့အခါပြော နိုးလို့ငြင်းသင့်တဲ့အခါငြင်း ဘာလိုလိုနဲ့ ဒီကလိုင်းရင့်ရုံးမှာ တစ်နှစ်ကျော်ပြီ။ လူစီတာနဲ့ ရုံးပြန်ချိန်တူသလို ရထားလည်း နှစ်ဘူတာလောက် အတူတူစီးဖြစ်တော့ သူ့အကြောင်း၊ ကိုယ့်အကြောင်း ပြောဖြစ်တယ်။ ကိုယ့်အကြောင်းက များများဆိုပါတော့။

ကိုယ့်မောင် ဘယ်လိုအသုံးမကျတဲ့အကြောင်း၊ ကိုယ့်ဘွဲ့ဓာတ်ပုံက ဖိုတိုလျှော့တွေ များသွားလို့ ကိုယ်နဲ့တောင် မတူတဲ့အကြောင်း၊ ကိုယ့်တရုတ်ကုမ္ဗဏီက ဘယ်လိုကပ်စီးနည်းတာ၊ ဘယ်လိုခိုင်းတာ။ နတ်စုနဲ့မိုချီ ချစ်ဖို့ကောင်းတဲ့အကြောင်း။ ဖိလစ်ပိုင်က သမ္မတကတော်တစ်ယောက် ဖိနပ်တွေ အရန်သန်းချီရှိတာ ဘယ်သူပါလိမ့် မားကို့စ်။ အောင်မလေးနော် ပြည်သူ့ဘဏ္ဌာတွေကိုများ ခိုးလိုက်ကြတာ ကိုယ်တို့ဆီက ဗိုလ်ချုပ်တွေအတိုင်းပါလား။ မယ်စကြာဝဋ္ဌာက ဖိလစ်ပိုင်မယ် ရတယ်နော်။ ပုပ်ဖရန့်စစ် နယူးယောက်ကိုလာတော့ ဝေါထရိတ်စင်တာမှာ ဆုတောင်းပွဲလုပ်တာကို လူစီတာ သွားတယ်။ တရက် စတိုးဆိုင်မှာ ထီလက်မှတ်ဝယ်နေတဲ့ လူစီတာကိုတွေ့တယ် လူစီတာက ထီမှန်မှန်ထိုးတဲ့သူတစ်ယောက်။ ကိုယ်ကတော့ ကိုယ့်ကံက အလကားရမဲ့ကံမပါ ကိုယ်လုပ်မှကိုယ်ရတဲ့ ကံဆိုတာကို သိနေတော့ ထီမထိုးဖြစ်ဘူး။ ဟိုတလောက ပါဝါဘောထီ သန်း ၄၀၀ ဖြစ်တော့ ရုံးကလူတွေစုပြီး office pool ထိုးကြတယ်။ ဟာ ထီပေါက်လို့ကတော့ အလုပ်ချက်ချင်းထွက်မယ်၊ ကမ္ဘာပတ်မယ်၊ အဖေနဲ့အမေ့ကို ခြံလေးဝယ်ပေးမယ်၊ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေကို ပေးမယ်၊ အဲ တခါပဲပေးမှာ။ လိုအပ်တဲ့နေရာတွေကို လှုဒါန်းမယ်လို့ စိတ်ကူးတွေ ယဉ်လိုက်သေးတယ်။ လူစီတာနဲ့အတူ ထီလက်မှတ်ဝယ်၊ ဆိုင်မှာတစ်ကဒ်ကို စကန်ဖတ်ပြီး ထီပေါက်မပေါက် စစ်လို့ရတာကို လူစီတာက သင်ပေးတယ်။

