ငယ်ငယ်တုန်းကတော့ သရဲတဘက်တွေအကြောင်း၊ စုန်းတွေအကြောင်းကို ပုံပြင်အဖြစ် ကြားဖူးပါတယ်။ တချို့သူငယ်ချင်းဆိုရင် သရဲပုံပြင် အပြောကောင်းတာ ကိုယ့်မှာ ညမှောင်ရင် အိမ်သာကို တယောက်ထဲ မသွားရဲတော့တဲ့အဖြစ်။
စင်္ကာပူမှာတော့ သရဲလဆိုတာ ရှိတယ်။ အဲဒီလဆို သရဲတွေ ထွက်ကြတယ်လို့ ဆိုကြတယ်။ သရဲလိုက်ရှာတဲ့ အဖွဲ့လည်း ရှိတယ်။ ခရမ်းရောင်(North East Line) ရထားလိုင်းမှာဆို Potong Pasir (NE 10)နဲ့Serangoon (NE 12) ကြားမှာ ဘူတာ NE 11 က ပျောက်နေတယ်။ အရင်က ရှိတယ်။ သင်္ချိုင်းကုန်းကို ဖျက်ပြီး ဆောက်ထားတာ။ နောက်တော့ ရထားလာရင် ဖြတ်ပြေးတာတို့ ဘာတို့တွေ့လို့ ဖျက်လိုက်တာလို့ ကြားတယ်။ စင်္ကာပူကျောင်းက သူငယ်ချင်းတွေပြောတဲ့ သရဲအကြောင်း ကြားရပြန်တယ်။ ပြည့်ပြည့်ဆို နေ့ခင်းဖက် သူအိပ်နေတုန်း တရုတ်လိုလို လူတယောက်ကို မြင်လို့တဲ့။ မိန်းကလေးနေတဲ့အိမ်မှာ ဘယ်ကယောကျ်ားလေးက ရောက်လာပါလိမ့်ပေါ့။ အီးတီကတော့ သူ့အိမ်မှာ သရဲမြင်လို့ လန့်ပြီး ဖျားပါရောလား။ တရုတ်တယောက်ကတော့ မနက် ၁နာရီ၊ ၂ နာရီလောက် ကျောင်းကနေ သူ့အိမ်ကို ပြန်ရင် အင်္ကျီဖြူဝတ်ထားတဲ့ မိန်းမတယောက် သူ့နောက်ကို လိုက်လို့တဲ့။ သရဲမှန်း မသိဘူး။ ခုခေတ် တရုတ်တွေက ဘာသာမဲ့ ကွန်မြူနစ်တွေ။ ကျောင်းမှာလည်း ဒေးဗစ်ဆိုတဲ့ သရဲရှိတယ်လို့ ကြားတယ်။
ပရောဂျက်မပြီးလို့ ကျောင်းမှာ ညအိပ်ရတဲ့ ညတွေဆို ည၁၂နာရီကျော်ရင် အိမ်သာကို တယောက်တည်း မသွားရဲဘူး။ အဖော်တယောက်ပါမှ သွားရဲတယ်(ဗန္ဓုလသွေးပါတယ် :D)။ တခါက ဖျပ်ခနဲ မီးမှောင်သွားလို့ အိပ်ချင်နေတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိဘူး ပြေးလိုက်တာ တန်းနေတာပဲ။ မိန်းခလုတ်ကျတာလား၊ တယောက်ယောက် စတာလား မသိတော့ပါဘူး။
discussion room ထဲမှာ တယောက်တည်း ရှိနေတုန်း ဒေါက်ဒေါက်နဲ့ တံခါးခေါက်သံကြားတယ်။ တံခါးကို ကြည့်တော့လည်း ဘယ်သူမှ မရှိဘူး။ နောက် ခဏကြာတော့ ဒေါက်ဒေါက် ကြားရပြန်ရော။ တံခါးဖွင့်ပြီး အပြင်ထွက်ကြည့်တော့လည်း ဘယ်သူမှ မရှိဘူး။ နောက် ဒေါက်ဒေါက်ကြားရပြန်တော့ သည်းမခံနိုင်တော့ဘူး။ ကိုစိုင်းတို့၊ ကောင်းကောင်းတို့ စနေသလားပေါ့။ သူတို့အခန်းသွားရှာတော့လည်း သူတို့တွေ ညစာသွားစားတယ်တဲ့။ အခန်းတွေက ကပ်နေတော့ တခါတလေ ဘေးခန်းက အသံတွေကို ကိုယ့်အခန်းကလို့ ထင်မိတတ်တယ်။ ညစာစားတဲ့သူတွေ ပြန်လာတော့ အဲဒီအကြောင်း ပြောပြတော့ မေသူက ဟုတ်လို့လား အမ၊ ဒီနေရာက ကြားရတာမလားတဲ့။ ဟုတ်တယ် အဲဒီထောင့်နားလေးကပဲ။ နောက်တော့မှ သိရတာက သူတို့ တရုတ်တွေက QQ နဲ့ chat ကြတယ်။ gtalk မှာဆို တတုန်တုန်မြည်ပေမဲ့ QQမှာက ဒေါက်ဒေါက်လို့ မြည်တယ်။ အဲဒါကို မသိတော့ တံခါးလာလာခေါက်တယ်လို့ ထင်နေတာကိုး။
တခါက ညနေစောင်း team 11 အခန်းမှာ တယောက်တည်း ရှိနေတုန်း ကွန်ပြူတာနှိပ်သံ တဖျောက်ဖျောက်ကြားတယ်။ အခန်းပတ်ပတ်လည်ခုံတွေပေါ်မှာက desktop computer တွေ။ အလယ်အဝိုင်းခုံတွေမှာက laptop တွေ တင်ထားကြတာ။ ကိုယ်က desktop ကို သုံးနေတာ။ အသံက အဝိုင်းခုံထားတဲ့ laptop တွေဆီက အသံ။ လှည့်ကြည့်လိုက်ရင်လည်း ပျောက်သွားပြန်ရော။ ဒါပေမဲ့လည်း တခြားအခန်းက အသံကိုလည်း ထင်ယောင်ထင်မှား ဖြစ်တတ်သေးတာမလား။ error တက်နေလို့ လူက ကွန်ပျူတာထဲ ဝင်လုမတတ်။ error နဲ့ အသည်းအသန် နပန်းလုံးနေတာ။
မေသူရောက်လာတော့မှ အမတယောက်တည်းလားတဲ့။ အင်းဆိုတော့ အမ ဒီအခန်းက ဒေးဗစ်အခန်းလေဆိုတော့မှ ဘုရား ဘုရား ကြောက်လိုက်တာ။ အစကတော့ error နဲ့ နပန်းလုံးနေတော့ ကြောက်ရကောင်းမှန်းမသိ။ သိတော့မှ ကြောက်လိုက်တာ။ နောက်ဆို အဲဒီအခန်း ဘယ်တော့မှ တယောက်တည်း မသွားတော့ဘူး။
စင်္ကာပူမှာတော့ သရဲလိုက်ရှာတဲ့ အဖွဲ့ရှိတယ်။ (ကိုညီလင်းသစ်ရဲ့ စာမျက်နှာသစ်ဖွင့်မယ်ဆိုရင်ကို ဖတ်ပြီး လုပ်ထားတာ။ ကျေးဇူး ကိုညီလင်းသစ်။) သရဲရှာတဲ့ စက်ကလေးက သရဲ ရှိနေရင် စက်ကလေးက ပြတယ်တဲ့။ စင်္ကာပူက သရဲလိုက်ရှာတဲ့အကြောင်း တင်ဆက်ထားတဲ့ ဂျာမန်ရုပ်သံသတင်းကို yahoo မှာ ဖတ်လိုက်ရတယ်။ စိတ်ပါဝင်စားသူများအတွက် လက်တို့ပြီး သတင်းပေးလိုက်ပါတယ်။ စန်းထွန်းကိုတော့ အဖေါ်လိုက်ဖို့ မခေါ်လေနဲ့။ မလိုက်ရေးချ မလိုက်။ မီးမီး ကြောက်ကြောက် :P။
စန်းထွန်း
ဇူလှိုင် ၁၀၊ ၂၀၁၁။
2 comments:
ညီလင်းသစ် said...
တစ္ဆေသရဲ အကြောင်းတွေက ဘယ်တော့မှ မဆုံးနိုင်၊ ဘယ်နှခါ နားထောင်,ထောင် မရိုးနိုင်အောင် ရှိနေမှာပဲ ထင်ပါရဲ့ဗျာ..၊ ကျနော် မျှဝေတာလေး အသုံးတည့်တာ သိရလို့လည်း ဝမ်းသာပါတယ်...။
July 10, 2011 at 12:11 PM
Post a Comment