![]() |
Abu Simbel near Sudan border |
၂၀၂၅ ဇန်နဝါရီ ၇ အင်္ဂါနေ့ မနက် ၄ နာရီခွဲ Abu Simbel သွားဖို့ တိုက်အောက်မှာစောင့်တော့ ကူညီတတ်တဲ့ တရုတ်လေးက ငါတို့စုရပ်သွားမလို့ နင်လိုက်မလား လာမေးတယ်။ ငါ့ကို တိုက်အောက်မှာ လာခေါ်မှာမို့လို့ မလိုက်တော့ဘူး။ တယောက်တည်းခရီးသွားတာမို့လို့ ဝိုင်းက စျေးကြီးတဲ့ private tour ပဲဘွတ်ခိုင်းတယ်။ အဲ့ဒီလိုစုရပ်တွေ လိုက်ရှာရရင် မလွယ်ဘူး။ အင်္ဂလိပ်လိုမပြောတဲ့ မေးလို့မရ အာရပ်လိုရေးထားတော့ ဂူဂယ်မတ်မှာ ရှာရတာမလွယ်။ ဝိုင်းက ဘာလို့စျေးပေါတဲ့ဟာတွေ မဘွတ်ခိုင်းတာလဲဆိုတာ ခုမှသဘောပေါက်တယ်။ ကားဒရိုင်ဘာက အင်္ဂလိပ်လိုမပြောတတ်ဘူး။ ဆူဒန်နယ်စပ်အထိ ၃ နာရီလောက် မောင်းရတယ်။ လမ်းမှာ လုံခြုံရေးစစ်တယ် ဘယ်နှစ်ယောက်လဲ၊ ဘာလူမျိုးလဲ၊ ဘယ်ကိုသွားမှာလဲ။ တနေရာမှာ အိမ်သာသွားဖို့ရပ်ပေးတယ်။ ကိုယ်ကဆက်အိပ်နေတယ် ကားဆရာက ဆေးလိပ်သောက်။ သဲကန္တာရမို့ မနက်ပိုင်းဆို အတော်အေးတယ်။ ကိုရီးယားတိုးကား ဆိုက်လာတယ်။ ကိုရီးယားခရီးသွားတွေ အတော်များတယ်။ ကားသမားက မုန့်တွေပေးတယ် ရေမေးတော့ သူ့မန်နေဂျာကို ပြန်မေးလိုက်ဦးမယ်တဲ့။ အဲ့ဒီဆို ဝန်ဆောင်မှုက အရမ်းကောင်းတယ် ဒါတောင် rating အကောင်းဆုံးရထားတဲ့ ကုမ္ပဏီ။ ဘုရားကျောင်းရောက်တော့ တိုးဂိုက်က စောင့်နေတယ်။ ရေဆာလို့ ရေဝယ်တော့ ၁၀ တန်ကို ၅၀ ပေးရတယ် မြန်မာပြည်အတိုင်းပဲ။ အီဂျစ်မှာ ဝင်ကြေးတွေကို ခရက်ဒစ်ကဒ်နဲ့ ပေးရတယ်။ ငွေသားနဲ့ဆိုရင် ဝန်ထမ်းတွေ ခိုးမှာစိုးလို့။
တိုးဂိုက်က ဓာတ်ပုံတွေနဲ့ အသေအချာရှင်းပြတယ်။ Nasser ဆည်ဆောက်လိုက်လို့ ရေအောက်မြုပ်သွားတဲ့ ဘုရားကျောင်းကို မြေပြင်ပေါ်ရောက်ဖို့ ယူနက်စကိုက သန်းပေါင်းများစွာ အကုန်ခံပြီးလုပ်ပေးတယ်။ ရုပ်တုတွေဆိုရင်လည်း တပိုင်းစီဖြတ်ပြီး ဆက်ထားတာ။ ရှားပါးသမိုင်းဝင်အဆောက်အဦးတွေ ထိန်းသိမ်းထားလို့သာ ခုလိုမြင်တွေ့ရတာ။ ပင်လယ်ကျယ်တဲ့ဆည် ဟိုဖက်ကမ်းက ဆူဒန်နိုင်ငံ။ အထဲကို တိုးဂိုက်ဝင်ခွင့်မရှိလို့ ကိုယ့်ဘာသာ ဝင်လည်တယ်။ Abu Simbel အကြိုက်ဆုံးပဲ ရုပ်တုတွေ၊ နံရံကျောက်မှာ ထွင်းထားတဲ့ပုံတွေကို တခုချင်းစီ အသေးစိတ် သေချာလိုက်ကြည့်တာ။ အဝင်လမ်းအတိုင်း မဟုတ်ဘဲ အပြန်လမ်းက ထွက်ရတယ်။ အိမ်သာတခါဝင် အီဂျစ်ပေါင် ၅ ကျပ်။ အပြန်လမ်းမှာတွေ့ရတဲ့ အိမ်ခေါင်မိုးတွေက လုံးလုံးကြီးတွေမို့လို့ မေးကြည့်တော့ Nubian ရိုးရာအိမ်တဲ့။ ဒီဒေသက ကမ္ဘာပေါ်မှာ အပူဆုံးမို့ဒေသပါတဲ့။ ဟိုတယ်လမ်းထိပ်မှာ ချပေးတော့ လမ်းထိပ်ဆိုင်က ကြံရည်ဝယ်သောက်တယ်။ တခွက် အီဂျစ်ပေါင် ၂၀ သံပုသီးညှစ်ပေးရမလားတဲ့ ဟင့်အင်း။ သောက်ချင်လို့သာ သောက်လိုက်တာ ဝမ်းသွားမှာ စိတ်ပူရသေးတယ်။ ဝမ်းပိတ်ဆေးပါလာပေမဲ့ ဝမ်းသွားရင် အားကုန်ပြီး လူပင်ပန်းလို့။ နေ့လည်စာကို မနေ့ကကိုရီးယားလေးပြောတဲ့ဆိုင်မှာ သွားစားတယ်။