၁၁ ထပ်ကနေ လူစီတာတို့က ၁၄ ထပ်၊ ကိုယ်တို့က ၁၇ ထပ်ပြောင်းတော့ လူစီတာက အအေးဗူးကို ရေထည့်ပြီး စိုက်ထားတဲ့အပင်လေးကို ယူမလားလို့မေးတယ် ယူမဲ့သူမရှိရင် လွှင့်ပစ်တော့မှာတဲ့။ ကိုယ့်ကွန်ပျူတာဘေးနားမှာ လူစီတာပေးထားတဲ့ အပင်စိမ်းစိမ်းလေးကို မြင်ရတာ သိပ်စိတ်ချမ်းသာတာပဲ။ ဂျာစီစီးတီးရုံးကို ပြောင်းတော့လည်း သယ်လာခဲ့တယ်။ အပင်ကကြီးလာပြီး အိုးကသေးနေတော့ ဖန်အိုးဝယ်လိုက်တယ်။ အပင်က ရှင်သန်လွယ်တဲ့ အပင်ဆိုတော့ သိပ်ပြီးဂရုစိုက်စရာ မလိုဘူး။ တပတ်တခါ ရေလဲပေးရင်ရပြီ အညွှန့်စိမ်းလေးတွေ ထွက်လာရင် ပျော်တယ်။ သောကြာနေ့ဆို ရုံးကလူတွေက နေ့လည်စာ ထွက်စားကြတယ်။ လွန်ခဲ့တဲ့နှစ်ပတ်က ကိုယ်တို့အဖွဲ့က ဂျပန်ဆိုင်၊ လူစီတာတို့အုပ်စုက အိန္ဒိယဆိုင် သွားကြတာ ဓာတ်လှေကားမှာဆုံတယ်။ ပြန်လာတော့လည်း ဓာတ်လှေကားမှာ ဆုံပြန်တယ်။ အင်္ဂါနေ့ နေ့လည်စာ ထမင်းနွေးနေရင်း ကိုရီးယားကြီး ကင်က လူစီတာ ဆေးရုံတက်ရတယ် ICU မှာ တင်ထားရတယ်လို့ အသိပေးတယ်။ ကိုယ်မသိဘူးဆိုတော့ သိနေမယ်ထင်နေတာတဲ့ လူစီတာ့ကို ကြည့်လိုက်ရင် အမြဲတက်ကြွနေတော့ ဒီလိုဖြစ်မယ်လို့ မထင်မိဘူး မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိပါလား။ နောက်တော့ အက်စတီမိတ်တာ ဖိလစ်ပိုင်ကြီး နေသန်ဆီက အီးမေးလ်ရတယ် တနင်္ဂနွေနေ့က ခေါင်းမူးတယ်ဆိုပြီးနေတာ ပစ်လဲတော့မှ ၉၁၁ ခေါ် ဆေးရုံရောက်တော့ အထူးကုသဆောင်မှာ။ သူ့သူဋ္ဌေးက သွားကြည့်တာ မမှတ်မိသလိုပဲတဲ့။ ဗုဒ္ဓဟူးနေ့ နေ့လည် ကိုယ်တို့ရုံးကလူတွေ သွားကြည့်ကြတယ်။ တခါကြည့်ရင် နှစ်ယောက်ပဲ ဝင်ခွင့်ပြုတယ် ပိုက်တွေအထပ်ထပ်၊ စက်တွေအများကြီးကြားမှာ အိပ်ပျော်နေတဲ့ လူစီတာကို မှတ်တောင်မမှတ်မိဘူး။



