သြဂုတ်၂ ရက်မှ ကျောင်းတက်ရပေမယ့် ဇူလိုင် ၁၄ ရက်နေ့ ကျောင်းအပ်ရမှာမို့ အဲဒီမတိုင်ခင် အပြေးအလွှား စင်္ကာပူကို ရောက်လာခဲ့ရတယ်။ ကျောင်းအပ်ရမယ့် မနက် ၈နာရီခွဲလောက် clementi က ကျောင်းရှယ်တယ်ရှိတဲ့နားမှာ သွားစောင့်။ ပြား ၆၀ ပေးစီး၊ ထိုင်ခုံပြည့်နေလို့ကတော့ ကားတံခါးပိတ်ပြီး နောက်တစီးစောင့်ပဲ။ ရန်ကုန်မှာလို မတ်တပ်ရပ်စီးချင်တာတောင် မရ။ ကျောင်းရောက်တော့လည်း security counter မှာ မေးပြီး သတ်မှတ်ထားတဲ့ အခန်းသွားပြီး စနစ်တကျ ကျောင်းအပ်။ ပြီးရင် ICA သွားပြီး student pass လျှောက်။ ဘဏ်ကိုသွားပြီး student loan လျှောက်။
ကျောင်းဖွင့်လို့ အခန်းထဲရောက်တာနဲ့ ဘယ်အခန်း ဘယ်အုပ်စု သတ်မှတ်ပြီးသားပဲ။ ကျောင်းသား ၁၀၀မှာ မြန်မာက ၆၀ကျော်၊ တရုတ်က ၂၀ကျော်၊ ဘရူနိုင်းက အရာရှိတွေက ၁၀၊ အိန္ဒိယ ၃၊ ဘင်္ဂလားဒေ့ရှ် ၁၊ အင်ဒိုနီးရှား ၃၊ အီရန် ၁၊ စင်္ကာပူ ၁။ ကိုယ်တို့အုပ်စုမှာက မြန်မာ ၅ယောက်၊ တရုတ် ၃ယောက်။ စာသင်တဲ့အခန်းက theatherမှာ။ စာသင်ပြီးရင် ကိုယ့် discussion room ထဲ သွားနေ။ locker တယောက်တခုစီ ရတယ်။ locker ထဲမှာ စာအုပ်တွေ၊ မုန့်တွေ၊ ခေါက်ဆွဲခြောက်ဘူးတွေ၊ ဖိနပ်တွေ အကုန်ထားတာ။ ကော်ဖီ၊ တီး အကုန်ရှိတယ်။ စာသင်ချိန်မှာ အိပ်ငိုက်လို့၊ ဗိုက်ဆာလို့ နဲ့ တနေ့တနေ့ သောက်လိုက်တဲ့ကော်ဖီ။ အလကားမို့သာပဲ တခွက်တကျပ် ဆိုရင်တော့ မွဲပြီ။ ကျောင်းကရေက ရေသန့်မို့လို့အိမ်က ရေထက် သောက်လို့ကောင်းတယ်။ ကျောင်းကပြန်ရင် ရေဗူးအပြည့် ရေသယ်တယ်။ ကျောင်းတွင်းပြေးတဲ့ shuttle ရှယ်တယ်ကို အလကားစီးလို့ရတယ်။ Business School၊ စာကြည်ည့်တိုက်တို့ သွားချင်ရင် ရှယ်တယ် A ၊ B စီးရုံပဲ။
Team 12 SA 29
ကျောင်းသားကဒ်က နှစ်ကဒ် ရတယ်။ ISS နဲ့ NUS။ စာကြည့်တိုက်မှာ စကားမပြောရ။ တိတ်ဆိတ်နေလို့ တခါတလေ ကောင်းကောင်းအိပ်ချင်ရင် စာကြည်ည့်တိုက်မှာ သွားနှပ်ကြတယ်။ လုံခြုံရေးက လာနှိုးတယ်။ ကျောင်းက အင်တာနက် ကွန်နက်ရှင်း ပိုကောင်းလို့ တရုတ်တွေဆို ကျောင်းမှာ ရုပ်ရှင်လာကြည့်ကြတယ်။
