များများစား...
မနက်စာ၊ နေ့လည်စာ စားတိုင်း ဟိုဟာလည်း မကြိုက်လို့ မစား၊ ဒီဟာလည်း မကြိုက်လို့ မစားနဲ့ ခေါင်းခါနေတတ်တဲ့ ရာမားကို တို့သုံးယောက် ဝိုင်းပြောတာက "eat more"။ ဖေ၊ မေတို့ကို တို့ညီအမ ဖုန်းဆက်ရင် မေက မကြီးကိုဆို "များများစား"လို့ ပြောတတ်ပေမဲ့ စန်းထွန်းကိုတော့ "အစားဆင်ခြင်"တဲ့။ ဒီလို ပြောရတာလည်း ဒီလို ရှိပါတယ်။
ငယ်ငယ်တုန်းက မကြီးနဲ့ မောင်မောင်ကို ထမင်းခွံ့ရင် တပန်းကန်ပဲ ကုန်ပေမဲ့ စန်းထွန်းကိုတော့ သုံးပန်းကန် ခွံရတာတဲ့။ ထမင်းစားရင်လည်း ဖိုးဖိုးစားကတည်းက စားလိုက်တာ ဖေ၊မေတို့ ထမင်းဝိုင်း၊ အလုပ်သမားတွေ ထမင်းဝိုင်းအထိ စားလို့ မပြီးသေး။ နယ်မှာ အစားအသောက်ကလည်း ပေါတော့ ကြိုက်ရင် အကုန်စား။ ပုသိမ်ရောက်တော့မှ စကေးနဲ့ စားတတ်သွားတာ။
ရန်ကုန်ရောက်တော့ အသန့်ကြိုက်တဲ့ မကြီးက လမ်းဘေးစာဆို မတီးဘူး။ စန်းထွန်းကတော့ လမ်းဘေးစာလည်း မရှောင် အကုန်တီးတာပဲ။ ဝေကတောင် "စန်းထွန်းက တချိန်လုံး စားဖို့ပဲ စဉ်းစားနေတာ မကြီး"လို့ တိုင်သေးတယ်။ ဒီလိုနဲ့ အစားမရှောင်၊ အကုန်တီးတဲ့ စန်းထွန်း မင်းလမ်းက မုန့်တီသုတ်စား၊ အိမ်ရောက်တော့ မေတို့ ဟိုင်းကြီးကနေ ယူလာတဲ့ ခက်တဲ့(ပြည်ကြီးငါး)ကြော်တွေ စား၊ အဲဒါတွေက ဗိုက်ထဲမှာ ဖိုက်ကြတော့ စန်းထွန်းတယောက် ဝမ်းသွားပါလေရော။ ဗိုက်ထဲက ရစ်ရစ်နာပြီး အောင့်တာပါ။ အိမ်သာကို ငါးခါလောက် သွားပြီးချိန်မှာတော့ လူက မျော့မျော့ပဲ ကျန်တော့တယ်။
ချမ်းလာပြီး စောင်အထပ်ထပ် ခြုံပြီး ညည်းနေတော့တာ။ ည ၂ နာရီလောက် ရှိပါပြီ။ ဆေးခန်းသွားရအောင် ဒီအချိန်ကြီး။ ဖေက ခြေဖဝါးကို လာဖျစ်ပေး၊ ဆေးလိမ်းပေးတော့ ချမ်းတာတွေ သက်သာပြီး အိပ်ပျော်တော့တာ။ မေကတော့ အစားသောင်းကျန်းလို့ ဖြစ်တာလို့ ဆူလေရဲ့။ မောင်မောင်က လာစောင့် အိပ်ပေး။ မနက်မိုးလင်းတော့ ကောင်းသွားရော။
တုတ်ကွေးရာသီမှာ ဖျားလို့ သီရိ၃လမ်းက ပြနေကျဆရာဝန်ဆရာဦးသိန်းဟန်ဆီမှာ သွားပြပါတယ်။ ဆရာက ဆေးလုံးဝ မထိုးဘူး။ ဆေးပဲ သောက်ရတာ။ နောက်နေ့ အဖျားအရမ်းကြီးပြီး အပူတွေ အရမ်းတက်တော့ မကြီးခမျာ ကြောက်ပြီး မေ့ကို ဖုန်းဆက်တော့ မေက ချက်ချင်းပဲ ရန်ကုန်တက်လာပါတယ်။ မေပြောတာက စန်းထွန်းက ဖျားခဲတယ်၊ ဖျားရင်ပဲ အသည်းအသန် ဆေးရုံရောက်ပဲတဲ့။ ဆရာ့ဆေးကို ၃ခွက်လောက် သောက်ရင် သက်သာပါတယ်။ ခု မသက်သာတော့ အူရောင်ငန်းဖျားနဲ့ တူတယ်၊ ဘာအဖတ်မှ မစားနဲ့၊ သွေးသွားစစ်တဲ့။ သွေးသွားစစ်တော့လည်း အူရောင်ငန်းဖျား မဟုတ်။ ချက်နဲ့ တင်ပဆုံးရိုးကြားထဲ လက်နဲ့ ထိုးရင် နာပါတယ်။ အူအတက်ရောင်တာတဲ့။ လမ်းဘေးစာတွေ၊ မသန့်တဲ့ လက်သုပ်၊ ငရုတ်ချဉ်ရည်တို့ စားမိလို့ နေမှာတဲ့။ ခွဲမလား၊ ဆေးသောက်မလားဆိုတော့ ဆေးသောက်တာကို ရွေးလိုက်ပါတယ်။ စာမေးပွဲက နီးနေပြီလေ။
အဖတ်မစားရ အရည်တွေပဲ သောက်ရတော့ တော်တော့်ကို ပိန်သွားတာ။ သူငယ်ချင်းတွေဆို ကိုယ့်ကို မြင်ရတာ စိတ်မကောင်း ဖြစ်လွန်းလို့ အရင်ဝဝဖြိ ုးဖြိ ုးလေးကနေ ပိန်ပိန်ညောင်ညောင်လေးဖြစ်သွားလို့တဲ့။ အဲဒီကတည်းကစလို့ အရမ်းကြိ ုက်တဲ့ လက်သုပ်တွေ၊ ငရုတ်ချဉ်ရည်၊ ချဉ်ဖတ်၊ ငရုတ်သီးအပူအစပ်တွေကို ရှောင်ရတော့တာပဲ။ သူများစားတိုင်း သားရေယိုရတာပေါ့။ အဲဒီကတည်းကစလို့ မေက မကြီးကို "များများစား"ဖို့ မှာပေမဲ့ စန်းထွန်းကိုတော့ "အစားဆင်ခြင်"တဲ့။ အိမ်ရဲ့ လက်သုံးစကားက "များများစား၊ အားရှိမှ၊ အလုပ်လုပ်နိုင်မှာ"တဲ့။
စင်္ကာပူကိုရောက်တော့ အစားအသောက်တွေက သန့်တော့ ဘာမှမရှောင် တီးတော့တာပေါ့။ နေရာတိုင်းမှာ foot court ရှိတော့ ချက်မစားချင်ရင် ဝယ်စားလိုက်ရုံပါပဲ။ မလေး၊ အင်ဒိုနီးရှားအစားအစာတွေကလည်း မြန်မာအစားအစာနဲ့ အတော်တူပါတယ်။ ကိုရီးယားစာ၊ ဂျပန်စာ အကုန်ကြိုက်။ စင်္ကာပူမှာတော့ ထမင်းလေးလက်တဆုပ်လောက် ကျန်ရင်တောင် ရေခဲသေတ္တာထဲထည့်၊ စားခါနီးမှ မိုက်ခရိုဝေ့ထဲ ထည့်နွေးစား။ မကြီးကလည်း စည်းကမ်းရှိ စနစ်ကျတော့ ဘာမှ ပစ်ရက်စရာကို မရှိတာပါ။ စားလို့ကုန်ရင် ကုန်ပစေ၊ လွှင့်ပစ်ရရင်တော့ အတော်နှမြောဖို့ကောင်းတာပါ။
အလုပ်က ဘော်ဒါတွေနဲ့ နေ့လည် ထမင်းသွားစားရင် မကုန်လို့ ချန်တာတွေ့ရင် သူတို့က အာဖရိကလူတွေကို သတိရပါလို့ ပြောတတ်တော့ ကုန်အောင် တီးရပါတယ်။ မကြီးကလည်း ပြောတတ်တယ်။ စန်းထွန်း "အပြတ်ရှင်းလိုက်"တဲ့။
အမေရိကန်စာတွေကတော့ ငန်ပြီး ကိတ်မုန့်တွေကလည်း သကြားခဲကို စားရသလိုပါပဲ။ ဒါကြောင့်လည်း အမေရိကန်တွေ သွေးတိုးဆီးချိုအဖြစ်များပြီး အဝလွန်တွေ များတာလည်း မပြောနဲ့။ ဘာမဆို စားနိုင်ပါတဲ့၊ ဘယ်တော့မှ မပိန်တဲ့ စန်းထွန်းတောင် ၂ ကီလို၊ လေးပေါင် ကျတာ ကြည့်တော့။ တီချယ်သူဇာဆို ၁၀ပေါင် ကျတာတဲ့။ မတူညီတဲ့ ခန္ဓာကိုယ်စနစ်ကြောင့် ဆူနမ်ကျတော့ ဝလာပါတယ်။
တက္ကသိုလ် ဒုတိယနှစ်ရောက်မှ မီးဖိုချောင်ထဲ ဝင်ဖူးတဲ့ စန်းထွန်း အိမ်က သင်ပေးပေမဲ့ အရသာမသိ၊ ဘာစားစားကောင်းနေတော့ ကိုယ်ချက်တာလည်း ကောင်းတယ်ထင်တာပေါ့။ တခါက လက်စွမ်းပြလိုက်တာ ဘယ်သူမှ မစားနိုင်။ မောင်မောင်ကတော့ ဘယ်လောက်တောင် အရသာသိလဲဆိုရင် အင်း ငန်မဲ့ပုံပဲ၊ ချဉ်နေပြီနဲ့ အိမ်ရှေ့ကနေ အနံ့ကို ရှူရင်း ခန့်မှန်းနေတာ။ သူ့ကို ဟင်းမြည်းခိုင်းရတယ်။ "မကြီးကို ရတဲ့ ယောကျ်ားကတော့ အတော်ကံကောင်းမှာ"လို့ မြှောက်ပေးရင်း စန်းထွန်းစားချင်တာတွေကို မကြီးကို ချက်ခိုင်း။ အစပ်မစားနိုင်တဲ့ စန်းထွန်းအတွက် ဖေက သရက်သီးငါးပိထောင်းကို အစပ်လျှော့ပြီး ထောင်းပေးတတ်ပါတယ်။ မေ့ရဲ့ ကန်းစွန်းရွက်၊ ချဉ်ပေါင် ဟင်းလှော်ဟင်းကိုတော့ ဘယ်သူမှ မမှီတာပါ။ မောင်မောင်ကတော့ ကြက်ဥကြော် expert လို့ တို့ညီအမတွေ ညာညာခိုင်းတတ်ပါတယ်။ ခုတော့ ညာညာ ခိုင်းရမဲ့သူမရှိ။ ကိုယ့်အားကိုယ်ကိုးပဲ။ ပျင်းရင် ငတ်ပဲ။ မီးဖိုချောင်မှာ ချက်လို့ရပေမဲ့ တယောက်စာလေးကို လုပ်ရတာများများ၊ သူများတွေ ချက်ထားတာကို ရှင်းပေးရတာများများဆိုတော့ ခေါက်ဆွဲပြ ုတ်နဲ့ပဲ နှစ်ပါးသွားနေပါတယ်။
ဟိုဟာစားကောင်းနိုး၊ ဒီဟာစားကောင်းနိုးနဲ့ သယ်လာပေမဲ့ မစားနိုင်ဘဲ အများကြီးကျန်တာကိုမြင်ရင် အာဖရိက က လူတွေကို သတိရပေမဲ့ ဘယ်လိုမှ မတတ်နိုင်တာပါ။ ခုတော့ မကြိုက်တာတွေကို ကြိုက်အောင် ကြိုးစားရင်း "များများစား"နိုင်ဖို့ ကြိုးစားနေကြောင်းပါ။
စန်းထွန်း
ဇူလှိုင် ၂၄၊ ၂၀၁၁။
Subscribe to:
Post Comments (Atom)
7 comments:
ဟုတ်ကဲ့ပါရှင့် :)။
Baby taster said...
များများစား ဒါပေမဲ့ ဆင်ချင်စားနော် :P
July 25, 2011 at 5:34 AM
San San Htun said...
ဟုတ်ကဲ့ပါရှင့် :)။
July 25, 2011 at 9:29 AM
မြစ်ကျိုးအင်း said...
စားချင်စိတ်ရှိအောင် အရင်လုပ်ရမယ့်ပုံပဲ း)
July 25, 2011 at 12:33 PM
စံပယ်ချို said...
အမြဲတမ်းစားချင်နေတော့ ကျွန်မအတွက်နဲနဲခက်နေမလားပဲ
ဗိုက်ဆာတာထက် ပါးစပ်ဆာနေတာမို့ပါ။
July 26, 2011 at 3:56 AM
စံပယ်ချို said...
အများကြီး စားလို့ခက်နေတာလေ
ဘယ်လိုလျှော့ရမလဲစဉ်းစားနေတာပါ
July 26, 2011 at 3:58 AM
San San Htun said...
jasmine ရေ ဒီကို လာပါလား။ တခါတည်း စားချင်စိတ်ပျောက်သွားမယ် :D ။
July 26, 2011 at 9:13 AM
Post a Comment