နတ်စုနဲ့မိုချီ ...

အဲဒီလို လာမျှော်ကြတယ်... ဆိုင်မှာစားလို့ အရိုးတွေကျန်ရင် နတ်စုအတွက် ထုပ်သွားချင်တာ...မကောင်းတတ်လို့
မတဲ့အတူ‌နေ
နယူးယောက်က အလုပ်အော်ဖာရတော့ နှစ်ပတ်အတွင်း ပြောင်းရမယ်။ အရင်လို cragislist မှာ အခန်းရှာပြီး တခါတည်း မပြောင်းရဲဘူး။ နယူးယောက်မှာ အသိဘယ်သူရှိလဲလို့ မေးမြန်းကြည့်တော့ ဟိုင်းကြီးမှာကတည်းက အတူတူကြီးပြင်းလာပြီး သွေးမတော်ပေမဲ့ ကိုယ့်အစ်မလို့သတ်မှတ်ထားတဲ့ အစ်မရဲ့မိတ်ဆွေသူငယ်ချင်းက နယူးယောက်မှာ ဆွေမျိုးအစ်မတစ်ယောက်ရှိတယ် ကူညီပေးပါလိမ့်မယ်တဲ့။ အဲဒီအစ်မက ကိုယ့်အတွက် အခန်းရှာပေး၊ စားစရာတွေ‌ကျွှေး ကူညီစောင့်ရှောက်ပြီး ကိုယ့်မွေးစားအစ်မ ဖြစ်လာတယ်။ ကိုယ့်အိမ်ရှင်တွေက သဘောကောင်းတယ် ဒါပေမဲ့ ဆယ်ကျော်သက်အရွယ် ကလေးမလေးက ညဖက်ဆိုမအိပ်ဘူး။ ဧည့်ခန်းထဲမှာ ညဉ့်နက်တဲ့အထိ ရုပ်ရှင်တွေကြည့်တော့ ကိုယ်ကအိပ်မပျော်။ အရင်တုန်းကဆိုရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အိပ်ပျော်တယ်။ မကြီးကတော့ အိပ်ယာပြောင်းရင်၊ မီးလင်းနေရင်၊ အသံတွေကြားရရင် အိပ်မပျော်ဘူး။ ချွှတ်ခနဲဆိုရင် နိုးနေတတ်တယ် အိပ်တာအရမ်း sensitive ဖြစ်တယ်။ ကိုယ်လည်း မကြီးအသက်အရွယ်ရောက်ရာ သူ့လိုဖြစ်နေတယ်။ အလုပ်အသစ်၊ အိမ်အသစ်၊ လူအသစ်၊ မြို့အသစ်၊ ရုံးအသစ်မှာ နေသားကျဖို့ကြိုးစားရတဲ့ နှစ်လလောက်က အရမ်းပင်ပန်းတယ်။ အလုပ်ကလည်း ပင်ပန်းတော့ အိပ်ရေးဝဖို့လိုတယ် အိပ်ရေးမဝတော့ ခေါင်းကိုက်။ မဖြစ်ချေဘူး အိမ်ခန်းရှာမှပဲဆိုပြီး အိမ်ခန်းရှာပုံတော်ဖွင့်တော့ သုံးအိမ်သွားကြည့်ဖြစ်တယ်။ နတ်စုအိမ်ကိုကြည့်ပြီး သဘောကျလို့ နယူးယောက်ကိုရောက်ပြီး နှစ်လအကြာမှာ ပြောင်းဖြစ်တယ်။

