ခလုတ်ထိမှ အမိ တရုံသာမက ဘုရား၊ တရား၊ သံဃာ အားလုံးကိုပါ တတာပါ။ internship ဆင်းတုန်းက allowance ကို intern ဆင်းတဲ့ ကုမ္ပဏီက မပေးတော့ဘူးဆိုတဲ့နေ့ အေးပို၊ အီးတီ၊ စန်းထွန်း သုံးကောင်သား toa payoah ဘုန်းကြီးကျောင်းကို ပြေးကြတော့တာပဲ။ နောက်တော့လည်း allowance ကို ကျောင်းက ပေးလို့ အဆင်ပြေသွားတော့ ဘုန်းကြီးကျောင်းကို ယောင်လို့တောင် ခြေဦးမလှည့်ကြတော့ပါ။
ကျောင်းပြီးလို့ အလုပ်ရှာတော့လည်း ဝင်လိုက်တဲ့ ဓိဌာန်၊ စိတ်လိုက်တဲ့ ပုတီး၊ ရွတ်လိုက်တဲ့ ပဋ္ဌာန်း ။ ဘုရား၊ တရား မြဲနေတာ။ ဘုရား၊ တရား၊ သံဃာ၊ နတ်တွေပါ အကောင်းမနေရ။ ကုမ္ပဏီကြီးကြီး၊ လစာကောင်းကောင်း ရပါလို၏လို့ ဆုတောင်းနေတာ။ bugis က ကွမ်ရင်မယ်တော်၊ tanjong pagar နား Hock Teck See Temple က စင်္ကာပူ ကျွှန်းစောင့်နတ်ဆိုတာပါ အကောင်းမနေရ။ တို့တွေ နားပူနားဆာတိုက်နေတာ။ ဟော အလုပ်ရသွားပြန်တော့လည်း မေ့သွားကြပြန်ရော။
အဲ အလုပ်၊အိမ် တခုခု အဆင်မပြေရော ဘုရား၊ တရားကို သတိရပြန်ရော။ အဆင်ပြေပြန်တော့လည်း မေ့သွားပြန်ရော။ ဒီလိုနဲ့ ဂျာအေးသူ့မေရိုက်ရော။ ဆရာတော်ကို လာဖူးကြတဲ့ နွားလှည်းတွေက ကျကျန်တဲ့ နွားချီးတွေကို ကျုံးနေရတဲ့ ကပ္ပိယ ညည်းညူသံကို ကြားတော့ ဆရာတော်ကြီး "ပေးပေး ဒကာ မကျုံးချင်ရင် နေပါ။ ဦးပဉ္ဖင်း ကျုံးလိုက်ပါ့မယ်။ ဝေယျာဝဇ္ဇကုသိုလ် လုပ်ခွင့်ကြုံပြီ။" လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သတဲ့။ ဒါကြောင့် ရေချိုးခန်းမှာ ဆံပင်တွေ တွေ့တဲ့အခါ၊ မီးဖိုချောင်မှာ အမှိုက်တွေ တွေ့တဲ့အခါ (သူများဟာတွေဆိုတော့ ရွံမှာပေါ့) ဝမ်းသာလိုက်ပါ။ ငါတော့ ဝေယျာဝဇ္ဇ ကုသိုလ်လုပ်ခွင့် ကြုံပြီလို့။ သူငယ်ချင်းတယောက်က ပြောတယ်။ အခက်အခဲဆိုတာရှိမှ ဘုရားကို မမေ့မှာတဲ့။ အခက်အခဲကြုံရင်တော့ တွေးလိုက်ပါ။ ငါတော့ ဘုရား၊ တရား လုပ်ခွင့်ကြုံပြီလို့။