printer ကလည်းဖရီး ကြိုက်သလောက်ထုတ်။ printer မှာ စာရွက်ကုန်နေလို့ security counter မှာ ကျောင်းသားကဒ်ပြလိုက်ရင် A4 တထုပ်ပေးတယ်။ ကျောင်းကဟာတွေ အမကောင်းတာ ဟိုတလောက အိမ်ပြောင်းတော့ ပစ္စည်းတွေ ရှင်းကြတော့ တွေ့တာက A4 တထုပ်။ ည ၁၀နာရီကျော်မှာ ကျောင်းကနေ clementi mrt အထိ ရှယ်တယ်ရှိတယ်။ နောက်ဆို နောက်ဆုံးကား ည ၁၁နာရီ ၃၅ ကား နဲ့ပဲ ပြန်ကြတော့တယ်။ တခါတလေ ပရောဂျက်မပြီးလို့ ကျောင်းမှာတောင် ညအိပ်ရတာတောင် ရှိတယ်။ အဲဒီညတွေမှာ လက်ဖက်သုပ် သုပ်စားရတာ ပျော်ဖို့ ကောင်းမှကောင်း။
စနေ၊ တနင်္ဂနွေမှာလည်း ကျောင်းမှာ။ ကိုဇော်မျိုးအောင်က ဟင်းချက်ကောင်းတယ်။ သူချက်လာရင်တော့ ဝိုင်းတီးကြတာပေါ့။ တို့တွေအုပ်စုက မိန်းကလေးတွေက မချက်တတ်ဘူးလေ အိအိကလွဲရင်။ ကိုဇော်မျိုးအောင်က ကြက်သားချက်မှာမို့လို့ ထမင်း၆ယောက်စာလောက် ချက်ဖို့ ဘကို ခိုင်းတယ်။ အလွယ်ဆုံး ဆန်ကို ပေါင်းအိုးထဲ ထည့်ပြီး ချက်တာကို ဘက ဆန်မရှိလို့နဲ့ အင်းအဲ လုပ်နေလို့။ သူချက်လာတော့လည်း ကောင်းလိုက်တာလို့ ပြောပြီး ဝိုင်းတီးကြတာပေါ့။ ပန်းကန်ဆေးတာ မပြောင်လို့ ညွှန်ကြားနေတဲ့ ကိုဇော်မျိုးအောင်ကို သူများဆေးတာ မကြိ ုက်ရင် သူ့ဘာသာ ဆေးပေါ့နဲ့ မကြားတကြား ပြန်ပတ်နေတာ။ ပေါ်တင်လည်း မပြောရဲဘူးလေ သူချက်လာတာမလား။
တို့အုပ်စုထဲက မိန်းကလေးတွေက မိန်းကလေးမဆန်သလောက် ယောကျ်ားလေးတွေက စည်းစနစ်ရှိပါတယ်။ project paper တွေကို ဘက ကြက်ယက်သလို ယက်ပြီး ရှာလို့ဖွသမျှကို ကိုစိုင်းက သိမ်းရတာ။ ဟိုဟာ မေ့ကျန်၊ ဒီဟာ မေ့ကျန်ရင် ဘ၊ ပြည့်ပြည့်၊ စန်းထွန်း။ ကိုစိုင်း၊ ကောင်းကောင်း၊ အေကေ၊ ကိုဇော်မျိုးအောင်တို့က သိမ်းပေးရတာ။ တခါက ဘက လမ်းလျှောက်တာ လိမ်လျှောက်နေလို့ ကိုစိုင်းက ဟဲ့ကောင်မလေး နင့်ဖိနပ်ပြဆိုလို့ ပြတော့ ဒေါက်မရှိတော့ဘူးလေ။ ဒေါက်မရှိလို့ ဘဲသွားသလို ယက်ကန်ယက်ကန် ဖြစ်နေတာကို မသိဘူးလေ။ စီးတဲ့သူက မသိဘဲ ကိုစိုင်းပြောမှ သိလို့ ဘ့မှာ ရှက်လိုက်တာလေ။
အမေးအမြန်းထူတဲ့ မိုက်ကယ်တယောက် ရှေ့ဆုံးတန်းမှာ ထိုင်ငိုက်ပြီး ဇက်ကျိုးနေတာ။ နှိုးတာနဲ့ မေးခွန်းမေးလို့ တို့တွေမှာ ရယ်လိုက်ကြတာ အိပ်ငိုက်တာတောင် မေးခွန်းမေးမပျက်လို.။
တရုတ်တွေက ညစ်ပတ်တယ်။ အင်္ကျီတထည်ကို ၃ရက်လောက် ဝတ်တယ်။ တရုတ်ပြည်မှာက အေးတော့ ချွှေးမထွက်တော့ ဟုတ်တာပေါ့။ စင်္ကာပူမှာက ဒီလောက်ပူတဲ့ဟာကို။ အုပ်စုထဲက အငယ်တရုတ်လေးကို မေးတော့ သူရော၊ သူ့မိသားစုရော အင်္ကျီလဲပါတယ်တဲ့။ အငယ်တရုတ်မလေးကတော့ အင်္ကျီဖြူတထည်ကို တပတ်လောက် မဲနေအောင် ဝတ်တယ်။ အဲ presentation တွေ ဆိုရင်တော့ ပျံနေအောင် ဝတ်တယ်။
အိအိတို့ အုပ်စုထဲက တရုတ်လေးကတော့ သူတက္ကသိုလ် တက်နေစဉ်တလျှောက် အင်္ကျီနှစ်ထည်ပဲ၊ ဘောင်းဘီနှစ်ထည် ရှိပါသတဲ့။ အင်္ကျီဆိုလည်း ဈေးကြီးတဲ့ ဘောလုံးသမား အင်္ကျီတွေ။ ဘယ်ဓာတ်ပုံကြည့်ကြည့် အဲဒီအင်္ကျီတွေပဲ။ သူတို့ရဲ့ ကောင်းတဲ့အချက်က အချိန်လေးစားတာ။ ချိန်းထားတဲ့ အချိန်မရောက်မှီ ၁၀မိနစ်လောက်ကတည်းက ရောက်နေတတ်တယ်။ သူတို့ကျောင်းမှာ ကတည်းက အဲလို ဖြစ်အောင်ထရိန်းထားတာတဲ့။ မြန်မာတွေကတော့ ချိန်းတာထက် အမြဲနောက်ကျ။ ကိုစိုင်းက ဆူတတ်တယ် နင်တို့တွေ ချိန်း ပြီးရင် နောက်ရွှေ့ တရုတ်တွေက ရောက်နှင့်နေပြီ။ ကွန်မြူနစ်နိုင်ငံမို့လို့ ဘုရားမယုံကြည်ဘဲ လက်တွေ့သိပ္ပံကိုသာ ယုံကြသတဲ့။
အအေးပိုင်းက လာတဲ့ တရုတ်တွေနဲ့ အပူပိုင်းက လာတဲ့ မြန်မာတွေ အဲဒီမှာ စတွေ့ကြတာပေါ့။ တရုတ်တွေက ပူလို့ အဲကွန်းကို တင်လိုက် အအေးမခံနိုင်တဲ့မြန်မာတွေက အဲကွန်းကို လျှော့လိုက်နဲ့ ကြံ ုသူဦးစတမ်း။ အဲကွန်းခမျာ အကောင်းမနေရ လာတိုးလိုက် လာလျှော့လိုက်နဲ့။ လူသာဆိုရင် ထရိုက်မယ်။
project ပြီးလို့ presentation မှာ team က လူအကုန် presentation လုပ်ရတယ်။ လူအများရှေ့မှာ ထွက်ပြောရတော့ စစချင်း ရင်တွေပန်းတွေတုန်၊ အသံတွေထစ်။ ဘာပဲဖြစ်ဖြစ် လူရှေ့ထွက်ရတာ့ အနည်းနဲ့အများ ရှော့ရှိတာပါပဲ။ presentation နေ့ဆို အကုန် formal dress တွေနဲ့ လှနေတာ။
