အီဂျစ်သွားတောလား - ၁၅

၂၀၂၅ ဇန်နဝါရီ ၁၂ တနင်္ဂနွေနေ့ မနက် ၆ နာရီခွဲလောက်ထပြီး Dahab ကမ်းခြေမှာ နေထွက်တာသွားကြည့်တယ်။ ရောင်စဥ်တွေဖြာပြီး ပင်လယ်ထဲကနေ နေထွက်လာတာ အင်မတန်လှတယ်။ ပြီးတော့ ကမ်းခြေတလျှောက် လမ်းလျှောက်ကြတယ်။ မနက်စာ အီဂျစ်ရိုးရာပေါင်မုန့်စားတယ်။ ကြံရည်ကို သံပုရာရည်မညှစ်ဘဲသောက်တယ်။ ရောက်ခါစနေ့က ကြည့်ခဲ့တဲ့ သားရေအိတ်ဆိုင် ထပ်သွားကြည့်တယ်။ ဆိုင်ရှင်ကအေးဆေးပဲ အတင်းထိုးရောင်းဖို့နေနေသာသာ လှည့်တောင်မကြည့်လို့ မနည်းခေါ်ရတယ်။ ဝိုင်းက ကျူးဘားကနေ ဝယ်လာတဲ့သားရေအိတ်လေးကို အင်မတန်ကြိုက်တယ်။ အဲ့ဒီအိတ်ကြိုးပြတ်သွားလို့ ခုအိတ်ထပ်ဝယ်ချင်တာ။ ကိုယ်လဲလိုက်ဝယ်မလားလို့ သေချာစဥ်းစားကြည့်လိုက်တော့ အိတ်တွေအများကြီးရှိတယ်။ ပိတ်ရက်တောင်တက်ရင်လည်း ကျောပိုးအိတ်ပဲလွယ်တော့ မဝယ်ဖြစ်တော့ဘူး။ နေ့လည်စာကို ရီဗျူးကောင်းတဲ့ slow cook ဆိုင်မှာစားတယ်။ နေ့လည် ၁၂ နာရီလောက်မှဖွင့်တယ်။ တချို့အစားအစာတွေက တနေ့ကြိုမှာရတယ် ၁၄ နာရီလောက် ချက်ရတာမို့လို့တဲ့။ ဆိုင်မှာရှိတဲ့ဟာကိုပဲ စားလိုက်တယ်။ စျေးကြီးတယ် ကွာလတီကောင်းတယ် ခရက်ဒစ်နဲ့ရှင်းလို့ရတယ်။ Dahab မှာ ရေကတအားကြည်တော့ Snorkeling နာမည်ကြီးတယ်။ ကမ္ဘာပေါ်မှာ အနက်ဆုံး Blue Hole Diving လဲ နာမည်ကြီးတယ်။ ဝိုင်းက ရေမကူးတတ်တော့ Snorkeling၊ Diving မလုပ်ချင်ဘူး။ Diving လုပ်ပြီး ၁၂ နာရီအတွင်း လေယာဥ်စီးလို့မရလို့ သူ့ရုံးကတယောက် ကားနဲ့ပြန်လာခဲ့ရတယ်တဲ့။ နေ့လည် ၂ နာရီ တက္ကစီသမားက အချိန်မှန်လာခေါ်တယ်။ Sharm El Sheikh ကို တနာရီကျော်လောက် မောင်းရတယ်။ အစက Sharm El Sheikh ကိုဝင်လည်မလားလို့ စဥ်းစားကြသေးတယ်။ ရှာကြည့်လိုက်တော့ လည်စရာ၊ စိတ်ဝင်စားစရာမတွေ့တာနဲ့ မဝင်တော့တာ။ Sharm El Sheikh ကနေ Cairo ကို တနာရီလောက်ပဲစီးရတယ်။ ဒီတခါတော့ ညနေစောင်းရောက်လို့ စျေးကြီးတဲ့ We Know Egypt taxi service မယူတော့ဘူး။ Uber ရှာမရ လေဆိပ်မှာ အတင်းလိုက်မေးနေတဲ့ တက္ကစီသမားက ၅၀၀ တောင်းလို့ ဝိုင်းကစိတ်တွေတို။ နောက်ဆုံး ၄၀၀ နဲ့ စျေးတည့်သွားတယ်။ အီဂျစ်အစားအစာလဲ မစားနိုင် ဝိုင်းချက်ကျွှေးတဲ့ ကြက်အသည်းအမြစ်ကြော်၊ ဂေါ်ဖီကြော်က အကောင်းဆုံးဖြစ်နေတယ်။ အီဂျစ်မှာ ဒီနှစ်အရမ်းချမ်းတယ်။ ဟီတာလဲမရှိလို့ ရှိသမျှအဝတ်အစားတွေဝတ်ပြီး အိပ်ရတယ်။ အရမ်းပူတဲ့ဒေသမို့ ဝိုင်းအိမ်မှာက စောင်အပါးလေးပဲရှိတယ်။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၂၉၊ ၂၀၂၅။

Sunrise at Dahab
ကြံရည်
အီဂျစ်မနက်စာ
Delicious slow cook food

No comments: