အီဂျစ်သွားတောလား - ၁၄

၂၀၂၅ ဇန်နဝါရီ ၁၀ သောကြာနေ့ ည ၉ နာရီ တိုးကားက အချိန်မှန်လာခေါ်တယ်။ Mount Sinai တောင်ခြေထိ ၂ နာရီလောက် မောင်းရတယ်။ လမ်းမှာ ပတ်စ်ပို့စ်တယ်။ လေဆိပ်မှာလို အိတ်ဖွင့်စစ် လူကိုလည်းစစ်တယ်။ ခေါင်းပေါင်း၊ ဝတ်ရုံရှည်ကြီး ဝတ်ထားတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးက တိုးဂိုက်။ အစပိုင်းကတော့ မီးဆလိုက်တွေနဲ့ လင်းထိန်နေတာပဲ။ ဓာတ်မီး၊ အနွေးထည် ငှားလို့ရတယ်။ နောက်တော့ မှောင်မည်းလာလို့ ဓာတ်မီးသေးသေးလေးထုတ်တယ်။ အဲ့ဓာတ်မီးက ဆူနမ်နဲ့ မေရီလန်းပြည်နယ်ထဲက မြင်းတွေရှိတဲ့ကျွှန်းကို camping သွားတုန်းကရခဲ့တဲ့ ဓာတ်မီးလေး။ တောင်ကပြေပြေလေးနဲ့ အတော်မတ်တယ်။ နားလိုက် တက်လိုက် လေ့ကျင့်ခန်းမလုပ်တာ တော်တော်ကြာပြီဆိုတော့ အတော်မောတာ။ ရင်ဘတ်ထဲက အသက်ရှူသံပြင်းပြင်းကို ကြားရတယ်။ ကုလားအုတ်သမားတွေက စီးမလားလို့ လိုက်မေးတယ်။ ဘယ်လောက်မောပါစေ လုံးဝမစီးဘူး။ ပိုက်ဆံကုန်မှာစိုးလို့ မဟုတ်ဘူး ကုလားအုတ်ကို သနားလို့။ တချို့တွေလည်း မတက်နိုင်တော့လို့ ကုလားအုတ်စီးပြီး တက်သွားကြတယ်။ မောရင်နားပြီးအပန်းဖြေဖို့ တဲလေးတွေရှိတယ်။ လက်ဖက်ရည်၊ မုန့်ရောင်းတယ်။ ပတ်ဝန်းကျင်တခုလုံး မည်းမည်းမှောင် ကြယ်လေးတွေ ဖျောက်တုတ်ဖျောက်တုတ်။ ငါ ဘာလို့ဟိုတယ်မှာ နှပ်မနေဘဲ တောင်တက်ပြီး ဘာလို့အပင်ပန်းခံနေပါလိမ့်။ တောင်တက်မိတာ နောင်တရနေတယ်။