စန်းထွန်းရဲ့locker ထဲမှာ ဒေါက်ဖိနပ်တရန်ရှိတယ်။ presentation နေ့ဆို locker ထဲက ဒေါက်ဖိနပ်ကို ထုတ်စီး ပြီးရင် locker ထဲ ပြန်သိမ်း။ shuttle စီးတဲ့နေ့ဆို လမ်းသိပ်မလျှောက်ရတော့ ဒေါက်ဖိနပ် စီးဖြစ်တယ်။ များသောအားဖြင့်က နောက်ဆုံးကားနဲ့ ပြန်တာဆိုတော့ ကျောင်းကနေ ကားမှတ်တိုင်အထိ ၁၀မိနစ်လောက် လမ်းလျှောက်ရတယ်။ ကျောင်းက တောင်ကုန်းပေါ်မှာဆိုတော့ ကျောင်းရှေ့ရောက်ရင်တော့ ဟောဟဲပဲ။ နေ့တိုင်းလမ်းလျှောက်ရတော့ ဒေါက်ဖိနပ်နဲ့ ဘယ်ရှိုးထုတ်နိုင်ပါ့မလဲ။ formal dress ဝတ်တဲ့နေ့ဆို အပေါ်က formal အောက်ကခြေညှပ်ဖိနပ်နဲ့ အတော်ကိုးရိုးကားယားနိုင်တဲ့ အဖြစ်။ ကျောပိုးအိတ်နဲ့ ကွန်ပျူတာက တဖက် ဘယ်လိုလုပ် ပဲများနိုင်ပါ့မလဲ။ တွေ့ရှိချက်အရ mrt က စက်လှေကားတွေက အမြန်ဆုံးပဲ။ ဒါကိုတောင် နှေးတယ်ထင်ပြီး ပြေးတက်နေတာ နောက်ဆုံးရထားမှီအောင်။
စင်္ကာပူက ဖိနပ်ဘယ်လောက်စားလဲဆိုရင် ဘယ်တော့မှ မပြတ်တဲ့ scroll ဖိနပ်အထူတောင် ပါးရောပဲ။ တရန်ဆို ၃လ ခံရင် အတော်ဟုတ်နေပြီ။ မကြီးက bata က ဖိနပ်လေး ဝယ်ပေးထားတယ်။ အဲဒီဖိနပ်ကတော့ အတော်ခံ မပြတ်လို့ အမုန်းစီးရတယ်။
စာမေးပွဲဖြေရင်တော့ NUS hall ထဲမှာ ဖြေရတယ်။ အမှတ်စာရင်းကိုလည်း စာအိတ်နဲ့ အသေအချာ ပေးတာ။ အားလုံး ၂.၂ ရမှ အောင်တာ။ အမှတ်မမှီရင် ကျောင်းမှာ နေခိုင်းပြီး project တွေ လုပ်ခိုင်းတယ်။ ပြီးရင် course ပြီးဆုံးအောင် တက်ခဲ့ကြောင်း certificate ပေးတယ်။ အားကစားခန်းမတွေ သွားကစားလို့ ရပေမယ့် အားကစားဆို ဝေးဝေးက ရှောင်လို့ အားကစားခန်းမဘေးက တခါပဲ ဖြတ်သွားဖူးတယ်။
Graduation Day AD Project Team 2 |