ကိုယ် အိမ်သွားကြည့်တုန်းက အိမ်ရှင်ကောင်လေး ဖရန့်ကလင်းက သူ့ကို တွေ့လိမ့်မှာမဟုတ်ဘူး။ သူ့အမျိုးသမီး ဂျပန်မကိုပဲ အမြဲတွေ့လိမ့်မယ်ဆိုတော့ ဂျပန်မ ဂျပန်ကနေ ပြန်ရောက်လာတဲ့နေ့မှာ သွားတွေ့ဖြစ်တယ် စရန်နည်းနည်းလေး ပေးရင်းနဲ့ပေါ့။ ဂျပန်မချေမီနဲ့ စကားပြောနေတုန်း ခြေထောက်ကို ပုတ်လို့ လှည့်ကြည့်လိုက်တော့ ခွေးလေးတစ်ကောင် ခေါင်းကိုပွတ်ပေးလိုက်တော့ သဘောကျသွားတဲ့ပုံ။ သူ့နာမည်က နတ်စု ဂျပန်လို နွေဦးလို့အဓိပ္ဗာယ်ရပါသတဲ့။ ခွေးက ချီဘာအမျိုးအစား ဂျပန်မှာ သခင်ပါမောက္ခ သေသွားပေမဲ့လည်း ဘူတာရုံမှာ ဆယ်နှစ်လောက်အထိ စောင့်ဆိုင်းနေလို့ ခွေးရုပ်တုလေး ထားပေးရတဲ့အကြောင်း ဖတ်ရဖူးတယ်။ ရစ်ချက်ဂီရိ သရုပ်ဆောင်ထားတဲ့ အမေရိကန်ဗားရှင်း  ဟာချီကိုရုပ်ရှင် ကြည့်ဖူးတယ်။ နတ်စုက ငါးနှစ်သားအရွယ် ခွေးမလေး ဘရွတ်ကလင်းသား။ အရမ်းလိမ္မာတယ် လူတွေကိုလည်း ချစ်တတ်တယ်။ ဘာ‌ကျွှေးကျွှေး အကုန်စားတယ် ကိုယ်ထမင်းစားရင် လာမျှော်နေတတ်တယ်။ အပြင်ကပြန်လာရင် တကိုယ်လုံးလှုပ်ပြီး ကြိုတတ်တယ်။ သူ့အိပ်ယာမှာ အမြဲအိပ်ပေမဲ့ ကိုယ့်ကုတင်ပေါ်မှာ တက်အိပ်တတ်တယ်။ အမှန်က နတ်စုကို တနေ့နှစ်ကြိမ်လောက် ကျောင်းဖို့လိုတာ။ သူ့သခင်တွေက တနေ့တကြိမ်လောက်ပဲ ကျောင်းပေးတော့ နတ်စုက သေးကိုချုပ်ထားရပုံရတယ်။ ဖင်က သေးတစိုစို မအောင့်နိုင်တော့အဆုံး သူ့အိပ်ယာမှာ ကိစ္စရှင်းတတ်တယ်။ ကိုယ့်စောင်မှာ သေးစိုပြီးကတည်းက နတ်စုကို ကုတင်ပေါ်မတက်ခိုင်ဘူး။

ရာသီဥတုအေးတဲ့ တနေ့မှာပေါ့ ချမ်းလို့တဲ့ ကိုယ့်ကုတင်ပေါ် လာအိပ်ကြလေရဲ့
မိုချီအိပ်နေလို့ သူလည်း အိပ်ချင်တယ်တဲ့ သူ့ခန္ဓာကိုယ်အောက်ပိုင်းက
ကုတင်စွန်းကို ထွက်နေတာတာင် ကုပ်ကတ်ပြီး ကပ်အိပ်နေလေရဲ့

စောင်သေးစိုတော့ သေးစိုတဲ့နေရာကို နှာခေါင်းနဲ့တည့်ပြီး တင်ပါးကို နှစ်ချက်လောက် ရိုက်လိုက်တာ နတ်စုခမျာ ကြောက်လို့ သေးဖြန်းဖြန်းထွက်၊ ကုတင်အောက်ကိုဝင်ပုန်း ကိုယ်ကတောင် ပြန်သနားရတယ်။ အဲဒီကတည်းကစပြီး ကိုယ့်ကုတင်ပေါ် လုံးဝတက်မအိပ်တော့ဘူး။ နတ်စုက အင်မတန်ကြောက်တတ်တယ် မိုးခြိမ်းရင် သူ့မှာနေစရာကို မရှိတော့ဘူး တအီအီအော်ပြီး ကိုယ့်ဘေးနားလာအိပ် ကုတင်အောက်ဝင်ပုန်း။ အိမ်ထဲကနေသာ တဝုတ်ဝုတ် ဟောင်ရဲတာ အပြင်ကိုခေါ်သွားလို့ လမ်းမှာခွေးလေးတွေ တွေ့ရင် သူ့ဗလကိုမှ အားမနာ သူကပြန်ကြောက်ပြီး သခင်နား ကပ်နေတတ်တယ်။ ဂျပန်မ ယူမီကိုက နတ်စုကိုချစ်လို့တဲ့ လာတွေ့တယ်။ ပြီးတော့ ပြောလိုက်သေးတယ် နတ်စုက ဝနေတယ် ဝိတ်လျှော့ခိုင်းရမယ်တဲ့။ မိုချီနဲ့ခင်အောင်တော့ တော်တော်ကြိုးစားလိုက်ရတယ်။ မိုချီဆိုတာ ဂျပန်ရေခဲမုန့်နာမည် မိုချီက ကြောင်ထီး နှစ်နှစ်သားလောက်ရှိပြီ။ မိုချီက သိပ်ချစ်ဖို့မကောင်းဘူး စိတ်ကလည်း တိုတတ်သေးတယ် သူကပဲ နတ်စုကိုဆော်တာ။ အဖေ့ကြောင် ပူစီမက မြီးတိုမျိုး ကြွက်တင်မကဘူး ငှက်တောင်ဖမ်းတာ လူတွေနဲ့သိပ်မရောဘူး။ ကိုယ့်ကြောင်းဂါးဖီးကတော့ ကြွက်လည်းမဖမ်း ကိုယ်တွေအိပ်လို့ လက်မောင်းကိုပုတ်ပြီး ဂါးဖီးရေ လာ လာ ဆို ဘိုင်းခနဲ ပစ်အိပ်တော့တာပဲ။ ဝေါဒစ်စနေကာတွန်းကား ဂါးဖီးကိုကြည့်ပြီး သဘောကျလို့ ဂါးဖီးလို့ နာမည်ပေးလိုက်တာ နာမည်စီးတယ်နဲ့ တူပါရဲ့ ဂါးဖီးအတိုင်း ကြွက်မခုတ်တဲ့ ငပျင်းလေး၊ သခင်တွေကို ပတ်ချွှဲတဲ့ ငချွှဲလေး၊ ညာဝါးတတ်တဲ့ ငဖြီးလေးကိုဖြစ်ရော။