ဝိုင်းက မမြင်လို့ သူ့ကိုရှေ့က သွားခိုင်းပြီး ကိုယ့်ဓာတ်မီးပါ ထိုးပေးရတယ်။ အရေးထဲ ချွှေးထွက်လာပြီး ယားလို့ ဝိုင်းကျောကုန်းကို ကုတ်ပေးရတယ်။ အမွှေးပါတဲ့ဆွယ်တာကြောင့်ဆိုတာကို လက်မခံဘူး။ အရင်တုန်းကလဲ ဝတ်နေတာပဲ တခါမှမယားဘူး။ အဲ့ဒီတုန်းက ချွှေးမှမထွက်တာကိုး။ ကိုယ့်ဆို အဲ့လိုအသားတွေဆို ဝတ်လို့မရဘူးယားကျိကျိဖြစ်လို့။ နောက်ဆုံးတော့ အဲ့ဆွယ်တာကို ကူချွှတ်ပေးရတယ်။ တီရှပ်နဲ့ဒေါင်းနဲ့ပဲဆိုတော့ မယားတော့ဘူး။ အဲ့တော့မှ ဆွယ်တာကြောင့်ယားတယ်ဆိုတာ လက်ခံသွားတယ်။ နားလိုက် တက်လိုက် တိုးဂိုက်လေးက အိုကေ ဂွတ် နှစ်လုံးပဲပြောတယ်။ တဲလေးခုဖြတ်ပြီးတော့ နောက်ဆုံးတဲမှာ ခဏနေ မနက် ၅ နာရီခွဲမှာ လာခေါ်မယ်တဲ့။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ငိုက် လူတွေလဲ တဖြည်းဖြည်းရောက်လာတယ်။ ကိုယ်တို့နဲ့ စကားမမြည်ပြောတဲ့လူက သြဇီက စကားပြောမယဥ်ကျေးဘူး။ အမေရိကန်သမ္မတဘယ်သူ့ကို မဲပေးလဲ။ ငါက နယူးယောက်က အပြာပြည်နယ်ဆိုတော့ ဒီမိုဂရက်ကို မဲပေးတယ်။ သူ့ယောက်ဖက long island သူဌေး ဟယ်လီကော်ပါတာတောင်ပိုင်တယ်။ ဒေါ်နယ်ထရန့်သမ္မတဖြစ်တော့ အရမ်းကောင်းသွားမှာလို့ပြောတော့ သောက်ညင်ကပ်လိုက်တာဆိုတာ။ ပြန်မငြင်းတော့ဘူး ဘာစကားမှကို ဆက်မပြောတော့တာ။

ထိုင်လျက်အိပ်ပျော်သွားတာ အရမ်းချမ်းလာလို့ နိုးသွားတယ်။ တဲထဲမှာ လူတွေအပြည့်ပဲ ဝိုင်းကလဲချမ်းလို့။ ဒါတောင် ကက်ရှ်မီးယားဆွယ်တာ၊ ဒေါင်းဂျက်ကဒ်၊ ဒေါင်း vest၊ ဘောင်းဘီးက အသားကပ်၊ ဟိုက်ကင်းဘောင်းဘီအထဲမှာ fleece ပါတဲ့ဟာ ဝဝ်ထားတာ။ လက်အိတ်ထုတ်ဝတ်၊ ဦးထုတ်ဆောင်းတော့လည်း မနွေးဘူး။ Mount Sinai တောင်တက်တဲ့အကြောင်း ဖတ်တုန်းက အရမ်းချမ်းတယ်လို့ ရေးထားတာ တကယ်။ ချမ်းလွန်းလို့ စောင်ငှားခြုံလိုက်တယ် အီဂျင်ပေါင် ၃၀၀ ဒေါ်လာ ၆ ကျပ်။ တောင်ထိပ်ရောက်လေ စျေးကြီးလေ။ စောင်ခြုံတော့မှ အချမ်းနည်းနည်းသက်သာတယ်။ မနက် ၅ နာရီခွဲ တိုးဂိုက်က လာကြည့်ပြီး သူ့နောက်လိုက်ဖို့ အချက်ပြတယ်။ နောက်ထပ် ဆယ်မိနစ်လောက် ထပ်တက်ရတယ်။ ဝိုင်းရဲ့စောင်က ရှည်နေလို့ ကိုယ့်စောင်နဲ့လဲပေး ပြပေးရတယ်။ ခရီးသွားရင် အဲ့လိုအချင်းချင်း ကူညီစောင့်ရှောက်ဖေးမပေးတဲ့သူနဲ့မှ။ တကိုယ်ကောင်းဆန်တဲ့သူနဲ့ ခရီးသွားလို့မကောင်းဘူး။ ပြီးတော့ အကြိုက်လဲတူဦးမှ မဟုတ်ရင် ရန်ဖြစ်ပြီး မခေါ်နိုင်မပြောနိုင်ဖြစ်တော့မှာ။ တောင်ထိပ်မှာ လူအပြည့်ပဲ လူရှင်းပြီး မြင်ကွင်းကောင်းတဲ့နေရာ ပြပေးတယ်။