လူရှုပ်တဲ့လမ်းမကြီးက မသွားဘဲ လူကြားလေးကသွားတယ် ၃၅ မိနစ်လောက် လျှောက်ရတယ်။ မိန်းကလေးတွေစားတဲ့ အခန်းထဲချပေးတယ်။ အသားတခု၊ အရွက်သုတ်တခုမှာလိုက်တယ် ဟင်းတွေအများကြီးရောက်လာတယ်။ အသားတွေက စားကောင်းပေမဲ့ သိပ်မစားနိုင်။ ထမင်းက နဲနဲမာပေမဲ့ စားကောင်းတယ်။ နှမ်းဖတ်ချည်၊ ခရမ်းသီးတော်တော်သုံးတယ်။ ဘေးနိုင်ငံ လက်ဘနွန်၊ ဆီးရီးယားအစားအသောက်တွေလဲပါတယ်။ မျက်လုံးပေါ်တဲ့အမျိုးသမီးက ပြုံးပြတယ်။ မျက်နှာတခုလုံးဖုံးထားပြီး မျက်လုံးလေးပဲပေါ်တဲ့သူ ပြုံးတာဘယ်လိုသိလဲဆိုတော့ မျက်လုံးလေးက ပြုံးပြနေတယ်။ မိန်းကလေးတွေချည်းပဲ မျက်နှာဖွင့်စားလေလို့ အမူအယာနဲ့လုပ်ပြတော့ အပေါ်မှာကင်မရာရှိတယ်လို့ ထိုးပြတယ်။ နင်ဘယ်လိုစားလဲလို့ အမူအယာနဲ့မေးတော့ မျက်နှာကိုဖုံးထားတဲ့ အဝတ်စအောက်ကနေ စားတယ်တဲ့။ လက်ဟန်ခြေဟန်နဲ့ စကားပြောကြတာ ဟုတ်နေတာပဲ။ ဝိတ်တာလေးက အသားတွေထုတ်ပေးရမလားမေးတော့ ညနေစာ နံပြားပေါင်မုန့်ပဲ ယူခဲ့တော့တယ်။
အပြန်လမ်းမှာ နိုင်းမြစ်ဘေး လမ်းသွားလျှောက်တော့ လှေစီးမလား အတင်းခေါ်နေတာ။ ခေါင်းခါငြင်းပြလဲမရဘူး ကလေးတွေ အတင်းအနားကပ်ပြီး တဂျီဂျီလာပြောနေလို့ ရထားဘူတာရုံဆီပြန်တယ်။ လမ်းမှာ ကလေးတလျှောက် တစ်ရှူးလာရောင်းတယ်။ ခေါင်းခါပြလဲမရဘူး အတင်းရှေ့ကနေကွယ်ပြီး ရောင်းပြီး ပေါင်မုန့်ထုပ်ကို အတင်းဆွဲနေလို့ ခပ်လှမ်းလှမ်းမှာ ထိုင်နေပြီးကြည့်နေတဲ့ အမေဖြစ်သူကို နင့်ကလေး ဒီလိုလုပ်နေတာ နင်မပြောဘူးလားလို့ လှမ်းအော်လိုက်တယ်။ အမေလုပ်သူက ပြောလိုက်တော့မှ ကလေးက လမ်းဖယ်ပေးတယ်။ ပြောင်းဖူးမီးဖုတ်စားချင်တာတောင် စျေးမေးပြီး မစားတော့ဘူး။ တော်ကြာ ပြောင်းဖူးကို အတင်းလာတောင်းနေမှ။ သနားအောင်လုပ်ပြပြီးတောင်းရင် တော်သေးတယ်။ အဲ့လို အတင်းဓားပြတိုက်တာကို စိတ်တိုတာ။ ဟိုတယ်ပြန်ပြီး နားတာပဲကောင်းပါတယ်။ ဝိုင်းကိုပြောပြေတော့ Aswan ဖက်က ပိုဆင်းရဲတယ်။ သူ့စားစရာအိတ်ကိုလဲ တောင်းတာပဲတဲ့ ဒါပေမဲ့ အတင်းဓားပြတိုက်တာတော့ မဟုတ်ဘူးတဲ့။
Happy Traveling!
စန်းထွန်း
အောက်တိုဘာ ၁၁၊ ၂၀၂၅။
https://www.viator.com/tours/Aswan/day-tour-to-abusimble-private/d796-221454P2
the exiting stories belongs to the king Ramesses 2 and the second temple built to his beloved wife queen Nefrtari both carved out of the mountain in about 1300 B.C and how those two temples had been saved and relocated from being in danger of submerging by water from lack Nasser at 1964
နိုင်းမြစ်အလှကို အေးအေးဆေးဆေး မကြည့်နိုင်ဘူး..ဘုတ်စီးမလား အတင်းလာမေးကြလို့ ပြန်ပြေးရတယ် |
ကြံရည် |
No comments:
Post a Comment