တခါမှလည်း မညောင် ဘယ်ညောင်ပါ့မလဲ တချိန်လုံးကိုယ်တို့‌ကျွှေးနေတော့ ဗိုက်အမြဲပြည့်နေလို့လေ။ အဖေ့ကြောင်တွေလည်း မညောင်တတ်ဘူး ထမင်းစားရင် ငြိမ်ငြိမ်လေး ထိုင်စောင့်နေတတ်တယ်။ မိုချီက အမေရိကန်ကြောင် ကိုယ်ထမင်းစားရင် လာမျှော်တတ်ပေမဲ့ ဘာကျွှေးကျွှေး မစားဘူး သူ့အစာပဲ သူစားတယ်။ စိတ်တိုရင် နတ်စုကို ဆော်တတ်တယ် ပြီးတော့ အင်မတန် စကားများတယ်။ ဗိုက်ဆာရင် အသံဗြဲကြီးနဲ့ ညောင်လို့ အော်တောင်းတတ်တယ်။ ကိုယ့်တံခါးကို လာခြစ်ကုတ်ပြီး တံခါးကို ဖွင့်ခိုင်းတတ်တယ်။ စွေ့ကနဲ ကိုယ့်ပေါ်ကို ခုန်အုပ်ပြီး ဗေဒင်တွက်နေတတ်တယ်။ ညောင်လို့အသံသေးသေးနဲ့အော်ပြီးချွှဲတတ်တယ်။ ကိုယ်ပွတ်ပေးရင် တခါတလေ ငြိမ်ခံပေမဲ့ သူမကြိုက်ရင် ပေစောင်းစောင်းနဲ့ ကြည့်တတ်တယ်။ ကိုယ့်ခြေထောက်ပေါ်မှာ အိပ်တော့ ကြာလာတဲ့အခါ လေးပေါင်လောက်ရှိတဲ့ မိုချီ့ခန္ဓာကိုယ်က ကိုယ့်ခြေထောက်ကို ဖိထားသလိုဖြစ်လို့ခြေထောက်နဲ့ကန်ချရင် ဂါး ဂါးဆိုပြီး စိတ်ဆိုးတတ်သေးတယ်။ တံခါးဝနားရပ်ပြီး တံခါးကို ဖွင့်တော့မလိုလုပ်ပြီး ကိုယ့်ကိုတညောင်ညောင်နဲ့ တံခါးဖွင့်ခိုင်းတတ်တယ်။ မိုချီရေ လာ လာဆိုရင် ပြေးလာတတ်တယ် အမြဲတော့မဟုတ် တခါတလေ သူစိတ်လိုလက်ရရှိမှ။ ပြတင်းပေါက်ဘေး ထမင်းစားခုံမှာ ထိုင်နေတတ်တဲ့မိုချီကို မိုချီလို့ခေါ်ရင် တညောင်ညောင်နဲ့ စကားတွေ ပြောတော့တာပဲ။ ခက်တာက ကိုယ်က သူ့စကားကို နားမလည်။ ကိန် ကိန်လို့ အော်သံကြားလို့ မိုချီ နင် နတ်စုကို ဆော်ပြန်ပြီလားလို့ ဆူလိုက်ရင် သူလည်းမဟုတ်ဘဲနဲ့ အဆူခံရလို့ စိတ်တိုဒေါပွနေတဲ့ မျက်နှာပေးနဲ့။ 


ဗိုက်ဆာလို့ တညောင်ညောင်နဲ့ လာတောင်းနေတာ ဗိုက်ဆာနေရင်၊ ပွတ်သပ်ပေးစေချင်ရင်
ရုပ်ကလေးက အဲဒီလို သနားချင်စရာ၊ မျက်နှာငယ်ငယ်လေးနဲ့ တောင်းတတ်တယ်
ရာသီဥတု အေးတဲ့နေ့ သူ့သခင်နဲ့ အပြင်ကနေ လမ်းလျှောက်ပြီးတော့ ကိုယ်အိပ်ယာအထကို
အခန်းဝမှာ လာစောင့်နေတဲ့ နတ်စု
အဲဒီလို မေးတင်တတ်တယ် လက်နဲ့ပုတ်တတ်တယ်

ကိုယ်က နတ်စုဖက်မှာ မိုချီကို ဆူနေမှန်းသိတော့ နတ်စုက မြောက်ကြွကြွ။ အဖေကတော့ ပြောဖူးတယ် နတ်စုက မိုချီကို သွားစတာတဲ့။ နတ်စုက မိုချီကိုချီရင် မကြိုက်ဘူး သူ့အရုပ်ကို ကိုက်ဆွဲတတ်တယ် ကိုယ်ဘေးမှာ ထိုင်နေတတ်တယ် မနာလိုတဲ့ပုံလေးနဲ့။ ကိုယ်က ပြန်လာရင် ဧည့်ခန်းကထိုင်ခုံမှာထိုင်ပြီး နတ်စုခေါင်းကို ပွတ်ပေးတတ်တယ်။ နတ်စုက သူ့သခင်နဲ့ လမ်းလျှောက်ရာက ပြန်လာရင် ကိုယ့်အခန်းဝမှာ ကိုယ်နိုးပြီလားလို့ လာချောင်းတတ်တယ်။ ဂျူလှိုင် ၄ မီးရှူးမီးပန်းတွေဖောက်တော့ နတ်စုမှာ နေစရာမရှိ ဧည့်ခန်းမှာအိပ်နေတဲ့ အဖေတို့နားသွား ကိုယ့်ကုတင်အောက်ကို ဝင်ပုန်း ကိုယ့်ပေါ်တက်ထိုင်။ အဖေကပြောတယ် မိုချီက ညဉ်ကောင်းတယ် တချို့ကြောင်ထီးတွေလို မအော်ဘူး သူ့ကိစ္စကိုလည်း သူ့ပုံးမှာပဲရှင်းတယ် စောင်တွေကို သေးပန်းတာ မရှိဘူး။ ကိုယ်အပြင်ထွက်တော့မယ်ဆိုတာ သိတယ် အသံပြဲကြီးနဲ့ တံခါးဝနားကနေ အော်တတ်တယ်။ ဖရန့်ကလင်းက လာချီတယ် မင်း အပြင်လိုက်လို့မရဘူးတဲ့။ ကိုယ်အပြင်က ပြန်လာပြီး တံခါးဖွင့်ရင် မိုချီက လှစ်ကနဲပြေးထွက်ပြီး တိုက်ခန်းရှေ့ကကြမ်းပြင်မှာ လိမ့်နေတတ်တယ်။ မိုချီ လာ လာ လို့ခေါ်ရင် မလာဘူး တံခါးပိတ်ကိုပိတ် ခဏနေလို့ဖွင့်လိုက်ရင် တံခါးနားမှာ စောင့်နေတဲ့မိုချီကို တွေ့တယ်။ တခါတလေကျတော့လည်း မစောင့်နိုင်တော့လည်း ဖနောင့်နဲ့ပိတ်ကန်ပြီး အိမ်ထဲသွင်းရတယ်။ နတ်စုတို့အိမ်မှာနေတဲ့ နှစ်နှစ်ကျော်အတွင်း နတ်စု ဧည့်ခန်းထဲမှာ အီးပါထားတာ တခါပဲကြုံဖူးတယ်။ ဒါကလည်း နတ်စုအပြစ်မဟုတ်ပါဘူး သူ့သခင်တွေက ခွေးမကျောင်းလို့။ တညနေ ကိုယ်ရုံးအပြန် တံခါးဖွင့်လိုက်တော့ နတ်စုက ကိုယ့်ကိုပြေးကြိုတယ် ပြီးတော့ သူ့ရေခွက်ကို လျှာနဲ့လျက်ပြတယ်။ 

ရေခွက်ကို သွားကြည့်တော့ ရေမရှိဘူး သူ့သခင်တွေက အခန်းထဲမှာ။ ရေဖြည့်ပြီးတော့ နတ်စုခမျာ ရေသောက်လိုက်တာ ရေငတ်နေပုံရတယ်။ ပြီးတော့ မိုချီလည်း သောက်တယ်။ မိုချီက နတ်စုအစာတွေကို ဝင်တီးတယ် သဘောကောင်းတဲ့ နတ်စုက ခွင့်ပြုပေမဲ့ တခါတလေကျတော့လည်း ဘေးကနေ မစားစေချင်တဲ့သဘောနဲ့ စောင့်ကြည့်တတ်တယ်။ မိုချီက အေးဆေးပဲ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့စတိုင်။ မိုချီကို စရတာ ပျော်ဖို့ကောင်းတယ် သူ့နားရွက်ကိုလိမ်ဆွဲ၊ အမြီးကိုဖျစ်၊ ဂုပ်ပိုးကိုဖျစ်ရင် ဘုကြည့်ကြည့်တယ်။ ဆေးခန်းကအပြန် တရုတ်တန်းကနေ ခေါက်ဆွဲကြော် ဝယ်လာပြီး အိမ်ရောက်တော့ ပင်ပန်းလို့အိပ်နေတာ နတ်စုက ကိုယ့်ကုတင်ဘေးမှာ လာစောင့်နေတယ်။ ကိုယ်မုန့်ဝယ်လာတယ် အိပ်ယာကနိုးလို့ မုန့်စားရင် သူ့ကို‌ကျွှေးမယ်ဆိုတာ နတ်စုကသိတယ်။ မိုချီက တံခါးကို တွန်းဖွင့်ပြီးဝင်လာတော့ နတ်စုက ဂါး ဂါးလို့အော်တယ်။ နတ်စု မိုချီကို ဝင်လာပါစေလို့ ပြောပြီး ခေါင်းကိုပွတ်တော့မှ အော်တာရပ်တယ် အဲဒီလို မနာလိုတတ်တဲ့ နတ်စု။ နတ်စုက ကိုယ့်ခြေထောက်ပေါ် မေးလေးထိုးတင်ပြီး တခါတလေ အိပ်တတ်တယ်။ သူ့လက်နဲ့ ကိုယ့်ကိုပုတ်ပြီး အစားတောင်းတတ် ခေါင်းကိုပွတ်သပ်ခိုင်းတတ်တယ်။ ကိုယ်ရုံးသွားရင် အိမ်ရှင်တွေက အိပ်တုန်း၊ ကိုယ်အိပ်တော့မှ အိမ်ရှင်တွေက ပြန်ရောက်၊ စနေ၊ တနင်္ဂနွေဆိုရင် အိမ်ရှင်တွေက အလုပ်သွားပြီး တနင်္လာ၊ သောကြာမှ အလုပ်နားတော့ အိမ်ရှင်တွေနဲ့ကိုယ် တပတ်နေလို့တခါ မဆုံဖြစ်ဘူး။ ကိုယ့်ဘေးမှာ အဖော်အဖြစ် ရှိနေတာက နတ်စုနဲ့မိုချီ။ ရာသီဥတုအေးတဲ့နေ့၊ သူ့သခင်တွေ မရှိတဲ့နေ့ဆို ကိုယ့်ဘေးနား ကပ်နေတတ်တယ်။ 

