အမြဲကျေနပ်မိတာက ပညာကို အားပေးတဲ့၊ ပညာကို အမွေပေးချင်တဲ့၊ လူတွေအပေါ် မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွက်တဲ့ ဖေ၊ မေတို့ရဲ့ သမီး၊ အမြဲကြိုးစားနေပြီး မောင်နှမတွေအပေါ် ကြည့်ရှုစောင့်ရှောက်နေတတ်တဲ့၊ မောင်နှမတွေက စံနမူနာယူရတဲ့ မကြီးရဲ့ ညီမလေး၊ နည်းနည်းလေး ဆိုးပေမဲ့ များများလေး ချစ်ဖို့ကောင်းတဲ့ မောင်မောင်ရဲ့ အမဖြစ်ရတာ။
ငယ်ငယ်ကတည်းက စာကျက်ရင် ဘာမှ မခိုင်းတော့ စာကျက်ချင်ယောင်ဆောင်တာပေါ့။ သင်တန်းတက်မယ်ဆိုရင်၊ စာအုပ်ဝယ်မယ်ဆိုရင် ဘာမှ မမေးဘဲ ပိုက်ဆံထုတ်ပေးတဲ့ ဖေနဲ့မေ။ စာမေးပွဲဖြေနေချိန်ဆိုရင် အထူးအခွင့်အရေးတွေ ရတာ။ အဲဒီအချိန်ဆို ရွှေပုဇွန်ကိတ်တို့၊ ဇော်ကြေးအိုးဆီချက်တို့ တောင်းဆိုတတ်တာ။ စာမေးပွဲလည်းပြီးရော အထူးအခွင့်အရေးတွေ ပိတ်။ ဆယ်တန်းတနှစ်လုံး မေ့မှာ ဟိုင်းကြီး မပြန်ရဘဲ စန်းထွန်းတို့ကို ပြုစုနေရတာ။ ဖေကတော့ ပြုစုမဲ့သူ မရှိတော့ ဒုက္ခရောက်တာပေါ့။ ဟင်းကောင်းကြိုက်တဲ့ ဖေ ညတိုင်း မုန့်တီနဲ့ နှစ်ပါးသွားရပါသတဲ့။
စင်္ကာပူကို ဘွဲ့လာယူတော့ ကျေနပ်ပီတိဖြာနေတဲ့ ဖေက "သမီးတွေကြောင့်သာ သူ့မှာ ရောက်ဖူးတာ။ သူ့ဘာသာသူဆို ရောက်ဖူးမှာ မဟုတ်လို့ သမီးတွေကို ကျေးဇူးတင်ပါ"သတဲ့။ သမီးတွေလည်း "သားသမီးတွေ ဘယ်လောက်တော်တော် မိဘမပံ့ပိုးနိုင်ရင် ဘာမှဖြစ်လာမှာ မဟုတ်တာ။ သမီးတွေ ဒီလိုဖြစ်တာ ဖေ၊မေတို့ကြောင့်ပါ"လို့ ပြန်ပြောတော့။ "ဟုတ်ပါပြီ မိဘနဲ့ သားသမီး နှစ်ဦးနှစ်ဖက် တော်လို့ပါ"တဲ့။ (သူများ ချီးမွမ်းပေးစရာမလိုဘူး။ ကိုယ့်ဘာသာ ချီးမွမ်းနေကြတာ။ :D )
အမေရိကားကတော့ စင်္ကာပူလို အလည်လာပြီး အလုပ်ရှာဖို့ မလွယ်ပါ။ အလုပ်ဗီဇာပေးတယ်ဆိုရင်တောင် အနည်းဆုံး အလုပ်အတွေ့အကြုံ ဆယ်နှစ်လောက်ရှိမှ။ အလည်လာဖို့တောင် မလွယ်တာပါ။ ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ ခင်ပွန်းနောက်လိုက်ဖို့ပဲဖြစ်ဖြစ်၊ အမေရိကန်ဒီဗွီပေါက်လို့ပဲဖြစ်ဖြစ်၊ ဒုက္ခသည်ဖြစ်လို့ပဲဖြစ်ဖြစ် အမေရိကားကို ရောက်လာကြပါတယ်။ ခင်ပွန်းလည်း