မြန်မာပြည်မှတော့ ကုသိုလ်ကံက မသိသာပါဘူး။ အရင်ကလည်း ဒီအတိုင်း နောင်နှစ်တွေ ကြာလည်း ဒီအတိုင်းပါပဲ။ စင်္ကာပူမှာတော့ ကံက အရမ်းသိသာပါတယ်။ ကိုယ့်ထက် တော်ပေမဲ့ ကိုယ့်လောက် အလုပ်ကံ မဆင်မပြေတာတို့။ ကိုယ့်လောက် မတော်ပေမဲ့ ကိုယ့်ထက် လစာကောင်း၊ ကုမ္ပဏီကောင်းမှာ ရတာတွေ ကြုံရတော့ ကံဆိုတာကို တကယ်ယုံလာပါတယ်။ လစာနည်းတဲ့သူက လစာများတဲ့သူကို အားကျ။ ပင်ပန်းလည်း ပိုက်ဆံအများကြီးရတော့ ပင်ပန်းရကျိုးနပ်တယ်ပေါ့။ လစာများတဲ့သူကလည်း ဒီလောက် ပင်ပန်းတာ ဘဝကြီးက ဘာအဓိပ္ပာယ် ရှိတော့မှာပဲ။ လစာနည်းနည်းရပြီး အေးအေးဆေးဆေးပဲ နေလိုက်ချင်တော့တယ်လို့ ငြီးကြတယ်။
ကိုယ့်အထက် မန်နေဂျာက ကိုယ့်ကို ထုထောင်းရင် တွေးလိုက်ပါ။ အရင်ဘဝက ငါ သူ့ကို ထုထောင်းထားလို့ နေမှာလို့။ လစာနည်းနေရင်လည်း ဟိုဘဝက လှုဒန်းထားသလောက် ကိုယ်ရတာလို့ တွေးလိုက်ပါ။ ဉာဏ်မကောင်းဘူးဆိုရင်လည်း အခု လေ့လာဆည်းပူးနေလို့ နောင်ဒီထက် ဉာဏ်ကောင်းတော့မှာလို့ တွေးလိုက်ပါ။ အိမ်ရှင်မတွေကလည်း တနေ့တနေ့ အိမ်အလုပ်တွေပဲ လုပ်နေရလို့ စိတ်ညစ်မနေရပါနဲ့။ အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့ မိန်းမတွေက အိမ်ရှင်မဘဝကို အားကျနေတာ။ လုပ်ရိုးလုပ်စဉ် အလုပ်တွေကို လုပ်ရင်း ကုသိုလ်ရနေတာက မင်း၊ အိမ်ရှင်မ၊ ဘုန်းကြီးတဲ့။ အရင်ဘဝက ကံတွေကို ပြင်လို့ မရပေမဲ့ ပြင်လို့ရနိုင်တာက အခုလက်ရှိ ကိုယ့်ရဲ့ အချိန်ကို ဘယ်လိုနည်းနဲ့ တန်ဖိုးရှိအောင် အသုံးချရမှာလဲပါ။
ဟုတ်ကဲ့ စန်းထွန်းကတော့ ခလုတ်ထိရင် အားလုံးကို တတတ်ပါတယ်။
စန်းထွန်း
ဇူလှိုင် ၁၁၊ ၂၀၁၁။
4 comments:
နေဝသန် said...
ဟမ်.. ဒီမှာကျတော့ စင်္ကပူဖြစ်သွားပြန်ပြီ.. တိုပါးယိုးဘုန်းကြီးကျောင်းတွေရော.... ရေးထားတဲ့ရက်တွေကလည်း ကပ်ရက်လေးတွေပါ.. ဘယ်လိုဖြစ်...
July 15, 2011 at 1:36 AM
San San Htun said...
စင်္ကာပူအကြောင်းရေးရင် အရင်က အတွေ့အကြံ ု။ အမေရိကားအကြောင်း ရေးရင် အခုလက်ရှိ။ ဟ ဟ တယ်တော်တဲ့ ငါပါလား။ နေဝသန်ကို လည်သွားအောင် ရေးနိုင်တယ် :P ။
July 15, 2011 at 9:27 AM
Anonymous said...
ဒီပို.စ်လေးကို သဘောကျတယ် ဟုတ်တယ်နော် ဘဝကိုနေတတ်အောင်နေမှ မျှဝေပေးတာကျေးဇူးပါ
July 24, 2011 at 1:19 AM
Post a Comment