နေ့လည်ထမင်းစားချိန်ဆိုတော့ ဘယ်သူမှမရှိဘူး ဖြတ်သွားတဲ့ ဆရာဝန်ကို မေးကြည့်တော့ stroke သွေးကြောပိတ်တာ ညာဖက်ဦးနှောက် တော်တော့်ကို ဆိုးဆိုးရွားရွား သွေးကြောတွေ ပိတ်နေတယ်၊ ဘယ်ဖက်ဦးနှောက်က လေဖြတ်သွားတယ်၊ အခြေအနေကတော့ စိုးရိမ်စရာပဲ၊ မိသားစုတွေနဲ့ တိုင်ပင်ရဦးမယ်။ ဦးခေါင်းညာဖက်ခြမ်းမှာ ဆံပင်တွေရိတ်ပြီး ခွဲစိတ်ထားတဲ့ လက္ခဏာတွေ့ရတယ်။ stroke ဟာ တော်တော်ဆိုးတာပဲ သိသိချင်း နာရီဝက်အတွင်းမှာ သွေးခဲနေတာတွေကို ဖယ်ထုတ်နိုင်ရင် အသက်ရှင်ဖို့ အခွင့်အရေး များပေမဲ့ များသောအားဖြင့်က storke မှန်း မသိကြဘူး။ ခေါင်းမူးတယ်ဆိုရင် ညကအိပ်ရေးပျက်လို့၊ တက်စာတွေစားလို့မူးတယ်လို့ပဲ ထင်ကြမှာပေါ့။ ကိုရီးယားကြီးကင်က heart attack လို့မထင်ဘူး stroke လို့ထင်နေတာတဲ့။ သူထင်တဲ့အတိုင်းပါပဲ လူစီတာ့မှာ သွေးတိုးရှိပုံရတယ်။ ကိုယ်ကတောင် နာကျင်ကိုက်ခဲလို့ ကွတကွတ လမ်းလျှောက်နေရပေမဲ့ လူစီတာက ကိုယ့်ထက်ကျန်းမာရေး ကောင်းတယ်လို့ ထင်နေတာ။ ကြသပတေးနေ့မှာ လူစီတာ့အခြေအနေက ဘယ်လိုမှ ပြန်ကောင်းတော့မှာ မဟုတ်တော့လို့၊ တသက်လုံး စက်တွေအကူအညီနဲ့ ကုတင်ပေါ်မှာ ပက်လက်နေရမဲ့ဘဝဆိုတော့ မိသားစုဝင်တွေ တိုင်ပင်ပြီး သောကြာနေ့မှာ စက်ဖြ ုတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းလေး ကွယ်လွန်စေမယ်ဆိုတဲ့ အီးမေးလ်ရလာတော့ ကိုယ်တို့တရုံးလုံး ဝမ်းနည်းကြတယ်။ လွန်ခဲ့တဲ့ခြောက်လတုန်းက အမေ့ညီမအငယ်ဆုံး ချေချေမဟန် ဆုံးတော့ မတွေ့တာလည်း ၁၀ နှစ်ကျော်ပြီ၊ ကိုယ်သိပ်မချစ်တဲ့ အဒေါ်ဆိုတော့ စိတ်မကောင်းဖြစ်ရုံကလွဲလို့ မျက်ရည်မဝဲမိဘူး။

မနက်ဖြန် လူစီတာ ဆုံးမယ်ဆိုတာ သိရတော့ ကိုယ်မျက်ရည်ဝဲတာကိုများသိရင် အမျိုးတွေ ကိုယ့်ကို ဆဲကြလေမလားမသိ။ သောကြာနေ့မှာ ဘာအီးမေးလ်မှ မရ နောက်တနင်္လာနေ့ ရုံးတက်တော့လည်း ဘာသတင်းမှမထူး။ နေ့လည်စာကို pantry မှာစားရင်း ဂျော်ဒန်ကြီးဂျမားနဲ့ လူစီ့တာအကြောင်း ပြောပြဖြစ်တယ်။ ဂျမားက တခြားဆရာဝန်နဲ့ ပြောင်းပြသင့်တယ်၊ တစ်ပတ်တည်း ထားတာကတော့ စောလွန်းတယ်၊ တလလောက် အခြေအနေ စောင့်ကြည့်ရမှာ၊ တချို့ဘာသာဆိုရင် မိသားစုဝင်တွေ ဆန္ဒအရဆိုရင်တောင် ပိုက်ဖြုတ်ဖို့ ခွင့်မပြုဘူးတဲ့။ ဆေးရုံမှာ Hero ဆိုပြီး ဓာတ်ပုံတွေ တွေ့ခဲ့တယ်။ ကိုယ်တွင်းအင်္ဂါတွေလှုတဲ့ အလှုရှင်တွေနေမှာ။ ကိုယ် သေတဲ့အခါ မျက်ကြည်လွှာ၊ ကျောက်ကပ်၊ နှလုံး လှုလို့ရတာ အကုန်လှုခဲ့ချင်တယ်။ ခန္ဓာကိုယ်ကိုလည်း သုသေတနပြုတဲ့ နေရာမှာသုံးဖို့ လှုခဲ့ချင်တယ်။ တချို့ဘာသာရေးက အဲဒီလိုလှုတာတွေ  ခွင့်မပြုဘူးတဲ့။ သေတဲ့အခါ ဘာမှယူသွားလို့ရတာလည်းမဟုတ် ကိုယ်လှုလို့ တခြားသူတစ်ယောက် အသက်ဆက်ရှင်ခွင့်ရတာ မွန်မြတ်တဲ့ကိစ္စပါပဲ။ ဒါကြောင့် အလှုရှင်တွေကို ဟီးရိုးလို့ခေါ်ကြတယ်။ လူစီတာ့အခြေအနေ နည်းနည်းတိုးတက်လာလို့ ICU ကနေ တခြားဋ္ဌာနကို ပြောင်းလိုက်ပြီတဲ့။ ဂျမားကို ပြောပြတော့ ငါပြောတဲ့ အတိုင်းပါလားဆိုတဲ့ မျက်နှာပေးနဲ့။ သောကြာနေ့မှာတော့ လူစီတာဆုံးသွားပြီလို့ သိရတယ်။ လူစီတာဟာ မာန်မာနမရှိ၊ တခြားသူကို လေသံမာမာနဲ့တောင် မပြော၊ ကူညီတတ်၊ စိတ်ကောင်းစေတနာကောင်းရှိပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းသွားတဲ့သူ။

ကိုယ့်အတွက်တော့ အမေရိကန်မှာ ပထမဆုံးအကြိမ် အသုဘအိမ်ကို ရောက်ဖူးခြင်းပဲ။ အသုဘအိမ်က ဟိုတယ်ကျနေတာပဲ။ လူစီတာတို့မှာ မောင်နှမရှစ်ယောက် လူစီတာက အငယ်ဆုံး။ အစ်မအကြီးဆုံးနဲ့နေတာ လူစီတာက အပျိုကြီး အသက် ၅၀ ကျော်လို့ ထင်ထားတာ ၁၉၅၆ မွေးတော့ အသက် ၆၀ ရှိနေပြီ။ လူစီတာ့အစ်မတွေက လူစီတာနဲ့ ရုပ်ဆင်ကြတယ်။ ခေါင်းတလားက ဖွင့်ထားတယ် မိတ်ကပ်ပြင်ထားတော့ သက်ရှိထင်ရှား ရှိနေတုန်းကထက်တောင် လှနေတယ်။ မူလတန်း၊ အလယ်တန်းတုန်းက ရိုက်ထားတဲ့ အဖြူအမည်း ဓာတ်ပုံတွေ၊ မိသားစုဓာတ်ပုံတွေ ချိတ်ထားတယ်။ လူစီတာ ငယ်ငယ်တုန်းက ချောတာပဲ ငယ်ငယ်တုန်းက ငယ်ဂုဏ်ကြောင့် တယောက်တမျိုး ချောကြတာပဲ။ ဓာတ်ပုံရိုက်ဖို့ခက်ခဲတဲ့ တောမှာကြီးခဲ့တာဆိုတော့ ကိုယ့်မှာ ငယ်ငယ်တုန်းက ဓာတ်ပုံတွေ မရှိဘူး။ ၄ တန်း၊ ၅ တန်း ဆုယူတုန်းက ဓာတ်ပုံတွေကလည်း နာဂစ်နဲ့ ပါသွားရှာပြီ။ တရုတ်မယန်းက ကိုယ်တို့တွေ အစိုးရကို လစဉ် Socail Security ပင်စင်ငွေ နှစ်တွေအကြာကြီး ပေးခဲ့ပြီးမှ အသက် ၆၀ မတိုင်ခင် သေသွားခဲ့ရင် ပင်စင်ငွေတွေ နှမြောစရာကြီး။ အဲဒါကြောင့် သေမယ်ဆိုရင် အသက် ၆၀ ကျော်မှသေ။ လူစီတာ့မှာ ယောကျ်ား၊ ကလေးမရှိတော့ ပင်စင်ငွေတွေကို သူ့အစ်မက ထုတ်လို့မရဘူး။ အဲလိုဆို  အသက် ၆၀ မတိုင်ခင် သေသွားခဲ့ရင် ၊ ယောကျာ်း၊ ကလေး မရှိရင် ကိုယ့်ပင်စင်ငွေတွေ ဆုံးပြီပေါ့။ မဖြစ်ချေဘူး ကိုယ့်တူတော်မောင်ကို မွေးစားမယ် အဲဒါဆို ကိုယ့်သားဖြစ်ပြီး ကိုယ့်ပင်စင်ငွေတွေကို ထုတ်လို့ရမယ်။

နင် မွေးစားတာကို နင့်မောင်က ခွင့်ပြုဦးမှပေါ့ အိုး သူ့သားကောင်းကျိုး၊ သူတို့ကို ငါက ငွေတွေ ပေးနေတာကို ဒင်းက ဘာလို့လက်မခံနိုင်ရမှာလဲ။ ကြည့် ကိုယ် တော်တယ်နော် ပြသနာကို ချက်ချင်းဖြေရှင်းနိုင်တယ် အဟက် အဟက်။ မကြီးက ပြောဖူးတယ် ယူကေမှာ အခွန်ဥပဒေတွေ ရှိတယ်တဲ့ မသေခင် ဘယ်အချိန်မှာ အမွေပေးခဲ့ရင် အခွန်ကဘယ်လောက်၊ သေပြီး ဘယ်လောက်နေမှ အမွေပေးရင် အခွန်ကဘယ်လောက်။ လူတွေကလည်း အစိုးရကို အခွန်ရှောင်ဖို့ နည်းလမ်းတွေရှာကြသလို အစိုးရကလည်း လူတွေအခွန်မရှောင်နိုင်အောင် ဥပဒေတွေ ထုတ်နေမှာပါပဲ။ ဝေဒနာကို သိပ်အကြာကြီး မခံစားရဘဲ ငြိမ်းငြိမ်းချမ်းချမ်းလေး သေဆုံးသွားတာ လူစီတာအတွက် ကောင်းပါတယ်။ တခါတလေတော့လည်း တွေးမိတယ် သေခါနီးချိန်မှာ လူစီတာ ဘာတွေတွေးနေမလဲ။ သေပြီးတဲ့အခါ ဘယ်ဘုံဘဝကို ရောက်နေမလဲ။ အင်း ကိုယ်တွေလည်း ရှောင်လွဲလို့မရတဲ့ သေခြင်းတရားကို ဘယ်လိုရင်ဆိုင်မှာပါလိမ့်။ ကိုယ့်ကိုချစ်တဲ့ ကိုယ်ကလည်းချစ်တဲ့ လူစီတာ ကောင်းရာသုဂတိ ရောက်ပါစေ။

စန်းထွန်း
ဧပြီ ၂၄၊ ၂၀၁၆။

1 comment:

Anonymous said...

RIP Lucita..