အဲဒီလို လက်တွေဆန့်ပြီး ဗေဒင်တွက်တတ်တယ်
ဂါးဖီး
ဂါးဖီးက အဲဒီဆိုဖာလေးကို သိပ်ကြိုက်တာ အိပ်ရင်လည်း အဲဒီလို ပက်လက်လေး အိပ်တတ်တယ်
မိုချီက ကိုယ့်ကို မျက်စိမှိတ်ပြတယ် ကြောင်တွေ မျက်စိမှိတ်ပြတာ ကစ်တဲ့။ အဲ ခြေထောက်ကိုတော့ လာမတိုးဝှေ့ဘူး နတ်စုကိုတော့ အမြဲတိုးဝှေ့နေတာပဲ။ မိုချီက စိတ်တိုလို့ ဂါးလို့ အော်ရင် ကိုယ်ကလည်း ဂါးလို့အော်ပြီး လက်ကိုကုတ်တော့မလို လုပ်ပြ။ မိုချီက ညောင်လို့အော်ရင် သူအော်လေသံအတိုင်း လိုက်အော်။ ကိုယ် တက်ခေါက်ရင် မိုချီခန္ဓာကိုယ် တုန်သွားတတ်တယ်။ တခါတလေ ဖူးကနဲလေမှုတ်ထုတ်ရင်း မိုချီ့ကို လေသိုင်းတိုက်ပေးလိုက်ရင် စိတ်အနှောင့်အယှက်ဖြစ်တဲ့ ပုံစံလေးနဲ့ မိုချီက တကယ်စလို့ကောင်းတယ်။ မိုချီနဲ့နတ်စုကို စကားပြောနေတာများ မသိရင် လူကိုပြောနေတဲ့အတိုင်း။ မိုချီက ပွေ့တာချီတာကို မကြိုက်တဲ့ကြောင်။ နတ်စုကတော့ သူ့ခေါင်းကို ပွတ်သပ်ပေးရင် သိပ်သဘောကျတာ။ ကိုယ်ချစ်တာကို သူတို့သိသလို သူတို့ချစ်တာကိုလည်း ကိုယ်သိနေတယ်။ တချိန်ချိန်မှာတော့ နတ်စုနဲ့မိုချီလို ခွေးလေးနှစ်ကောင်၊ ကြောင်လေးနှစ်ကောင် မွေးချင်မိသား။ အခုများတော့ ခွေးကျောင်းထွက်ဖို့ နေနေသာသာ ကိုယ့်ကိုကိုယ်တောင်မကျောင်းနိုင် စားသောက်ပြီးတာနဲ့ ခုတင်ပေါ်မှာ ပစ်လဲပြီး အနားယူရတယ်။ ခွေးအာမခံကလည်း ဈေးကြီးတယ် တလ ၅၀ လောက်ပေးရတယ်။ ပြီးတော့ ခွေးအသုံးအဆောင်တွေက ဈေးကြီးမှကြီး။ ကိုယ့်နိုင်ငံမှာလို ထမင်းကျန်၊ ဟင်းကျန်‌ကျွှေးလို့ရတာမဟုတ်။ ရေချိုးပေးရ၊ ခွေးကျောင်းရ ခွေးတော့မွေးချင်သား အဲဒီလိုကရိကထကလည်း မခံနိုင်။ တနေ့နေ့ တချိန်ချိန် ခွေးတွေကြောင်တွေ မွေးဖြစ်ခဲ့ရင် နတ်စုနဲ့မိုချီလို့ နာမည်ပေးဖြစ်မလားဘဲ။ နတ်စုနဲ့မိုချီကတော့ ကိုယ့်ကို သတိရပါ့မလား ကိုယ်ကတော့ ခွေးတွေ၊ ကြောင်တွေမြင်တိုင်း နတ်စုနဲ့မိုချီကို သတိရမိသား။

စန်းထွန်း
ဧပြီ ၃၀၊ ၂၀၁၆။

3 comments:

Anonymous said...

မလွယ်ပါဘူးလို့ ....
မမအိုင်အိုရာ

San San Htun said...

Anonymous said...
ကိုယ်လည်း မနေ့ကပဲ ခွေးလေးတစ်ကောင်လောက်တော့မွေးချင်သားလို့ပြောတော့
ချစ်ချစ်က ဒီလောက်ဟိုဟိုဒီဒီသွားချင်တဲ့သူ
ခွေးရှိရင် ထားသွားဖို့မလွယ်ဘူးနော်တဲ့။
သူများခွေးတွေကြောင်တွေတောင်
သွားသွားပြီး အစာကျွေးပေးရတာသိတယ်မှုတ်လား တဲ့။
ဟုတ်ပါတယ်လေ မွေးသာမွေးချင်တာ
မလွယ်ပါဘူးလို့....
မမအိုင်အိုရာ
April 30, 2016 at 7:51 PM

Annette Kinglock-Murray said...

aww HOW SWEET