မရှိ၊ အမေရိကန်ဒီဗွီလည်း မပေါက်၊ ဒုက္ခသည်လည်း မဟုတ်တဲ့ စန်းထွန်း ကျောင်းတက်ရုံမှတပါး အမေရိကားကို ရောက်စရာနည်းလမ်း မရှိပါ။ ဒီလိုနဲ့ အမေရိကားကျောင်းကို မတော်တဆ ကံစွတ်ပြီးရ၊ ဗီဇာကလည်း တနင်္လာနေ့တင်တာ ဗုဒ္ဓဟူးနေ့ ရ၊ အားလုံးကလည်း ဝိုင်းမြှောက်ပေး(အချွှန်နဲ့မ)တာနဲ့ အမေရိကားကို လာပြီး ကျောင်းတက်နေပါတယ်။
ဖေ၊ မေတို့မှာလည်း သနားစရာ။ သားသမီးတွေဆီက ရတယ်လို့ မရှိဘူး။ စင်္ကာပူမှာ ကျောင်းတက်ဖို့လည်း ပေးပါဦး။
ကျောင်းပြီး အလုပ်လုပ်လို့ အရင်ပိုက်ဆံတောင် ဖေ၊ မေတို့ကို မဆပ်ရသေးဘူး။ ခုလည်း အမေရိကား ကျောင်းသွားတက်ဖို့ ပေးပါဦး။ ကျောင်းပြီးလို့ အလုပ်ရရင် အတိုးရော၊ အရင်းပါ ပြန်ဆပ်ပါ့မယ်။ ခုတော့ ပိုက်ပိုက်မရှိလို့ စန်းထွန်းဆီကို ပိုက်ဆံပို့ပေးပါဦး ဖေ၊ မေ နဲ့ မကြီးတို့ရေ။
ကျောင်းတက်နေတယ်ဆိုလို့ မြန်မာပြည်က ရုပ်ရှင်ကားထဲကလို၊ တက္ကသိုလ်ကျောင်းသားတွေလို ဝေလေဝါးလားရိုက်ပြီး အချိန်တန်ရင် အောင်မယ်လို့ မထင်လိုက်ပါနဲ့။ စာကြည့်တိုက်မှာ စာသွားဖတ်၊ တသက်နဲ့တကိုယ် ည ၁နာရီ၊ ၂ နာရီ အထိ စာမကြည့်ဘူး။ ခုတော့ ဟင့် ဟင့်။ စာအုပ်ထဲ ခေါင်းစိုက်နေမှ တန်ရုံကျတာ။ ဆရာတွေကလည်း လွယ်တာတွေ သင်ပြီး ခက်တာတွေ အိမ်စာပေး၊ လုပ်နိုင်တာထက် ပိုပေး။ စာမေးပွဲ ...စာမေးပွဲ...စာမေးပွဲ။ သတ်မှတ်ထားတဲ့ grade B ရအောင် လုပ်ရတာ။ သူတို့ B ကလည်း ၈၅ ကနေ ၉၀ ကြားရမှ။ ဒီလောက် စိတ်ဖိစီးမှုများတဲ့ ကျောင်းသားဘဝကို။ ဘယ်သူက ပျော်လို့ ကျောင်းတက်မှာလဲလို့။
စန်းထွန်း
ဇူလှိုင် ၂၃၊ ၂၀၁၁။
3 comments:
မြစ်ကျိုးအင်း said...
ပညာရေးကိုအားပေးတဲ့ မိဘတွေဖြစ်သလို စိတ်သွားတိုင်းကိုယ်ပါပြီး ထောက်ပံ့ပေးနိင်တာကလည်း သားသမီးတွေအတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေပါတယ်။ စာကိုကြိုးစားပြီး မိဘတွေ ပျော်ရွှင်အောင် စွမ်းဆောင်နိင်ပါစေဗျာ
July 24, 2011 at 1:16 AM
San San Htun said...
ပေးတဲ့ဆုနဲ့ တလုံးတဝတည်း ပြည့်ပါစေရှင်။
July 24, 2011 at 10:54 AM
Post a Comment