internship မဆင်းခင် တလအလိုမှာ ကျောင်းမှာ AD project လုပ်ရတယ်။ ရုံးချိန်အတိုင်း ရုံးတက် ရုံးဝတ်စုံဝတ်ရတယ်။ ဒီကျောင်းရောက်မှပဲ team work ဆိုတာ ကောင်းကောင်းသိသွားတော့တယ်။ ပြီးရင် ကျောင်းကလွှတ်တဲ့ ကုမ္ပဏီမှာ internship ဆင်းရတယ်။ allownce ပေးပါတယ်။ ကိုယ်ဘာတွေ လုပ်နေတယ်ဆိုတာ အပတ်တိုင်း report ရေးပြီး supervisor ဆီ တင်ရတယ်။ internship ပြီးရင် ကျောင်းကို ပြန်လာပြီး ကိုယ်ဘာတွေ လုပ်ခဲ့တယ်ဆိုတာ presentation ပေးရပြန်တယ်။ documentation ကလည်း အရေးကြီးတယ်။ ကိုယ်. project ဘယ်လောက်ကောင်းကောင်း documentation ကိုကြည့်ပြီး ဆုံးဖြတ်တာလေ။ error တက်နေရင် အခန်းပေါက်စေ့လိုက်ပြီး error ရှင်းခိုင်းတာ။ တယောက်ယောက်ကတော့ ရှင်းပေးသွားတာပဲ။
ကျောင်းက ကြည့်ရင် သေးသလို ထင်ရပေမယ့် အဆောက်အဦး ဒီဇိုင်း၊ အခန်းဖွဲ့စည်းထားပုံ၊ အလင်းရောင်ရအောင် တည်ဆောက်ထားပုံတွေက အတော်ကောင်းပါတယ်။ ကျောင်းမှာ graduate diploma in system analysis ၊ master of software engineering, knowledge engineering ၊ diploma in project management တွေ ရှိတယ်။ နာမည်ကြီးလို့ ဘရှုနိုင်းက အရာရှိတွေကို အစိုးရက ပညာတော်သင် လွှတ်တယ်။ ဘရှုနိုင်းနိုင်ငံက ချမ်းသာတော့ ပညာတော်သင်ကျောင်းသားတွေကို အထောက်အပံ့ ကောင်းကောင်းပေးတယ်။ အဲ စာမေးပွဲကျလို့ကတော့ ပြစ်ဒဏ်ပေးတာတဲ့။ တခြားနိုင်ငံက အစိုးရဝန်ထမ်းတွေအတွက် သင်တန်းတွေ ရှိတယ်။
5 comments:
Unknown said...
နာတို့ junior လေးတွေ။ joking. thanks for sharing. :D
July 20, 2011 at 4:35 AM
ဟန်ကြည် said...
ကောင်းတယ်...ကျောင်းအကြောင်း အတွေ့အကြုံလေးတွေ များများရေးစမ်းပါ...ပညာရေးကို စိတ်ကုန်ချင်နေတဲ့ ကလေးတွေ အားကျအောင် ပြန်ပြောပြချင်လို့...ဘယ်လိုကြိုစားလို့ ဘယ်လောက်အောင်မြင်သွားတယ်ဆိုတဲ့ သူငယ်ချင်းတွေအကြောင်းလဲ ရေးဖို့ request လုပ်ခဲ့ပါတယ်...
July 24, 2011 at 2:11 PM
San San Htun said...
အပတ်စဉ် မြန်မာပဲ အမြဲ ရွှေတံဆိပ်ရပါတယ်။
July 24, 2011 at 5:32 PM
ဟန်ကြည် said...
ကောင်းလိုက်တာ...တို့မြန်မာတွေဟာ လူဖျင်းလူညံ့၊ လူနုံလူအတွေ မဟုတ်မှန်း သိအောင် ဆက်ချပေတော့...
Post a Comment