တောင်အထပ်ထပ်ကြားထဲက နေထွက်လာတာ အင်မတန်လှတယ်။ ညမအိပ် ပင်ပင်ပန်းပန်း တောင်တက်ပြီးမှ တွေ့ရတဲ့ နေထွက်ချိန်မို့လို့လား မသိဘူး။ သူမျkundalini yoga အတန်းမှာ တရားထိုင်တုန်းက အဲ့မြင်ကွင်းကို ပြန်မြင်ပြီး အဲ့ဒီနေရာပြန်ရောက်သလို ခံစားရဖူးတယ်။ Mount Sinai ဟာ မြင့်မြတ်တဲ့တောင် ခရစ်ယာန်၊ ဂျူးဘာသာတွေမှာ အရေးပါတဲ့တောင်။ တမန်တော်မိုးဇက်က Mount Sinai တောင်ပေါ်တက်ပြီး ပညတ်တော်ဆယ်ပါးရပြီး ဂျူးဘာသာကို တည်ထောင်ခဲ့တာ။ Mount Sinai ဆိုရင် နယူးယောက်က ဆေးရုံနာမည်ထင်နေကြတာ ခုမှတကယ့်တောင်ရှိမှန်းသိသွားကြတယ်။ အဲ့ဒါကို ဖေ့ဘွတ်မှာ ကိုယ်က sacred မြင့်မြတ်တယ်အစား scared ကြောက်စရာကြီးလို့ ရေးထားလို့ ဝိုင်းသတိပေးမှ ပြန်ပြင်လိုက်ရတယ်။ ကိုယ်လုပ်မှပဲ Mount Sinai လည်း sacred မြင့်မြတ်တဲ့တောင်အစား scared ကြောက်စရာတောင်ကြီးကိုဖြစ်လို့ ။ နေထွက်လာတာနဲ့ အတော်ပူတယ် ဆင်းတဲ့သူကများများ အတက်ကနည်းနည်းလေး။ ဒီအချိန်တောင်တက်တာ အတော်ပူမှာပဲ။ အဆင်းကျတော့ မြန်သား။ တချို့လူတွေဆို မနက် ၁ နာရီမှ တောင်စတက်ကြတယ်။ ကိုယ်တို့က တောင်တက်တာ အချိန်ကြာလို့ စောစောတက်တာ။

St. Catherine's Monastery ကမ္ဘာပေါ်မှာ အသက်အရှည်ကြာဆုံး ခရစ်ယာန်ကျောင်း။ အထဲဓာတ်ပုံရိုက်ခွင့်မရှိဘူ။ အိမ်သာဝင် အပြင်ဖက်ဓာတ်ပုံရိုက်လို့ရတဲ့နေရာတွေ ဓာတ်ပုံရိုက်။ အပြင်ပြန်ထွက်လာတော့ တိုးဂိုက်က စောင့်နေတယ်။ တိုးဂိုက်ကို တစ်ဖ်များများပေးလိုက်တယ် တညလုံးဂရုတစိုက်ကြည့်ပေးရှာတာကိုး။ ကားဆီကို မနည်းလျှောက်လိုက်ရတယ်။ ည ၁၁ ကနေ မနက် ၁၁ အထိ ၁၂ နာရီတောင်တက်ခြင်း။ လမ်းမှာကားကိုရပ်ပြီး ဒရိုင်ဘာတယောက်လာလဲ။ ဗိုက်ဆာနေလို့ မစောင့်ရတဲ့ တရုတ်စာစားလိုက် အင်မတန်ချာတာပဲ။ ငွေလဲတဲ့နေရာက နေ့လည် ၁၂ ကျော်မှဖွင့်တယ် အေးဆေးပဲ။ ဟိုတယ်ဆီရောက်တာနဲ့ ကုတင်ပေါ် ဒိုင်ဗင်ပစ်ထိုးပြီး အိပ်တော့တာပဲ။ တရေးတမောအိပ်ပြီး ညစာထွက်စား စျေးတန်းလျှောက်ကြည့် အသီးတွေဝယ်စား။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၂၅၊ ၂၀၂၅။

Sunrise at Mount Sinai
St. Catherine's Monastery

No comments: